ရွေးကောက်ပွဲတွင် ငြိမ်းချမ်းသောပတ်ဝန်းကျင်ကို တည်ဆောက်ပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းရန်နှင့် Bilateral လက်မှတ်ရေးထိုးနိုင်ရေးအတွက် အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ကြေညာ

ရွေးကောက်ပွဲတွင် ငြိမ်းချမ်းသောပတ်ဝန်းကျင်ကို တည်ဆောက်ပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းရန်နှင့် Bilateral လက်မှတ်ရေးထိုးနိုင်ရေးအတွက် အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ကြေညာ
Published 1 March 2020
မင်းနိုင်စိုး

ရွေးကောက်ပွဲတွင် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကိုတည်ဆောက်ပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းရန်နှင့် Bilateral လက်မှတ်ရေးထိုးနိုင်ရေးတို့အတွက် အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ၂၀၂၀ ပြည့်နှစ် မတ် ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

ညီနောင် မဟာမိတ်သုံးဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကိုတည်ဆောက်ပြီး ပြည်တွင်းစစ်မီးချုပ်ငြိမ်းစေရန်နှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ် (Bilateral Ceasefire Agreement) သဘောတူ လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် လက်ရှိရင်ဆိုင်နေရသော ကိုရိုနာဗိုင်းရပ်စ်ရောဂါကို စုပေါင်းရင်ဆိုင်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေနိုင်ရန်အတွက် တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းခြင်းအား ၂၀၂၀ ပြည့်နှစ် မတ် ၁ ရက်မှ မတ် ၂၅ ရက်အထိ ၂၅ ရက်တာ အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခုကဲ့သို့ ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းကြောင်း ကြေညာထားသည့်ကာလအတွင်း တပ်မတော်က ၎င်းတို့သုံးဖွဲ့အနက် တစ်ဖွဲ့ဖွဲ့အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေပါက ၎င်းတို့အနေဖြင့် မိမိကိုယ်မိမိ ခုခံသောအနေဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာသည်။

တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး တွေ့ဆုံဆွေးနွေးလိုသောဆန္ဒကို အပြည့်အဝဖော်ပြကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် အမြန်ဆုံး လက်မှတ်ရေးထိုးရန် တိုက်တွန်းကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့သည် အစိုးရနှင့် Bilateral လက်မှတ်ရေးထိုးရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း လက်ရှိတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ၎င်းတို့၏ တွေ့ဆုံဆွေးနွေးပွဲများကို ယာယီရပ်ဆိုင်းထားသည်။

 

 

Most Read

Most Recent