အိမ်ကွင်းမှာ ပြိုင်ဘက်တွေကို အနိုင်ယူခဲ့တဲ့ အက်သလက်တီကိုနဲ့ ဒေါ့မွန်

အိမ်ကွင်းမှာ ပြိုင်ဘက်တွေကို အနိုင်ယူခဲ့တဲ့ အက်သလက်တီကိုနဲ့ ဒေါ့မွန်
Photos: Getty Images, AP & Reuters
Photos: Getty Images, AP & Reuters
Published 19 February 2020

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ ပထမနေ့ပွဲစဉ်တွေမှာတော့ အိမ်ရှင်အသင်းတွေဖြစ်တဲ့ အက်သလက်တီကိုနဲ့ ဒေါ့မွန်အသင်းတို့က လီဗာပူးလ်နဲ့ PSG တို့ကို အနိုင်ကစားပြီး နောက်တစ်ဆင့်အတွက် အခြေအနေကောင်းတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။

■ အက်သလက်တီကို ၁-၀ လီဗာပူးလ်

အက်သလက်တီကိုနဲ့ လီဗာပူးလ်ပွဲမှာတော့ အိမ်ရှင် အက်သလက်တီကိုအသင်းဟာ ပွဲအစပိုင်းမှာ ရခဲ့တဲ့ ဆာအူလ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ ချန်ပီယံလိဂ်လက်ရှိ်ချန်ပီယံ လီဗာပူးလ်ကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

အိမ်ရှင် အက်သလက်တီကိုအသင်းမှာ ဒဏ်ရာရနေတဲ့ ယာအိုဖီးလစ် ပါဝင်နိုင်ခြင်းမရှိဘဲ တိုက်စစ်မှာ မိုရာတာနဲ့ ကော်ရီယာတို့ကို ပွဲထုတ်ခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဆာလာ၊ မာနေ၊ ဖေမီနိုတို့နဲ့ လုစုံခဲ့ပါတယ်။ 

အက်သလက်တီကိုဟာ ပွဲစတာနဲ့ တိုက်စစ်ကိုစဖွင့်ခဲ့လို့ လီဗာပူးလ်တို့ အခက်တွေ့ခဲ့ရပြီး ပွဲအစ (၄)မိနစ်မှာ ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ 

ထောင့်ကန်ဘောကနေ ဖာဘင်ညိုနဲ့ထိပြီး ထွက်လာတဲ့ ဘောလုံးကို ဂိုးရှေ့မှာ အသင့်ရှိနေတဲ့ ဆာအူလ်က ကန်သွင်းယူခဲ့တာပါ။ အဲဒီဂိုးဟာ ဆာအူလ်အတွက် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ (၅)ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပါတယ်။ 

ပွဲချိန် (၁၀)မိနစ်နောက်ပိုင်းမှာတော့ လီဗာပူးလ်တို့ ကစားကွက်ပြန်စီးလာခဲ့ပြီး အက်ငလက်တီကိုဘက်ကို ထိုးဖောက်မှုတွေ တောက်လျှောက် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အက်သလက်တီကိုခံစစ်ကို ကျော်ဖြတ်နိုင်ခြင်းမရှိသလို၊ ဂိုးပေါက်ကန်ခွင့်ရဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။ 

အက်သလက်တီကိုကတော့ တန်ပြန်တိုက်စစ်တွေကနေ လီဗာပူးလ်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး မိုရာတာရဲ့ ကန်ချက်ကို အယ်လစ်ဆန်ကာကွယ်နိုင်လို့သာ လီဗာပူးလ်တို့ သက်သာရာရခဲ့တာပါ။ 

ပထမပိုင်းမှာ အက်သလက်တီကိုက (၁-၀)ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာ လီဗာပူးလ်တို့ ချေပဂိုးရဖို့ ပိုဖိကစားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ဒုတိယပိုင်းမှာ အော်ရီဂီ၊ ချိန်ဘာလိန်စတဲ့ ကစားသမားတွေကို ထည့်သွင်းဖို့ အက်သလက်တီကိုခံစစ်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့သလို၊ ဂိုးသမား အိုဘလက်ခ်ကလည်း အကောင်းဆုံးလက်စွမ်းပြနေလို့ ချေပဂိုးရဖို့ အခက်တွေခဲ့ရပါတယ်။ 

လီဗာပူးလ်ဟာ ဘောလုံးပိုင်ဆိုင်မှု (၇၀)ရာခိုင်နှုန်းကျော်နဲ့ အက်သလက်တီကိုအသင်းကို ဖိကစားခဲ့ပေမယ့် မာကျောလွန်းတဲ့ ခံစစ်ကို ဘယ်လိုမှ ကျော်ဖြတ်နိုင်ခြင်းမရှိပါဘူး။ 

ဒါကြောင့် ပွဲအပြီးမှာတော့ အက်သလက်တီကိုအသင်းက (၁-၀)ဂိုးနဲ့ လက်ရှိချန်ပီယံကို အနိုင်ယူပြီး နောက်တစ်ဆင့်အတွက် အခြေအနေကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့သလို၊ ဆီမြွန်နီလက်ထက် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ အိမ်ကွင်းရှုံးမရှိစံချိန်ကိုလည်း ဆက်ထိန်းနိုင်ခဲ့ပါတယ်။ 

 

 

■ ဒေါ့မွန် ၂-၁ PSG

ဒေါ့မွန်နဲ့ PSG ပွဲကတော့ အကြိတ်အနယ်ရှိခဲ့ပြီး ဒေါ့မွန်အသင်းကတော့ ဇန်နဝါရီမှာ ခေါ်ယူခဲ့တဲ့ နာမည်ကျော် လူငယ်တိုက်စစ်မှူး ဟာလန်းရဲ့ သွင်းဂိုးတွေကြောင့် (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

ဒေါ့မွန်အသင်းမှာ ဟာလန်း၊ ဆန်ချို၊ အမ်မရီချန်တို့နဲ့ လူစုံခဲ့သလို PSG မှာလည်း ဒဏ်ရာကြောင့် အနားယူနေရတဲ့ နေမာ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဘာပေ၊ ဒီမာရီယာတို့နဲ့ လူစုံပါဝင်ခဲ့တာပါ။ 

ထိပ်တန်းကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ PSG အသင်းနဲ့ လူငယ်ကစားသမားတွေကို အခြေပြုတည်ဆောက်ထားတဲ့ ဒေါ့မွန်အသင်းရဲ့ အားပြိုင်မှုဟာ ကြည့်ကောင်းခဲ့ပါတယ်။ 

ဒေါ့မွန်အသင်းရဲ့ လူငယ်တွေက PSG အသင်းထက် အလုပ်ပိုဖြစ်ခဲ့ပြီး အထူးသဖြင့် ဆန်ချိုဟာ PSG အသင်းခံစစ်ကို အလုပ်ရှုပ်စေခဲ့ပါတယ်။ 

ပထမပိုင်းမှာ နှစ်သင်းစလုံးအခွင့်အရေးတွေ ရခဲ့ပြီး ဒေါ့မွန်က ဆန်ချိုရဲ့ ကန်ချက်ကို နာဗတ်စ်က ကာကွယ်ခဲ့ရသလို၊ ဟာလန်းရဲ့ ကန်ချက်ကလည်း ဘေးထွက်သွားလို့ ဒေါ့မွန်တို့ နစ်နာခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး တိုက်စစ်ဖွင့်ပြီး ဂိုးရဖို့ ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။ PSG အသင်းက ဘာပေရဲ့ ကန်ချက်တွေကို ဒေါ့မွန်ဂိုးသမားနဲ့ နောက်ခံလူတွေ တားဆီးနိုင်ခဲ့ပါတယ်။ 

ပွဲချိန် (၆၉)မိနစ်မှာတော့ ဒေါ့မွန်အသင်း ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဟာကီမီ၊ ဆန်ချိုတို့ရဲ့ အတွဲအဖက်ကနေ ဆန်ချိုရဲ့ ကန်သွင်းမှုကို မာကင်ဟို့စ်တားဆီးနိုင်ခဲ့ပေမယ့် အန်ထွက်လာတဲ့ဘောလုံးကို ဟာလန်းက အပိုင်ကန်သွင်းယူခဲ့တာပါ။ ဒီဂိုးကို သွင်းယူခဲ့တဲ့ ဟာလန်းဟာ ဒေါ့မွန်အသင်းသမိုင်းမှာ ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလားနဲ့ ချန်ပီယံလိဂ်ပွဲဦးထွက်ပွဲတွေမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ 

ဒါပေမဲ့ ဒေါ့မွန်ရဲ့ ဦးဆောင်ဂိုးဟာ (၆)မိနစ်သာ ခံပြီး ပွဲချိန် (၇၅)မိနစ်မှာတော့ ဘာပေဟာ ဒေါ့မွန်နောက်ခံလူတွေကို လှလှပပကျော်ဖြတ်ပြီး ချပေးတာကို ဂိုးရှေ့မှာ အသင့်ရှိနေတဲ့ နေမာက ပိတ်သွင်းယူခဲ့ပါတယ်။ 

PSG အသင်း ချေပဂိုးရပြီး (၂)မိနစ်အကြာမှာ ဒေါ့မွန်တို့ ဦးဆောင်ဂိုး ရခဲ့ပြန်ပါတယ်။

တန်ပြန်တိုက်စစ်ကနေ ရေနာ ချပေးတာကို ဟာလန်းက ဧရိယာထိပ်ကနေ ကန်သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ ဟာလန်းအတွက် ဒီရာသီ ချန်ပီယံလိဂ်မှာ (၁၀)ဂိုးမြောက် ဖြစ်ခဲ့ပြီး ဂိုးသွင်းအများဆုံးအဖြစ် ဦးဆောင်နေတဲ့ လီဝန်ဒေါစကီးနဲ့ တူညီခဲ့ပါတယ်။

ကျန်ပွဲချိန်တွေမှာ PSG တို့ ချေပဂိုးရဖို့ ဖိကစားခဲ့သလို၊ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်တာကြောင့် ဒေါ့မွန်အသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ 

 

Most Read

Most Recent