ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသည့်ဒေသများတွင် မတ် ၈ ရက်အထိ အားကစားပြိုင်ပွဲများမကျင်းပရန် အီတလီအစိုးရက ညွှန်ကြားချက်ထုတ်ပြန်ထားပြီး အတ္တလန္တာ-လာဇီယို၊ ဘိုလော့ဂ်နာ-ဂျူဗင်တပ်စ်၊ အင်တာမီလန်-ဆာဆူအိုလို၊ ဗီရိုနာ-နာပိုလီပွဲစဉ်များ ပါဝင်နေ

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသည့်ဒေသများတွင် မတ် ၈ ရက်အထိ အားကစားပြိုင်ပွဲများမကျင်းပရန် အီတလီအစိုးရက ညွှန်ကြားချက်ထုတ်ပြန်ထားပြီး အတ္တလန္တာ-လာဇီယို၊ ဘိုလော့ဂ်နာ-ဂျူဗင်တပ်စ်၊ အင်တာမီလန်-ဆာဆူအိုလို၊ ဗီရိုနာ-နာပိုလီပွဲစဉ်များ ပါဝင်နေ
Photo: Dailytimes.com.pk
Photo: Dailytimes.com.pk
Published 3 March 2020

 

ကိုရိုနာဗိုင်းရပ်စ် (Covid-19) ဖြစ်ပွားနေသည့်ဒေသများတွင် မတ် ၈ ရက်အထိ အားကစားပြိုင်ပွဲများမကျင်းပရန် အီတလီအစိုးရက ညွှန်ကြားချက်အသစ်ထုတ်ပြန် လိုက်သောကြောင့် လာမည့်တစ်ပတ် စီးရီးအေပွဲစဉ်များဖြစ်သည့် အတ္တလန္တာ-လာဇီယို၊ ဘိုလော့ဂ်နာ-ဂျူဗင်တပ်စ်၊ အင်တာမီလန်-ဆာဆူအိုလို၊ ဗီရိုနာ-နာပိုလီပွဲများ ပါဝင်နေ ကြောင်း သိရသည်။

အီတလီနိုင်ငံမှာ ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်ပြီး မတ် ၁ ရက်အထိစာရင်းများအရ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုထားသူ ၁၇၀၀ နီးပါး နှင့် သေဆုံးသူ ၃၄ ဦးအထိ မြင့်တက်လာကြောင်း သိရသည်။ 

သို့ဖြစ်ရာ အီတလီအစိုးရက မြောက်ပိုင်းဒေသများဖြစ်သည့် လွန်ဘာဒီ၊ ဗန်နီတို၊ အီမီလီယာရိုမာညာတို့အပြင် လီဂူရီယာနှင့် လီမာခီဒေသများတွင်ပါ မတ် ၈ ရက်အထိ မည်သည့်အားကစားပြိုင်ပွဲမျှ ကျင်းပခြင်းမပြုရန် မတ် ၁ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ယင်းညွှန်ကြားချက်ကြောင့် လာမည့်တစ်ပတ် စီးရီးအေပွဲစဉ် (၂၇) မှ အတ္တလန္တာ-လာဇီယို၊ ဘိုလော့ဂ်နာ-ဂျူဗင်တပ်စ်၊ အင်တာမီလန်-ဆာဆူအိုလို၊ ဗီရိုနာ-နာပိုလီပွဲများကို ရွှေ့ဆိုင်းခြင်း (သို့ မဟုတ်) ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခြင်း ပြုလုပ်ရဖွယ်ရှိနေသည်။ 

ကိုရိုနာဗိုင်းရပ်စ် ကြောင့် ပွဲစဉ် (၂၅) မှ အတ္တလန္တာ-ဆာဆူအိုလို၊ အင်တာမီလန်-ဆမ်ဒိုးရီးယား၊ ဗီရိုနာ- ကာဂလီယာရီ၊ တိုရီနို-ပါးမား စသည့်လေးပွဲ နှင့် ပွဲစဉ် (၂၆) မှ ဆာဆူအိုလို-ဘရက်စီယာ၊ အူဒီးနီးစ်-ဖီအိုရင်တီးနား၊ အေစီမီလန်-ဂျီနိုအာ၊ ဆမ်ဒိုးရီးယား-ဗီရိုနာ၊ ဂျူဗင်တပ်စ်-အင်တာမီလန်၊ ပါးမား-SPAL စသည့်ခြောက်ပွဲ ရွှေ့ဆိုင်းခဲ့ရသဖြင့် နှစ်ပတ်အတွင်း စုစုပေါင်း  ၁၀ ပွဲအထိ ရွှေ့ဆိုင်းထားရပြီဖြစ်သည်။ 

မတ် ၂ ရက် (တနင်္လာနေ့) တွင်ကစားရမည့် ဆမ် ဒိုးရီးယား-ဗီရိုနာပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည်ဖြစ်ကြောင်း လီဂူရီယာဒေသအစိုးရက မတ် ၁ ရက် ညပိုင်းတွင် ကြေညာထားသော်လည်း နာရီပိုင်းအကြာမှာပင် လီဂါစီးရီးအေက အခြားပွဲစဉ်များကဲ့သို့ မေ ၁၃ ရက်သို့ ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။

စီးရီးအေကလပ်အသင်းများသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲစဉ်များ ရွှေ့ဆိုင်းနေရခြင်းနှင့်ပတ်သက်၍ မတ် ၄ ရက်တွင် အရေးပေါ်အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 

ကလပ်အသင်းအများစုက ယခုတစ်ပတ်ရွှေ့ဆိုင်းရသည့်ပွဲစဉ်များကို မေ ၁၃ ရက်တွင် တစ်ရက်တည်း ယှဉ်ပြိုင်ကစားစေ ခြင်းအပေါ် ကန့်ကွက်မှုများရှိနေပြီး မျှတမှု မရှိသည့်အခြေအနေဖြစ်လာနိုင်သဖြင့် စိုးရိမ်မှုများလည်း ဖြစ်ပေါ်နေသည်။ 

ဂျူဗင် တပ်စ်၊ အင်တာမီလန်၊ နာပိုလီ၊ အတ္တလန္တာ၊ ရိုးမား စသည့်အသင်းများမှာ ဥရောပပြိုင်ပွဲများ ယှဉ်ပြိုင်နေရသဖြင့် ပွဲစဉ်ရွှေ့ဆိုင်းရာတွင် အခက်အခဲရှိသလို နွေရာသီ၌ ယူရို-၂၀၂၀ ပြိုင်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် ရာသီပြီးဆုံးချိန်ကို နောက်သို့ရွှေ့ဆိုင်းရန် မဖြစ်နိုင်သည့်အခြေအနေများကို ဆွေးနွေး ကြမည်ဖြစ်သည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် MotoGP ဆိုင်ကယ်စီးပြိုင်ပွဲ၏ ရာသီအဖွင့်ပွဲစဉ် နှစ်ပွဲဖြစ်သည့် ကာတာဂရင်းပရီ (မတ် ၈ ရက်) နှင့် ထိုင်းဂရင်းပရီ (မတ် ၂၂ ရက်) ပြိုင်ပွဲ များကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရ သည်။

 

Most Read

Most Recent