ကွတ်ခိုင်မြို့နယ် ကောင်းခါးရွာနှင့် လွယ်ခမ်ကျေးရွာအနီးတစ်ဝိုက် မူးယစ်ဆေးဝါးချက်လုပ်သည့်လုပ်ငန်းတွင် လုပ်ကိုင်ခဲ့သူနှစ်ဦးကို ဖမ်းဆီးရမိပြီး ပိုင်ရှင်ဖြစ်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေဟုဆို

ကွတ်ခိုင်မြို့နယ် ကောင်းခါးရွာနှင့် လွယ်ခမ်ကျေးရွာအနီးတစ်ဝိုက် မူးယစ်ဆေးဝါးချက်လုပ်သည့်လုပ်ငန်းတွင် လုပ်ကိုင်ခဲ့သူနှစ်ဦးကို ဖမ်းဆီးရမိပြီး ပိုင်ရှင်ဖြစ်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေဟုဆို
Published 7 March 2020

ကွတ်ခိုင်မြို့နယ်တွင် သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးများ ချက်လုပ်သည့် လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ခဲ့သူနှစ်ဦးအား ဖမ်းဆီးရမိပြီး ပိုင်ရှင်ဖြစ်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကာ တရုတ်နိုင်ငံသား ၁၅၀ ကျော်ပါဝင်ခဲ့ကြောင်း မတ် ၅ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွယ်ခမ်ကျေးရွာအတွင်း မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများအား  ဖော်ထုတ်ဆောင်ရွက်ခဲ့ရာ ၎င်းနေရာများတွင် အလုပ်လုပ်ကိုင်ဖူးသည့် မန်ပြိန်းကျေးရွာနေ ဘောမ်တိမ်း (ဘ) ဦးကျန်းဘောမ်နှင့် ထန်ပေါင် (ဘ) ဦးဇုန်ထန်တို့နှစ်ဦးအား ပူးပေါင်းအဖွဲ့က မတ် ၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူနှစ်ဦးအား စိစစ်ဖော်ထုတ်ချက်များအရ မန်ပြိန်းကျေးရွာ၏ အနောက်ဘက် နှစ်မိုင်ခန့်အကွာ ဒေသအခေါ် ကြမ်းမလန်းတက်ရေချောင်းအနီးနှင့် ပတ်ဝန်းကျင်နေရာများသည် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးချက်လုပ်သည့်စက်ရုံပိုင်ရှင်မှာ ကွတ်ခိုင်မြို့ အမှတ်(၄)ရပ်ကွက်တွင် နေထိုင် သူ ဦးလျှိုပါ့ (ဘ) ဦးလျှိုအယ်ဖြစ်ကြောင်း၊ ၎င်းမှာ ၂၀၁၅ ခုနှစ်ခန့်တွင် ကွတ်ခိုင်မြို့ အမှတ် (၄) ရပ်ကွက်မှ ကွတ်ခိုင်မြို့နယ် လွယ်ခမ်ကျေးရွာ၊ ကချင်ရွာသစ် (တိုးချဲ့ကွက်သစ်)သို့ ပြောင်းရွှေ့လာခဲ့ပြီး မီးဖိုဆောင်နှင့် ကားဂိုဒေါင်ပါ RC တစ်ထပ်တိုက်တစ်လုံး ဆောက်လုပ်၍ မိသားစုသုံးဦး၊ လေးဦးခန့် နေထိုင်ကြောင်း၊ ကချင်ရွာသစ်တွင် RC တစ်ထပ်တိုက်၊ ကားဂိုဒေါင်နှင့် သုံးဧကခန့်ရှိ ငါးကန်ပါ ခြံဝန်း၌ မူးယစ်ဆေးဝါးချက်လုပ်သည့် တရုတ်ပညာရှင်များ၊ တရုတ်အလုပ်သမားများ နေထိုင်ကြောင်း၊ လွယ်ခမ်ရွာ၊ ကချင်ရွာသစ် (တိုးချဲ့ကွက်သစ်)တို့တွင် အလျားပေ ၃၀၀၊ အနံပေ ၂၀၀ ရှိ မြေကွက်အား ခြံစည်းရိုးကာရံ၍ ခြောက်ဘီးကား၊ ၁၂ ဘီးကား၊ တွဲကားများထားရှိပြီး စုစုပေါင်းနေအိမ်ပါ ခြံဝန်းနှစ်ခုနှင့် ခြံစည်းရိုးခတ်မြေကွက်တစ် ကွက်တို့အား ပိုင်ဆိုင်သူဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ၂၀၁၉ ခုနှစ် အောက်တိုဘာ လခန့်တွင် ဦးလျှိုပါ့၏ မန်နေဂျာဖြစ်သူ တရုတ်လူမျိုးတစ်ဦးက ဘောမ်တိမ်းအား တဲဆောက်ရန်အတွက် အလုပ်သမားအသစ်ခေါ်ယူသဖြင့် ဘောမ်တိမ်းက တစ်ရွာတည်းနေ ခင်မင်ရင်းနှီးသူ ထန်ပေါင်အား ခေါ်ဆောင်၍ မန်ပြိန်းကျေးရွာ၏ အနောက်ဘက်ရှိ မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာ သုံးနေရာ၌ မူးယစ်ဆေးဝါးစက်ရုံတည်ဆောက်ရန်အတွက် မြေညှိခြင်း၊  လူနေတဲများတည်ဆောက်ခြင်းနှင့် မူးယစ်ဆေးဝါးချက်စက်ရုံ တည်ဆောက်ခြင်းတို့အား  ကျန်သည့် တရုတ်လူမျိုးအလုပ်သမားများနှင့်အတူ ၁၇ ရက်ခန့် ဆောက်လုပ်ပေးခဲ့ရာ ၎င်းတို့နှစ်ဦးမှာ တစ်ရက်လျှင် လုပ်အားခ တစ်ဦးလျှင် ကျပ်၂၅၀၀၀ စီရရှိခဲ့ ကြောင်း၊ အဆောက်အအုံများ ဆောက်လုပ်ပြီးစီးသည့်နောက် ယုံကြည်မှုရရှိခဲ့ပြီး တရုတ်လူမျိုး ပေါလန်ဆိုသူက ၎င်းတို့နှစ်ဦးအား စက်ရုံလုပ်သားများအတွက် အသား၊ ငါးဝယ်ယူခြင်း၊ ကြက်၊ ဝက်များအား ရိက္ခာအတွက် သတ်ဖြတ်ပေးခြင်းနှင့် ကျွေးမွေးရေး တာဝန်တို့အား  လုပ်ကိုင်စေခဲ့ကြောင်းနှင့် ချက်ပြုတ်ရေးတာဝန်အား အသက်ကြီးပိုင်း တရုတ်လူမျိုးနှစ်ဦးက လုပ်ကိုင်ကြောင်း၊ မူးယစ်ဆေးဝါးစက်ရုံ သုံးနေရာတွင် တရုတ်လူမျိုး ၁၅၀ ကျော်ခန့်ရှိပြီး ၎င်းတို့နှစ်ဦးမှာ တစ်နေရာနှင့် တစ်နေရာ သွားလာ၍မရကြောင်း၊ မူးယစ်ဆေးဝါးစက်ရုံသုံးခုအား နှစ်လခွဲခန့် လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်ခန့် တရုတ်နှစ်ကူးမတိုင်ခင် စက်ရုံများ ပိတ်သိမ်းခဲ့သဖြင့် ၎င်းတို့နှစ်ဦးမှာ နေအိမ်သို့ပြန်ကာ မိသားစုနှင့်အတူ တောင်ယာလုပ်ငန်း ပြန်လည်လုပ်ကိုင်လျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အတူ စိစစ်ဖော်ထုတ်ချက်အရ ၎င်းနေရာအား လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက မတ် ၅ ရက် နံနက်ပိုင်းတွင် သွားရောက်ရှာဖွေစစ်ဆေးရာ နှစ်ဧက အကျယ်အဝန်းရှိ  မြေနေရာအတွင်း၌ လူနေတဲ အဆောက်အအုံပျက် ကိုးလုံး၊ စားချက်တဲ အဆောက်အအုံပျက်တစ်လုံးနှင့်အတူ ICE နှင့် စိတ်ကြွဆေးပြားချက်လုပ်သည့် စက်ရုံဟောင်းနေရာတစ်ခုအားလည်းကောင်း၊ တစ်ဧကအကျယ်အဝန်းရှိ မြေနေရာအတွင်း၌ ရေအားလျှပ်စစ် ဘွိုင်လာတစ်လုံး၊ အက်စစ်ပုံး ၁၅ လုံး၊ တိုင်ကီအလွတ် သုံးလုံးနှင့် ဘိန်းဖြူချက်လုပ်သည့် စက်ရုံဟောင်းနေရာတစ်ခုအားလည်းကောင်း၊ တစ်ဧကအကျယ်အဝန်းရှိ မြေနေရာအတွင်း၌ လူနေတဲအဆောက် အအုံပျက်ခုနစ်လုံး၊ စားချက်ဆောင် အဆောက်အအုံပျက် တစ်လုံးတို့အား  တွေ့ရှိရပြီး ၎င်းနေရာအား မြေညှိဖျက်ဆီးထားသည့် စက်ရုံဟောင်းနေရာတစ်ခုတို့အားလည်းကောင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။

အဆိုပါ ကောင်းခါးကျေးရွာနှင့် လွယ်ခမ်ကျေးရွာအနီးတစ်ဝိုက်၌ မူးယစ်ဆေးဝါးချက်လုပ်သည့် အဓိကတရားခံမှာ စက်ရုံပိုင်ရှင် ဦးလျှိုပါ့ဖြစ်ပြီး သတင်းပေါက်ကြားမှု မရှိစေရေးအတွက် နှစ်လခွဲခန့်သာ လုပ်ကိုင်၍ စက်ရုံဖျက်သိမ်းကာ ဆက်စပ်ပစ္စည်းများအား ၎င်းနေထိုင်သည့် လွယ်ခမ်ကျေးရွာတွင် သိုဝှက်ကာ မိသားစုနှင့်အတူ နေထိုင်လျက်ရှိရာမှ တပ်မတော်စစ်ကြောင်းများက မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများအား လိုက်လံရှင်းလင်းသည့် အချိန်တွင် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ဖမ်းဆီးရမိသူ နှစ်ဦးအား သက်ဆိုင်ရာသို့အပ်နှံ၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးချက်လုပ်သည့် အဓိကတရားခံအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent