ကွန်ပနီအား နည်းပြသစ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်း ရွေးချယ်ခဲ့ခြင်းကို ကစားသမားဟောင်းများဖြစ်သည့် ဖိလစ်လမ်းနှင့် ပါပင်တို့ ထောက်ခံ

ကွန်ပနီအား နည်းပြသစ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်း ရွေးချယ်ခဲ့ခြင်းကို ကစားသမားဟောင်းများဖြစ်သည့် ဖိလစ်လမ်းနှင့် ပါပင်တို့ ထောက်ခံ
Photo: X
Photo: X
Published 27 May 2024

ဘိုင်ယန်မြူးနစ်အသင်း၏ ကစားသမားဟောင်းများဖြစ်သည့် ပြင်သစ်တိုက်စစ်မှူး ပါပင်နှင့် ဂျာမန်နောက်ခံလူ ဖိလစ်လမ်းတို့သည် ကွန်ပနီအား နည်းပြသစ်အဖြစ် ခန့်အပ်ရန် ရွေးချယ်ခဲ့ခြင်းကို ထောက်ခံခဲ့ကြကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် နည်းပြ သောမတ်စ်တူဟယ်လ်နှင့် လမ်းခွဲပြီးနောက် ဘန်လေနည်းပြ ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဘယ်လ်ဂျီယံလက်ရွေးစင်ဟောင်း ကွန်ပနီအတွက် ဘန်လေအသင်းထံ လျော်ကြေး ယူရို(၁၂)သန်း ပေးချေခဲ့ရပြီး (၃)နှစ် စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွန်ပနီသည် ၂၀၂၃-၂၄ ဘောလုံးရာသီတွင် ဘန်လေအသင်းနှင့်အတူ ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရသည့်အတွက် ၎င်းအား နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းကို ဘိုင်ယန်မြူးနစ်အသင်း၏ ဘုတ်အဖွဲ့အတွင်းမှာပင် အလိုမကျသူများ ရှိနေကြောင်း သိရသည်။

ကွန်ပနီကို မလိုလားသူများက နည်းပြဟောင်း ဟန်ဆီဖလစ်ခ်ကို ပြန်လည်ခန့်အပ်ရန် တိုက်တွန်းခဲ့သူများ ဖြစ်ကြောင်း သိရသည်။

ဖိလစ်လမ်းကမူ ''ကျွန်တော့်အတွက်တော့ သူက နည်းပြတစ်ယောက်အနေနဲ့ သင့်လျော်တဲ့ မှတ်တမ်းရှိသူပါပဲ။ သူက အမြင့်ဆုံးအဆင့်မှာ ကစားခဲ့တဲ့သူ၊ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့သူ၊ ဂွါဒီယိုလာဆီက သင်ယူခဲ့ရတဲ့သူပါ။ ဒါကြောင့် သူ့မှတ်တမ်းက မှန်ကန်ပါတယ်။ ဒါပေမဲ့ လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အနေအထားအရ ကိုယ့်ကိုယ်ကို အရင်ဆုံးသက်သေပြဖို့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။

ပါပင်ကလည်း ''ကျွန်တော်တော့ မအံ့သြပါဘူး။ ဘိုင်ယန်မြူးနစ်အသင်းမှာ ဘာအခွင့်အရေးမှ မရှိပါဘူး။ သူတို့က ယန္တရားအသစ် စတင်ချင်နေတာပါ။ သူတို့က လူငယ်နည်းပြနဲ့ အသင်းသစ်ဖွဲ့စည်းရမှာပါ။ ကွန်ပနီက ဒီအတွက် သက်သေပြထားပြီးပါပြီ။ ဒီရွေးချယ်မှုကို ကျွန်တော်  ထောက်ခံပါတယ်''ဟု ဆိုခဲ့သည်။

Most Read

Most Recent