ပါတီခွင့်ပြုချက်မရှိဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ဆုံသည့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အား ရခိုင်အမျိုးသားပါတီ အရေးယူမည်

ပါတီခွင့်ပြုချက်မရှိဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ဆုံသည့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အား ရခိုင်အမျိုးသားပါတီ အရေးယူမည်
Published 3 March 2020
ဉာဏ်လင်းထွန်း

ပါတီ၏ခွင့်ပြုချက်မရှိဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အား သင့်လျော်သည့် အရေးယူမှု တစ်စုံတစ်ရာပြုလုပ်ရန် ရခိုင်အမျိုးသားပါတီက ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဦးဇော်အေးမောင် သွားရောက်တွေ့ဆုံမှုသည် ပါတီထံ ကြိုတင်တင်ပြခြင်းမရှိသောကြောင့် ပါတီစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူရန် ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောကြားသည်။

“ဘယ်အဆင့်က ပါတီဝင်ပဲဖြစ်ဖြစ် စည်းကမ်းကိုဖောက်ဖျက်ရင်တော့ ကျွန်တော်တို့မှာ သတ်မှတ်ထားတဲ့အတိုင်း စည်းကမ်းနဲ့ ငြိရင်တော့ စည်းကမ်းအရ ခေါ်ယူပြီး အရေးယူရမှာပဲလေ” ၎င်းက ဆိုသည်။

ထိုသို့အရေးယူခြင်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခြင်းကြောင့် မဟုတ်ဘဲ မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်နှင့် တွေ့ဆုံသည်ဖြစ်စေပါတီကို ကြိုတင်အသိပေးတင်ပြရမည်ဆိုသည့် ပါတီစည်းကမ်းအား ဖောက်ဖျက်ခြင်းကြောင့်ဟု ၎င်းက ရှင်းပြသည်။

“တပ်ချုပ်နဲ့မို့ဆိုပြီး မဟုတ်ဘူး။ ကျွန်တော်တို့  CEC (ဗဟိုအလုပ်အမှုဆောင်အဖွဲ့)ဆုံးဖြတ်ချက်က အစိုးရနဲ့ဖြစ်ဖြစ် နိုင်ငံတော်အကြီးအကဲတစ်စုံတစ်ရာနဲ့ဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတွေနဲ့ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပါတီတွေနဲ့ပဲဖြစ်ဖြစ် ကျွန်တော်တို့ပါတီအနေနဲ့ တွေ့မယ်ဆိုရင် ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ အဆုံးအဖြတ်ကို ရယူရမယ်” ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ဦးဇော်အေးမောင်၏ ဖြေရှင်းချက်အပေါ်မူတည်၍ ပြင်းပြင်းထန်ထန်သတိပေးခြင်း၊ ပါတီတာဝန်လျှော့ချခြင်း၊ ပါတီမှ ထုတ်ပယ်ခြင်း စသည်တို့အနက် မည်သည့်အရေးယူမှုမျိုးဖြင့် ဆောင်ရွက်သင့်သည်ကို ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆောင်ရွက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အတည်ပြုမည်ဟု ၎င်းက ပြောကြားသည်။

“ဘယ်တော့ အရေးယူမလဲဆိုတာက ပါတီတွင်းကိစ္စပါ။ ဘယ်တော့လုပ်မလဲဆိုတာ သင့်တော်တဲ့အချိန်မှာ လုပ်မှာပေါ့” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကို မတ် ၃ ရက် မွန်းလွဲပိုင်းက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ခန်းမတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဆောင်သော စစ်တွေ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ လာရောက်တွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ယင်းသို့တွေ့ဆုံမှုတွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ပြီးစီးသည့် သာသနာ့ဗိမာန်တော်ကြောင့် ရခိုင်ပြည်နယ်ရှိ စာဖြေသံဃာများအတွက် ပရိယတ္တိစာမေး ပွဲများကျင်းပနိုင်ခြင်း၊ ဓမ္မသဘင်များ ကျင်းပနိုင်ခြင်း၊ အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံတို့တွင် ဗုဒ္ဓဘာသာထွန်းကားရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော ကမ္ဘာ့သာသနာပြု ဆရာတော်ကြီး ဦးစန္ဒြာမဏိ၏ ကြေးရုပ်တုတည်ထားရန် တပ်မတော်၏လှူဒါန်းမြေတွင် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေသတည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent