ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့်အပြိုင် စစ်ဘက်ဆိုင်ရာတရားရုံး၊ နိုင််ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဟူ၍ တရားစီရင်ရေးအမြင့်ဆုံးရုံး သုံးရုံးပေါ်ပေါက်နေသဖြင့် တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့်အပြိုင် စစ်ဘက်ဆိုင်ရာတရားရုံး၊ နိုင််ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဟူ၍ တရားစီရင်ရေးအမြင့်ဆုံးရုံး သုံးရုံးပေါ်ပေါက်နေသဖြင့် တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 29 February 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၄ မူလပြဋ္ဌာန်းချက်အရ နိုင်ငံတော်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့်အပြိုင် စစ်ဘက်ဆိုင်ရာ တရားရုံး၊ နိုင််ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဟူ၍ တရားစီရင်ရေး အမြင့်ဆုံးရုံး သုံးရုံး ပေါ်ပေါက်နေသဖြင့် တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်ကြောင်း NLD ပါတီ စေတုတ္တရာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၄ မူလပြဋ္ဌာန်းချက်မှာ နိုင်ငံတော်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်၊ စစ်ဘက်ဆိုင်ရာတရားရုံးများနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်အရဆိုရင် နိုင်ငံတော်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့အပြိုင် စစ်ဘက်ဆိုင်ရာ တရားရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးလို့ တရားစီရင်ရေးဆိုင်ရာ အမြင့်ဆုံးရုံးသုံးရုံး ပေါ်ပေါက်နေတဲ့အတွက် တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောကြားသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပညာဆိုင်ရာ Constitutional Law အရလည်း နိုင်ငံတကာတွင် တရားလွှတ်တော်ချုပ် တစ်ခုတည်းကိုသာ တရားစီရင်ရေး အမြင့်ဆုံးအာဏာ အပ်နှင်းလေ့ရှိကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်မှာ အခြေခံမူပုဒ်မ ၁၈(ခ) ပါ ပြည်ထောင်စုတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တစ်ရပ်ထားရှိသည်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်ဆိုသော ပြဋ္ဌာန်းချက်နှင့် ညီညွတ်မှုမရှိသည့်အတွက် ဦးထွန်းထွန်းဟိန်၏ ပြင်ဆင်ချက်အဆိုဖြစ်သည့် နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တစ်ရပ်ထားရှိသည်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်ဆိုသော ပြဋ္ဌာန်းချက်ကို လေးလေးနက်နက် ထောက်ခံကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောကြားသည်။

“တရားစီရင်ရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံအခြေခံမူများအခန်း ပုဒ်မ ၁၉ (က)မှာ ဥပဒေနဲ့အညီလွတ်လပ်စွာ တရားစီရင်ရေးဆိုတဲ့ မူချမှတ်ထားပေမဲ့ အခန်း(၇) တပ်မတော်အခန်း ပုဒ်မ ၃၄၃ (ခ)မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်လို့ ပြဋ္ဌာန်းထားခြင်းဟာ အခြေခံမူနဲ့ ဆီလျော်ညီညွတ်မှုရှိပါရဲ့လား။ မေးခွန်းထုတ်စရာပါ။ နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုရဲ့ အကြီးအကဲကို တရားစီရင်ရေးဆိုင်ရာ အမြင့်ဆုံးအာဏာ အပ်နှင်းထားခြင်းဟာ သင့်လျော်ခြင်း ရှိ မရှိ သုံးသပ်ရမှာပါ” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က ပြောကြားသည်။

သို့ရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မောင်ဆန်းက ပုဒ်မ ၂၉၄ နှင့်ပတ်သက်၍ ဆွေးနွေးရာ၌ ပြဋ္ဌာန်းချက်ကို မူလအတိုင်းထားရှိသင့်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီစနစ် အောင်မြင်ဖြစ်ထွန်းရေးမှာ ယင်းနိုင်ငံ၏ တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာအားကောင်းမှု အပေါ်များစွာ မူတည်ကြောင်း၊ ကမ္ဘာ့နိုင်ငံ အများစုတွင် နိုင်ငံတော်၏တရားစီရင် အာဏာကို အဆင့်ဆင့်သော တရားရုံးများ ထားရှိဆောင်ရွက်ကြောင်း၊ တရားရုံးအဆင့်ဆင့်အလိုက် စီရင်ပိုင်ခွင့်အာဏာများ၊ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်း ခွဲခြားသတ်မှတ်ပြီး စနစ်ကျမှန်ကန်သော တရားစီရင်ရေးစနစ်ကို ကျင့်သုံးကြကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံအများစုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာများနှင့် ပတ်သက်ပြီး အငြင်းပွားမှုကိစ္စများ ဖြစ်ပေါ်လာပါက တချို့သောနိုင်ငံများတွင် Supreme Court က ဆောင်ရွက်ပြီး တချို့နိုင်ငံများတွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးများ ဖွဲ့စည်းဆောင်ရွက်ကြောင်း ပြောကြားသည်။

“စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးဟာလည်း နယ်ဘက်ဆိုင်ရာ တရားစီရင်ရေးနဲ့ လိုက်နာရတဲ့ဥပဒေများ မတူညီသလို တရားစီရင်ရေး ကိစ္စရပ်များဟာလည်း သဘော၊ သဘာဝ ကွဲပြားပါတယ်။ တပ်မတော်သားဟာ စစ်မှုရေးရာကိစ္စရပ်များတွင် အသက်ရင်းပြီး တာဝန်ထမ်းဆောင်နေကြသူများဖြစ်တဲ့အတွက် စစ်မြေပြင်မှာ အမိန့်အာဏာကို ကျင့်သုံးပြီး ကျန်တဲ့အချိန်မှာတော့ သတ်မှတ်ထားတဲ့ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့ လိုက်နာကျင့်ရပါတယ်” ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမောင်ဆန်းက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၄ မူလပြဋ္ဌာန်းချက်မှာ နိုင်ငံတော်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်။ စစ်ဘက်ဆိုင်ရာတရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်ဟု ပြဋ္ဌာန်းထားပြီး ပြင်ဆင်ရန် အဆိုပြုချက်မှာ နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တစ်ရပ် ထားရှိသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်ဟု တင်သွင်းထားသည်။

Most Read

Most Recent