ဆလိုဗေးနီးယားနှင့်ပွဲအပြီးတွင် ကစားသမားများ၏ မိသားစုဝင်များနှင့် မိတ်ဆွေများ ဘီယာခွက်များဖြင့် ပစ်ပေါက်ခံခဲ့ရဟု အင်္ဂလန်နောက်ခံလူကွန်ဆာ ဝန်ခံ

ဆလိုဗေးနီးယားနှင့်ပွဲအပြီးတွင် ကစားသမားများ၏ မိသားစုဝင်များနှင့် မိတ်ဆွေများ ဘီယာခွက်များဖြင့် ပစ်ပေါက်ခံခဲ့ရဟု အင်္ဂလန်နောက်ခံလူကွန်ဆာ ဝန်ခံ
Photo: Daily Mail
Photo: Daily Mail
Published 29 June 2024

 

အင်္ဂလန်လက်ရွေးစင်အသင်း နောက်ခံလူ အက်ဇရီကွန်ဆာက ဆလိုဗေးနီးယား အသင်းနှင့်ပွဲအပြီးတွင် ကစားသမားများ၏ မိသားစုဝင်များနှင့် မိတ်ဆွေများ ဘီယာခွက်များဖြင့် ပစ်ပေါက်ခံခဲ့ရကြောင်း ဝန်ခံပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးသတ် မှတ်ခံထားရသော်လည်း အုပ်စုတွင်း၌ ဆားဘီးယားအသင်းကိုသာ အနိုင်ရပြီး ဒိန်းမတ်၊ ဆလိုဗေးနီးယားအသင်းတို့နှင့် သရေကျခဲ့သည်။ ဇွန် ၂၅ ရက်က ဆလိုဗေးနီးယားအသင်း နှင့် အုပ်စုနောက်ဆုံးပွဲတွင် ဂိုးမရှိသရေကျပြီး အုပ်စုပထမနေရာ ရပ်တည်နိုင်ခဲ့သော်လည်း ပရိသတ်များက ဒေါသပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ 

ပွဲအပြီးတွင် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ပွဲကြည့်စင်ပေါ်ရှိ ပရိသတ်များအား လက်ခုပ်တီး၍ နှုတ်ဆက်စဉ် ပလတ်စတစ်ခွက်နှစ်ခုဖြင့် ပစ်ပေါက်ခံခဲ့ရပြီး ကစားသမားများ၏ မိသားစုဝင်များနှင့် မိတ်ဆွေများမှာလည်း နေရာစုံမှ ဘီယာခွက်များဖြင့် ပစ်ပေါက်ခံခဲ့ရကြောင်း ကွန်ဆာက ထုတ်ဖော်ပြောကြားခဲ့သည်။

"အဲဒီလိုဖြစ်ခဲ့တာကို ကျွန်တော်တို့ သတိထားမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ မိသားစုဝင်တချို့ သောက်ပြီးသားခွက်တွေနဲ့ ပစ်ပေါက်ခံခဲ့ရတယ်လို့ထင်တယ်။  ကျွန်တော်တို့ သူတို့ကို စစ်ဆေးကြည့်ပါတယ်။ ပွဲကြည့်စင်ပေါ်မှာ မိသားစုဝင်တွေနဲ့အတူ ကလေးတွေရှိပါတယ်။ အဲဒါကြောင့် သေချာအောင် ကျွန်တော်တို့ အမြဲတမ်းစစ်ဆေးရပါတယ်။ ပြီးတော့ သူတို့အဆင်ပြေရဲ့လားဆိုတာ မေးဖြစ်ပါတယ်။ အခုလိုဖြစ်တာ အဆင်မပြေပါဘူး။ ဒါပေမဲ့ ကစားသမားအများစုက ကလပ်အသင်းအဆင့်မှာလည်း အတွေ့အကြုံအများကြီးရှိထားပြီးသားပါ။ ပရိသတ်တွေဆီက ဘာတွေမျှော်လင့်ရမလဲဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ အဲဒါက အမြဲတမ်း တက်လိုက်ကျလိုက်ပါပဲ။ ဒါက ကစားပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော့်ညီ ပစ်ပေါက်ခံရပြီး တချို့လည်း ထိခဲ့ပါတယ်။ ပွဲပြီးသွားတော့ ကျွန်တော် သူနဲ့စကားပြောတဲ့အခါ ဘယ်လိုနေလဲမေးတော့ အဆင်ပြေတယ်လို့ ပြောပါတယ်။ အဲဒါက ကွင်းရဲ့ညာဘက်ခြမ်းက ပစ်လိုက်တာပါ။ ဂိုးအနောက်ဘက်က ရောက်လာတာ မဟုတ်ပါဘူး။ ဒါပေမဲ့ နေရာစုံကနေ ရောက်လာတာပါ။ အဲဒီအကြောင်းကို အများကြီးမစဉ်းစားဘဲ ရှေ့ဆက်သွားဖို့ ကြိုးစားရပါမယ်" ဟု ကွန်ဆာက ဆိုသည်။

အင်္ဂလန်အသင်းသည် ၁၆ သင်းအဆင့်အဖြစ် ယနေ့ညတွင် ဆလိုဗက်ကီးယား အသင်းနှင့် ကစားရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ ပယ်နယ်တီလေ့ကျင့်မှု ပြုလုပ်ခြင်းနှင့်ပတ်သက်၍ နောက်ခံလူ မက်စ်ဂူဟီက "ဟုတ်ပါတယ်။ ကျွန်တော်တို့ အလုပ်တွေအများကြီး လုပ်ထားတယ်။ တစ်သင်းလုံး ပယ်နယ်တီကန်တာကို သေချာလုပ်ထားတယ်။ ကျွန်တော်တို့အနေနဲ့ အဆင်သင့်ဖြစ်နေတယ်ဆိုတာ သေချာဖို့ အရေးကြီးပါတယ်" ဟု ပြောကြားခဲ့သည်

Most Read

Most Recent