၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ စုစုပေါင်းရငွေ ကျပ်ဘီလျံ ၂၁၀၀၀ ကျော်ရှိပြီး သုံးငွေ ကျပ်ဘီလျံ ၂၄၀၀၀ ကျော်ရှိသည့်အတွက် ကျပ်ဘီလျံ ၃၃၀၀ ကျော် ပိုမိုသုံးစွဲထား

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ စုစုပေါင်းရငွေ ကျပ်ဘီလျံ ၂၁၀၀၀ ကျော်ရှိပြီး သုံးငွေ ကျပ်ဘီလျံ ၂၄၀၀၀ ကျော်ရှိသည့်အတွက် ကျပ်ဘီလျံ ၃၃၀၀ ကျော် ပိုမိုသုံးစွဲထား
Published 19 February 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ စုစုပေါင်းရငွေ ကျပ်ဘီလျံ ၂၁၀၀၀ ကျော်ရှိပြီး သုံးငွေမှာ ကျပ်ဘီလျံ ၂၄၀၀၀ ကျော်ရှိသည့်အတွက် ကျပ်ဘီလျံ ၃၃၀၀ ကျော် ပိုမိုသုံးစွဲထားကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင်  ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ဒုတိယခြောက်လပတ် အခွန်ရငွေများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၂/၂၀၂၀) တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“၂၀၁၈-၂၀၁၉ ယာယီစာရင်းများအရ မြန်မာနိုင်ငံရဲ့ စုစုပေါင်းရငွေဟာ ဘီလျံ ၂၁၀၀၀ ကျော်ရှိပြီး သုံးငွေကတော့ ဘီလျံ ၂၄၀၀၀ ကျော်ရှိပါတယ်။ ဒါကြောင့် ရတဲ့ပိုက်ဆံထက်ကို ဘီလျံ ၃၃၀၀ ကျော်ကို ပိုသုံးထားတာတွေ ရပါတယ်” ဟု ဦးမျိုးဝင်းက ပြောကြားသည်။

ယင်းသို့ ရငွေ ကျပ် ၂၁၀၆၉ ကျပ်တွင် အခွန်ရငွေ ကျပ် ၈၃၆၀ ဘီလျံရှိပြီး ရငွေအားလုံး၏ ရာခိုင်နှုန်း ၄၀ ရှိကြောင်း၊ ကျန်ရာခိုင်နှုန်း ၆၀ မှာ ဦးစီးဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံတော်စီးပွားရေးလုပ်ငန်းများ၊ သယံဇာတထုတ်ယူမှုများ၊ နိုင်ငံပိုင်ပစ္စည်းရောင်းရငွေများ၊ ချေးငွေနှင့် အထောက်အပံ့ ရငွေများဖြစ်ကြောင်း ဦးမျိုးဝင်းက ဆိုသည်။

“အခွန်ရငွေ ဘီလျံ ၈၃၆၀ ကို လေ့လာကြည့်တဲ့အခါမှာ ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ယူကောက်ခံနေတဲ့ အခွန်ငါးမျိုးက ရငွေဟာ ဘီလျံ ၆၅၀၀ ကျော်ရှိပြီး အခွန်ရငွေ အားလုံးရဲ့ ၇၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။ နောက်ရငွေ အုပ်စုတစ်စုကတော့ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းရတဲ့ အခွန်၊ ရေနံ သဘာဝဓာတ်ငွေ့ရတဲ့အခွန်၊ အကောက်ခွန်၊ ယာဉ်လိုင်စင်နဲ့ ပို့ဆောင်ရေးလုပ်ငန်းကရတဲ့ အခွန်လေးမျိုးဖြစ်ပြီးတော့ ပမာဏအားဖြင့် ဘီလျံ ၁၇၀၀ ကျော် ရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် အဲဒီနှစ်ခုကို ပေါင်းလိုက်ရင် ၉၉ ရာခိုင်နှုန်းကျော်ရှိနေတာကို တွေ့ရပါတယ်။ ကျန်တဲ့အခွန် ၁၂ မျိုးကတော့ တစ်ရာခိုင်နှုန်းတောင် မရှိပါဘူး” ဟု ၎င်းက ပြောကြားသည်။

အဆိုပါအများဆုံးရသည့် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်တို့တွင် SEE နှင့် ဘဏ်များက ရငွေပါဝင်နေသည့်အတွက် ပုဂ္ဂလိကကဏ္ဍမှရသည့် အခွန်ရငွေ ဘီလျံ ၅၀၀၀ ခန့်သာရှိသဖြင့် နိုင်ငံတော်၏ အသုံးစရိတ်နှင့်ယှဉ်ကြည့်ပါက ရာခိုင်နှုန်း ၂၀ ခန့်သာ ကောက်ခံရရှိနိုင်ခြင်းကို တွေ့ရှိရသောကြောင့် ပြန်လည်စိစစ်စေလိုကြောင်း ဦးမျိုးဝင်းက ပြောကြားသည်။

“အခွန်ဝန်ထမ်းတွေအနေနဲ့ မြေပြင် အခြေအနေတွေကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်ပြီး အခွန်တိမ်းရှောင်နေသူတွေကို ရှာဖွေဖော်ထုုတ်ရမှာဖြစ်သလို အခွန်လျော့နည်း ပေးဆောင်နေမှုတွေကိုလည်း အတိအကျ ကြီးကြပ်ဖို့လိုပါတယ်။ ကိုယ်တိုင်က နည်းပြလုပ်ပြီးတော့ ပေးသူက ပေးနေ၊ ရှောင်သူက ရှောင်လို့ရနေရင် အခွန်စနစ်က ဒီထက်ကျဆုံးဖို့သာ ရှိပါတယ်” ဟု ဦးမျိုးဝင်းက ပြောကြားသည်။

အခွန်ဦးစီးဌာနသည် နိုင်ငံတာ်အခွန် ရငွေအားလုံး၏ ရာခိုင်နှုန်း ၈၀ ကို ရှာဖွေပေးနေသဖြင့် အရေးပါသော်လည်း တစ်ဖက်တွင် နိုင်ငံရငွေ စုစုပေါင်း ရာခိုင်နှုန်း ၄၀ ကို ရှာဖွေနေသည့်အတွက်ကြောင့် နိုင်ငံတကာနှင့်ယှဉ်ပါက အင်မတန်နည်းသေးကြောင်း၊ GDP ကို ကြည့်ပါက မိမိတို့နိုင်ငံကဲ့သို့ ရှစ်ရာခိုင်နှုန်းမဟုတ်ဘဲ နိုင်ငံတကာတွင် ၁၀ ရာခိုင်နှုန်းရှိသည့်အတွက် အခွန်ကိုတိုးတက်ကောက်ခံရန် လိုအပ်ကြာင်း ၎င်းက ပြောကြားသည်။

Most Read

Most Recent