တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေထက် အာဏာပိုမို သက်ရောက်စေသကဲ့သို့ ဖြစ်နေကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်၏ သုံးနှုန်းဆွေးနွေးမှုအပေါ် တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေထက် အာဏာပိုမို သက်ရောက်စေသကဲ့သို့ ဖြစ်နေကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်၏ သုံးနှုန်းဆွေးနွေးမှုအပေါ် တပ်မတော်သားကိုယ်စားလှယ် ကန့်ကွက်
Published 29 February 2020
အောင်မင်းသိန်း၊ ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈ (ခ) ကို ဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေထက် အာဏာပိုမိုသက်ရောက်စေသကဲ့သို့ ဖြစ်နေသည်ဆိုသည့် အသုံးအနှုန်းသည် အခြားပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ထိခိုက်စေသည့် အသုံးအနှုန်းဖြစ်ခြင်းကြောင့် နည်းဥပဒေအရ လိုအပ်သလိုဆောင်ရွက်ပေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်က လွှတ်တော်၌ တင်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် NLD ပါတီဝင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးစောယှားဖောင်အွာ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်၌ ဆွေးနွေးရာတွင် အထက်ပါကဲ့သို့သော အသုံးအနှုန်းများကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်က မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂) က ဦးစောယှားဖောင်ဝါ ဆွေးနွေးသွားတဲ့အထဲက ပုဒ်မ ၄၁၈ (ခ) နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ဖွဲ့စည်းပုံခြေခံဥပဒေထက် အာဏာပိုမိုသက်ရောက်စေသလို ဖြစ်နေတယ်ဆိုတဲ့ အသုံးအနှုန်းကို နှစ်ခါသုံးနှုန်းသွားပါတယ်။ ဒီအသုံးအနှုန်းဟာ အခြားပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ထိခိုက်စေတဲ့ အသုံးအနှုန်းဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉ နဲ့ ညှိစွန်းလျက်ရှိပါတယ်။ ဒီပုဒ်မ ၄၁၈(ခ) အပါအဝင် အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးရဲ့ ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်နဲ့ မွန်မြတ်လှတဲ့ဂုဏ်ဒြပ်ကို ထိခိုက်စေတဲ့ အသုံးအနှုန်းဖြစ်တဲ့အတွက် ထိန်းကျောင်းပေးနိုင်ပါရန်နှင့် နည်းဥပဒေ ၂၀ အရ လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်က တင်ပြခဲ့သည်။

အထက်ပါကဲ့သို့ ကန့်ကွက်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၊ ပုဒ်မ ခွဲ(ဂ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံးရဲ့ အကြီးအကဲဖြစ်သည်၊ ပုဒ်မ ၃၃၈ နိုင်ငံအတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်၊ ပုဒ်မ ၃၃၉ နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်မှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဆိုသည့် မူလပြဋ္ဌာန်းချက်များကို ပယ်ဖျက်ခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်၌ ထောက်ခံဆွေးနွေခဲ့ပြီး အခြေခံဥပဒေ၏ အခြေခံအခန်းမှ ပုဒ်မများနှင့် ရှေ့နောက် ညီညွတ်မှုရှိစေရန်အတွက် ပြင်ဆင်ရန် ထောက်ခံ ဆွေးနွေးခြင်းဖြစ်ကြောင်းလည်း ဦးစောယှားဖောင်အွာက ထည့်သွင်းဆွေးနွေးခဲ့သည်။

“ဒီနေရာမှာ အရေးပေါ်အခြေအနေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်ရဲ့အာဏာကို လွှဲအပ်ဆောင်ရွက်တဲ့ နေ့ကစပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မည်သို့ပင်ပါရှိစေကာမူ ဆိုတဲ့စကားရပ်ဟာ ကာကွယ်ရေးဦးစီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေထက် အာဏာပိုသက်ရောက်စေသလို ဖြစ်ပါတယ်။ ဒီပုဒ်မထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီဆိုတဲ့ စကားရပ်ပါပြီးသား ဖြစ်ပါတယ်” ဟု ဦးစောယှားဖောင်အွာက ဆွေးနွေးခဲ့သည်။

ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(ခ)၌ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူဆိုသည့် စကားရပ်ကို ထည့်သွင်းခြင်းသည် အရေးပေါ်အခြေနေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာစရာမလိုဘဲ ကျော်လွန်ဆောင်ရွက်နိုင်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေထက် ပိုမိုအာဏာသက်ရောက်စေသလို ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူဆိုတဲ့ စကားရပ်ကို ပယ်ဖျက်သင့်ကြောင်း ဦးစောယှားဖောင်အွာက ဆွေးနွေးခဲ့သည်။

ဦးစောယှားဖောင်အွာက “ဒါကြောင့် အရေးပေါ်အခြေအနေမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်ဖို့ ပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။ အလားတူ ပုဒ်မ ၃၈၄ မှာ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်လို့ ဖော်ပြထားတဲ့အတွက် မည်သည့်သမ္မတ၊ မည်သည့်အုပ်ချုပ်ရေးအဖွဲ့၊ မည်သည့်ဥပဒေပြုရေးအဖွဲ့၊ မည်သည့်တရားစီရင်ရေးအဖွဲ့၊ မည်သည့်ကာကွယ်ရေးဦးစီးချုပ်၊ မည်သည့်လူမျိုး၊ မည်သို့သော ပုဂ္ဂိုလ်ဖြစ်နေစေကာမူ နိုင်ငံသားတိုင်း နိုင်ငံသားတိုင်း လိုက်နာကြရမှာ ဖြစ်တယ်” ဟု ဆွေးနွေးခဲ့သည်။

Most Read

Most Recent