NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တစ်ဦးတည်းကိုသာ CEC အစည်းအဝေး ဆုံးဖြတ်ချက်အရ တာဝန်ပေး

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တစ်ဦးတည်းကိုသာ CEC အစည်းအဝေး ဆုံးဖြတ်ချက်အရ တာဝန်ပေး
သတင်းထောက်များ၏ မေးမြန်းမှုကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြန်လည်ဖြေကြားစဉ်
သတင်းထောက်များ၏ မေးမြန်းမှုကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြန်လည်ဖြေကြားစဉ်
Published 1 March 2020
အောင်မင်းသိန်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပါတီဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သော မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တစ်ဦးသာ တာဝန်ပေးအပ်တော့မည် ဖြစ်ကြောင်း ပါတီ၏ CEC အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မတ် ၁ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ (၂) တွင် ကျင်းပသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး (CEC) တွင် ယခင်က ပါတီပြောရေးဆိုခွင့် ရှိသူများအဖြစ် ဒေါက်တာဇော်မြင့်မောင်နှင့် ဒေါက်တာမျိုးညွန့်တို့ နှစ်ဦးအား ပေးထားရာမှ ဒေါက်တာဇော်မြင့်မောင် တစ်ဦးတည်းကိုသာ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပါတီတွင်းကိစ္စတွေပဲ ကျွန်တော်တို့ ဆွေးနွေးတာပါ။ သုတေသန လုပ်ငန်းတို့၊ ရန်ပုံငွေကိစ္စတို့၊ အလုပ်သမားရေးရာတို့၊ ဘာတို့ ဒါတွေ အကုန်ဆွေးနွေးပါတယ်။ ထူးခြားတာ တစ်ခုပဲရှိတယ်။ အဲဒါကတော့ ဒီနေ့ ကျွန်တော်က ဆရာဇော်မြင့်မောင်ကိုယ်စား ကြေညာချက်ထုတ်တာ။ ကျွန်တော်တို့အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူအဖြစ် ဒေါက်တာဇော်မြင့်မောင် တစ်ယောက်ပဲ လုပ်တော့မယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ပါတီ၏ ကိစ္စရပ်များနှင့် ပတ်သက်၍ နောက်ပိုင်းတွင် ဒေါက်တာဇော်မြင့်မောင်ကသာ ပြောဆိုတော့မည်ဖြစ်ပြီး ၎င်း၏ကျန်းမာရေး အခြေအနေအရ သတင်းစကား ပြောခြင်းသာ ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

CEC အပြောင်းအလဲရှိတယ်ဆိုတာ ဟုတ်ပါသလားဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို “မရှိပါဘူးခင်ဗျ။ အခုက ပြောရေးဆိုခွင့်ရှိသူကတော့ အရင်နှစ်ယောက်ရှိတာကနေ တစ်ယောက်ပဲ အခု တာဝန်ပေးတော့တယ်။ ဒါပဲ။ (ဘာကြောင့်လို့ ပြောလို့ရလဲ)။ ဒါကတော့ ကျွန်တော်တို့ CEC ဆုံးဖြတ်ချက်အရပါ။ ဘာကြောင့် ဆိုတာတော့ ကျွန်တော် ပြောလို့မရပါဘူး။ (ကြားသိရတာကတော့ ဦးကိုနီကိစ္စတုန်းက ပြောခဲ့တာတွေကြောင့်) ဘာမှ ကျွန်တော်ပြောလို့ မရပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြန်လည်ဖြေကြားသည်။

ဒီနေ့ နောက်ဆုံးပြောရေးဆိုခွင့်နေ့ပေါ့ ဆိုသည့် မေးမြန်းမှုကို “ပြောရေးဆိုခွင့်နေ့တောင် မဟုတ်ဘူး။ ဒီနေ့လည်း ကျွန်တော်ပြောခွင့် မရှိတော့ဘူး။ နောင်ကို ဆရာဇော်မြင့်မောင်ပဲ ပြောမယ်ဆိုတဲ့ အကြောင်းကို ကြေညာပေးတာပါ။ အထူးသဖြင့်တော့ ဒီလိုအစည်းအဝေး အပြီးတွေမှာ တွေ့မှာပါ။ (CEC က တချို့လည်း ကျန်းမာရေးအရ အနားယူမယ်လို့ ကြားနေရတယ်) မဟုတ်ပါဘူး။ ဒါတော့ လုံးဝမဟုတ်ပါဘူး” ဟု ဒေါက် တာမျိုးညွန့်က ပြောကြားသည်။

နေပြည်တော်တွင် ကျင်းပသည့် CEC အစည်းအဝေးအပြီး ၎င်းအနေဖြင့် ဆေးကုသနေဆဲဖြစ်ပြီး ကင်ဆာဆေး ငါးကြိမ်သွင်းပြီး ဖြစ်ကြောင်းနှင့် ဆက်လက်၍ ဆေးသွင်းရဦးမည် ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ဒေါက်တာဇော်မြင့်မောင်က “ကျွန်တော် ကောင်းတဲ့အချိန်လေးတွေမှာ CEC လာတက်မှာပါ။ တက်နိုင်တဲ့ အချိန်မှာ CEC တက်သလို အစိုးရရဲ့ တာဝန်ကို နည်းနည်း ပြန်တာဝန်ယူတာ တွေရှိတယ်။ အခုဟာကတော့ နောက်ပိုင်း ရွေးကောက်ပွဲနဲ့ ပတ်သက်ရင်တော့ Spokesperson (ပြောရေးဆိုခွင့်ရှိသူ) က ကျွန်တော်ဖြစ်မှာပေါ့။ အဲဒီကျရင်တော့ ကျွန်တော် Interview ပေးပါ့မယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent