■ ရီးယဲလ်မှထွက်ခွာဖွယ်ရှိကြောင်း ထင်ကြေးပေးခံနေရသည့် ဘရာဇီးလ်ကစားသမား ရိုဒရီဂိုက လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းမှာ မန်စီးတီးဟု ပြောကြား     

■ ရီးယဲလ်မှထွက်ခွာဖွယ်ရှိကြောင်း ထင်ကြေးပေးခံနေရသည့် ဘရာဇီးလ်ကစားသမား ရိုဒရီဂိုက လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းမှာ မန်စီးတီးဟု ပြောကြား     
Published 31 May 2024

ယခုနွေရာသီတွင် ရီးယဲလ်မှထွက်ခွာဖွယ်ရှိကြောင်း ထင်ကြေးပေးခံနေရသည့် ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုက လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းမှာ မန်စီးတီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    

ရိုဒရီဂို(၂၃ နှစ်)သည် လက်ရှိအချိန်၌ ရီးယဲလ်အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်ကာ ခြေစွမ်းပြနေသော်လည်း ပြင်သစ်တိုက်စစ်မှူး ဘာပေ ရောက်ရှိလာတော့မည်ဖြစ်၍ အသင်းပြောင်းရွှေ့ရန် စဉ်းစားလာခြင်းဖြစ်ကြောင်း မီဒီယာအချို့က သုံးသပ်ထားသည်။ 

ထို့ပြင် ယခုနောက်ပိုင်းပြုလုပ်ခဲ့သည့် အင်တာဗျူးအစီအစဉ်များတွင် ရိုဒရီဂိုအနေဖြင့် အသင်းပြောင်းရွှေ့ဖွယ်ရှိသည်ဟု ယူဆနိုင်သည့်စကားများ ပြောကြားခဲ့ကြောင်း သုံးသပ်မှုများလည်း ရှိခဲ့သည်။ 

ယင်းအခြေအနေတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ၌ ရိုဒရီဂိုက မန်စီးတီးအသင်းအကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော့်ရဲ့ ဆန္ဒကို (၁)ကနေ (၁၀)အထိ ပြောရမယ်ဆိုရင် ဒီချန်ပီယံလိဂ်ဖလားကို ရယူချင်တာက အခါတစ်ထောင် ဖြစ်မှာပါ။ ရီးယဲလ်အသင်းက ဗိုလ်လုပွဲတွေမှာ ဘယ်တော့မှ မရှုံးခဲ့သလို၊ အခုလည်း ထပ်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဗိုလ်လုပွဲတွေမှာ ရီးယဲလ်အနိုင်ရတာကိုပဲ ကျွန်တော် မြင်တွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဗိုလ်လုပွဲဆိုတာ (၅၀-၅၀)ပဲလို့ ကျွန်တော် အမြဲပြောပါတယ်။ ကျွန်တော်တို့က မက်ဒရစ်ဖြစ်နေလို့ ရေပန်းစားနေပေမဲ့ ကျွန်တော့်အတွက်တော့ (၅၀-၅၀)ပါပဲ။ ကျွန်တော့်အတွက် မန်စီးတီးက ကမ္ဘာမှာ အကောင်းဆုံးအသင်းပါ။ ကျွန်တော့်အထင် အခက်ခဲဆုံးပြိုင်ဘက်အသင်း မရှိတော့ဘူးဆိုပေမဲ့ ဒါဟာ ဗိုလ်လုပွဲမှာ အနိုင်ရဖို့ လွယ်ကူသွားပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ ဘိုင်ယန်က အရမ်းခက်ခဲသလို၊ ဒေါ့မွန်ကလည်း အရမ်းခက်ခဲပါလိမ့်မယ်"ဟု ရိုဒရီဂိုက ပြောကြားခဲ့သည်။ 

    

ရိုဒရီဂိုသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် ၎င်း၏ အနာဂတ်အတွက် ထုတ်ဖော်ပြောကြားမှု ပြုလုပ်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

ထို့ပြင် ပရီးမီးယားလိဂ်အသင်းများနှင့် ပတ်သက်သည့် အပြောင်းအရွှေ့သတင်းများလည်း ပိုမိုထွက်ပေါ်လာခဲ့ပြီး မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့က ၎င်းကို ခေါ်ယူရန် စောင့်ကြည့်နေကြောင်း လူမှုကွန်ရက်၌ ဖော်ပြမှုများရှိလာခဲ့သည်။ 

သို့သော် ၎င်း၏ပြောင်း ရွှေ့ကြေးမှာ ယူရိုသန်း(၁၅၀)အထက် ဖြစ်ဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent