နိုင်ငံရေးတည်ငြိမ်နေပါက နိုင်ငံရေးပါတီ အသစ်များ ပေါ်ပေါက်လာစရာ အကြောင်းမရှိဟုပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား

နိုင်ငံရေးတည်ငြိမ်နေပါက နိုင်ငံရေးပါတီ အသစ်များ ပေါ်ပေါက်လာစရာ အကြောင်းမရှိဟုပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 4 March 2020
ဘိုဘိုမြင့်

နိုင်ငံရေးတည်ငြိမ်နေပါက နိုင်ငံရေးပါ တီအသစ်များပေါ်ပေါက်လာစရာအကြောင်း မရှိဟု ပြည်သူ့ရှေ့ဆောင်ပါတီဒုတိယဥက္ကဋ္ဌ ဦးကျော်ဇေယျက မတ် ၁ ရက်က သထုံမြို့နယ် သုဓမ္မဝတီမြို့သစ်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့ ရှေ့ဆောင်ပါတီ သထုံမြို့နယ်ရုံးခွဲဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားတွင် ပြော ကြားသည်။

“တကယ်တမ်းကျတော့ စားဝတ်နေရေး၊ စီးပွားရေးမကောင်းဘူး။ မိသားစုစီးပွားရေး မကောင်းတဲ့အခါကျတော့ နိုင်ငံရေးအရ မတည်ငြိမ်ဘူးလို ့ဆိုရမှာပေါ့။ နိုင်ငံရေးတည် ငြိမ်နေရင် ပြည်သူ့ရှေ့ဆောင်ပါတီ ပေါ်လာစ ရာအကြောင်းမရှိဘူး။ ပြည်သူ့ပါတီပေါ်လာ စရာအကြောင်းမရှိဘူး။ ပြည်ထောင်စုအကျိုး ဆောင်ပါတီပေါ်လာစရာ အကြောင်းမရှိဘူး”ဟု ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

၎င်းက ဆက်လက်ပြီး “စီးပွားရေးကောင်းရင် နိုင်ငံရေးတည်ငြိမ်တယ်။ နိုင်ငံရေးတည်ငြိမ်မှ စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေးရမယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှ တရားဥပဒေစိုးမိုးမယ်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ များနေရင် တရားဥပဒေစိုးမိုးမှုမရှိနိုင်ဘူး။ တရားဥပဒေစိုးမိုးမှ စီးပွားရေးလုပ်လို့ကိုင်လို့ ကောင်းမှာပေါ့။ နယ်စပ်ဒေသတွေမှာ တရား ဝင်ကုန်သွယ်ရေးထက် တရားမဝင်ကုန်သွယ် ရေးက များနေတယ်။ အဲဒီအပြင် အလုပ်သမား တွေအနေနဲ့ကလည်း တစ်ဖက်နိုင်ငံတွေမှာ တရားမဝင် သွားအလုပ်လုပ်နေရတယ်။ တ ရားမဝင်သွားတော့ ခံစားခွင့်တွေမရကြဘူး။ ကျွန်တော်ပြောချင်တာက စီးပွားရေးကောင်း မှဖြစ်မယ်။ စီးပွားရေးကောင်းမှ နိုင်ငံရေးတည် ငြိမ်မယ်။ နိုင်ငံရေးတည်ငြိမ်မှ ငြိမ်းချမ်းရေးဆိုတာကြီးလည်းရနိုင်မယ်။ ငြိမ်းချမ်းရေးရမှ တကယ်စစ်မှန်တဲ့ တရားဥပဒေစိုးမိုးမှုတွေရှိ မယ်။ တရားဥပဒေစိုးမိုးမှ စီးပွားရေးတွေလုပ် လို့ကိုင်လို့ကောင်းမယ်။ စီးပွားရေးတကယ် ကောင်းရင် လူမှုဘဝသာယာမှာပါ။ အဲဒါ ကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီရဲ့မူဝါဒတွေ ရဲ့ အဓိကအနှစ်သာရက တိုင်းပြည်စီးပွားရေး ကောင်းအောင် ကျွန်တော်တို့ ကြိုးစားသွားပါ မယ်။ နည်းလမ်းတွေကိုလည်း တကယ့်ကိုပညာ ရှင်တွေနဲ့တိုင်ပင်ပြီးတော့ ရေးဆွဲထားတဲ့ ဥပဒေသတွေဖြစ်ပါတယ်”ဟု ပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီကို ခိုင်မာသော နိုင်ငံရေးမူဝါဒ၊ စီးပွားရေးမူဝါဒ၊ လူမှုရေးမူဝါ ဒများချမှတ်ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ နိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ၊ မိမိတို့အ နေဖြင့် ပါတီရေရှည်ရပ်တည်ရေးကိုအဓိကဦး တည်ထားကြောင်း၊ ဒုတိယအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ နိုင်သ လောက်၊ အင်အားရှိသလောက် လွှတ်တော် ထဲကိုဝင်ပြီး အာဏာရပါတီမဟုတ်သေးဘူး ဆိုပါလျှင်လည်း အာဏာရပါတီကို ဝေဖန်ခြင်း၊ ထောက်ပြခြင်းနှင့် အားနည်းချက်များကို ပြော ဆိုသွားမည်ဖြစ်ကြောင်း ဦးကျော်ဇေယျက ဆိုသည်။

“အဓိကကတော့ မဲပေးတဲ့နေ့မှာ မဲရုံကို လာဖို့ပါပဲ။ ၁၈ နှစ်ပြည့်တယ်။ မဲပေးခွင့်ရှိတယ်ဆိုရင် မဲရုံကိုသွားကြပါ။ ဒါ နိုင်ငံအရေးပဲ။ ငါတို့အရေးပဲ။ ငါတို့ရဲ့ အနာဂတ်မျှော်လင့်ချက်တွေ၊ ငါတို့ရဲ့ သားစဉ်မြေးဆက်တွေ ကြီး ပွားဖို့တိုးတက်ဖို့၊ စားဝတ်နေရေး၊ လူမှုရေးတွေ တိုးတက်ဖို့ မဲပေးဖြစ်အောင်ပေးကြပါ။ မဲပေးတဲ့နေရာမှာလည်း လူတွေကိုကြည့်ပါ။ ပါတီကိုလည်း ကြည့်ပါ။ အတော်ဆုံးလူတွေကို မဲပေးပါ။ ပြည်သူ့ရှေ့ဆောင်ပါတီက လူတွေ မတော်ရင် ပေးစရာမလိုဘူး”ဟုဦးကျော်ဇေယျက ဆက်လက်ပြောကြားသည်။

 

 

Most Read

Most Recent