ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး NLD ပါတီနှင့် တပ်မတော်ကြား သဘောတူသည့်အချက် မရှိဘဲ ကန့်ကွက်မှုများသာ ရှိနေသဖြင့် နှစ်ဖက်စေ့စပ်ညှိနှိုင်း ဆောင်ရွက်ကြရန် တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များ လိုလား

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး NLD ပါတီနှင့် တပ်မတော်ကြား သဘောတူသည့်အချက် မရှိဘဲ ကန့်ကွက်မှုများသာ ရှိနေသဖြင့် နှစ်ဖက်စေ့စပ်ညှိနှိုင်း ဆောင်ရွက်ကြရန် တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များ လိုလား
Published 6 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး NLD ပါတီနှင့် တပ်မတော်ကြား သဘောတူသည့်အချက်မရှိဘဲ ကန့်ကွက်မှုများသာ ရှိနေသဖြင့် နှစ်ဖက်စေ့စပ်ညှိနှိုင်း ဆောင်ရွက်ကြရန် တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ််သက်ပြီး NLD ပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ်များ၏ လွှတ်တော်အတွင်း ဆွေးနွေးခဲ့မှုများအပေါ် တိုင်းရင်းသားပါတီများ ဖြစ်သည့် ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်တို့က မတ်လ ၅ ရက်တွင် မီဒီယာများ၏ မေးမြန်းမှုကို ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“NLD ကတော့ ဒီမိုကရေစီနဲ့ လွှတ်တော်ထဲမှာ တပ်မတော်သား ပါဝင်လျှော့ချစေချင်လို့ အဲဒါတွေကို ပြင်ဆင်တယ်။ တပ်မတော်ကတော့ ပုဒ်မ ၂၀ (စ) အရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရမယ် ဆိုတဲ့ဘက်က ရပ်တည်တယ်။ အချုပ်အခြာအာဏာဘက်က ရပ်တည်တယ်။ အဲဒီအခါကျတော့ သူတို့နှစ်ခုက တစ်ယောက်နဲ့ တစ်ယောက် ခြေလှမ်းပြိုင်တူလျှောက်တယ်။ ညီညီညာညာ မသွားနိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်က နေ့တိုင်းပဲ ကန့်ကွက်နေကြတယ်။ သူတို့ဒီလိုလုပ်တဲ့ သူတို့ရင်ထဲမှာလည်း စိတ်ခံစားမှုတွေ များလာနိုင်တယ်။ အမှန်ကတော့ NLD ဆိုတာလည်း ဗဟိုချုပ်ကိုင်မှုနဲ့သွားတယ်။ တပ်မတော်ဆိုတာလည်း ဗဟိုချုပ်ကိုင်မှုသွားတာ အဲဒီခေါင်းဆောင်နှစ်ယောက် ဆွေးနွေးလိုက်ရင် ပြီးမယ့်ကိစ္စ အဲဒီအခြေအနေကို မရောက်ဘူး။ ဒီလိုပဲ ပြောရင်းပြောရင်း ဖွဲ့စည်းပုံပြင်ဆင်ရေးက ပြည်သူတွေကြားမှာ စိတ်ပျက်စရာ ဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ တိုင်းရင်းသားတွေ ဖြစ်တဲ့အတွက် ဖက်ဒရယ် ရရှိရေးကို မူတည်ပြီးတော့ ဆွေးနွေးတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အစုအဖွဲ့က အဓိက အဆုံးအဖြတ် မဟုတ်ဘူး။ ဒီနှစ်ဖွဲ့ရဲ့ အဆုံးအဖြတ်က အဓိကပါ။ အခုညီညီညာညာနဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်မယ်ဆိုရင်တော့ ဖြစ်သင့်သလောက် ရသင့်သလောက် ရလဒ်ရလာမှာပါ။ အခုအခြေအနေမျိုးမှာတော့ ရလဒ်ကောင်းရဖို့ မမျှော်လင့်ဘူး” ဟု ဦးဖေသန်းက ပြောကြားသည်။

ယင်းကဲ့သို့ တစ်ဦးနှင့်တစ်ဦး အထိအရှမခံ ဖြစ်နေသဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ကောင်းမွန်သည့်ရလဒ် ရရှိရေးကို မမျှော်လင့်ကြောင်း ဦးဖေသန်းက ပြောကြားသည်။

ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းသီဟကျော်က NLD ပါတီနှင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရန် ဆွေးနွေးညှိနှိုင်းရမည် ဖြစ်ကြောင်း ပြောကြားသည်။

“တပ်က မထောက်ခံရင် ဖွဲ့စည်းပုံမပြင်နိုင်ဘူးလို့ ပြောတယ်။ ဒါဆိုရင် တပ်က ပြင်ဆင်တဲ့ အပိုဒ်တွေကျတော့ရော ဘယ်သူက ကန့်ကွက်နေတာလဲ။ ၇၅ ရာခိုင်နှုန်းအထက် ရအောင် ဘယ်လိုလုပ်မလဲ ဒီလိုတွေရှိတယ်။ အဓိကကတော့ ၇၅ ရာခိုင်နှုန်း ထောက်ခံမှပဲရမှာ မဟုတ်လား။ ဆွေးနွေးညှိနှိုင်းတဲ့နည်း ဒါမှမဟုတ်လည်း မဲဆွယ်တဲ့နည်းပေါ့။ လွှတ်တော်ထဲမှာ မဲဆွယ်ရမှာပေါ့။ ကိုယ့်အပိုဒ်ပြင်ခွင့်ရအောင် ကျွန်တော့်ကို ဝိုင်းထောက်ခံပါ။ ဒီအစုအဖွဲ့က ကျွန်တော်တို့ကို ထောက်ခံပါ။ ဒီအပိုဒ်ကကောင်းတယ်။ ဒီလိုပြင်လိုက်ရင် ဘာတွေအကျိုးကျေးဇူး ရလာမယ်။ ဒီလိုလုပ်ရင် ဖွဲ့စည်းပုံကြီး ဘယ်လောက်ထိ ခိုင်မာလာမယ်။ ဖက်ဒရယ်အဆင့်ကို ဘယ်လောက်အထိသွားမယ်။ တိုင်းရင်းသားတွေအတွက် ဘယ်လောက် အကျိုးကျေးဇူးရှိမယ်။ ဒါကြောင့် ဒါကို ကျွန်တော်တို့ ဝိုင်းထောက်ခံသင့်တယ်။ ဒီလိုပြင်သင့်ပါတယ် ဆိုပြီးတော့ ဒီလိုမျိုးသွားရမယ်။ ဒီလိုမျိုး မဟုတ်ဘဲနဲ့ ကိုယ့်အမြင်နဲ့ ကိုယ်ပြောကြားတယ်။ စေ့စပ်ညှိနှိုင်းမှု လုံးဝမရှိဘူးဆိုရင် ဖွဲ့စည်းပုံက ပြင်ဖို့တော်တော်လေး ခက်ခဲပါတယ်။ အဲဒီတော့ ကျွန်တော်တို့ စဉ်းစားရင် ၄၃၆ ကိုပဲ စဉ်းစားရမယ်။ ဖြစ်သင့်တာကတော့ ၄၃၆ ကြီးကို ပြင်ဖို့အတွက် ၇၅ ရာခိုင်နှုန်းအထက်ရအောင် ဘယ်လိုစည်းရုံးကြမလဲ။ ဘယ်လိုမဲဆွယ်မလည်း ဒါကပိုပြီးအရေးကြီးတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေ သဘောထားတင်းတယ်ဆိုရင် သူတို့ပျော့လာအောင် ဘယ်လိုသွားပြီး စေ့စပ်ညှိနှိုင်းကြမလဲ။ သူတို့လက်ခံလာအောင် ဘယ်လိုပြောမလဲ။ ဒီလိုပဲ တပ်ကလည်း သူတို့ပြင်ချင်တဲ့ အပိုဒ်တွေကို တခြားသော နိုင်ငံရေးပါတီတွေက လက်ခံလာအောင် ဘယ်လိုပြောဆို စည်းရုံးမလဲ။ အခုက ပြောဆိုစည်းရုံးမှုတွေ မရှိကြဘဲနဲ့ တိုက်ခိုက်နေတဲ့ အတွက်ကြောင့် ဘယ်လိုမှ မဖြစ်လာနိုင်ဘူး” ဟု ဦးစိုင်းသီဟကျော်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းများကို ဆွေးနွေးသည့် အစည်းအဝေး ရက်တိုင်းတွင် ဥပဒေနှင့် ညီညွတ်မှု မရှိဟုဆိုကာ NLD ပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကြား တစ်ဖက်နှင့်တစ်ဖက် ကန့်ကွက်တင်ပြမှုများ ရှိခဲ့သည်။

 

Most Read

Most Recent