■ မန်ချက်စတာယူနိုက်တက်အသင်းနှင့် လမ်းခွဲခဲ့သည့် မာစီယဲလ် နှုတ်ဆက်စကားပြောကြား

■ မန်ချက်စတာယူနိုက်တက်အသင်းနှင့် လမ်းခွဲခဲ့သည့် မာစီယဲလ် နှုတ်ဆက်စကားပြောကြား
Photo: FA, Gettyimages
Photo: FA, Gettyimages
Published 28 May 2024

မန်ချက်စတာယူနိုက်တက်အသင်းနှင့် လမ်းခွဲခဲ့သည့် ပြင်သစ်တိုက်စစ်မှူး မာစီယဲလ်က လူမှုကွန်ရက်မှတစ်ဆင့် နှုတ်ဆက်စကား ပြောကြားခဲ့သည်။    

မာစီယဲလ်(၂၈ နှစ်)သည် မန်ယူအသင်းတွင် (၉)နှစ်ကြာ ယှဉ်ပြိုင်ကစားခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း (၃၁၇)ပွဲ ကစားကာ ဂိုးပေါင်း (၉၀) သွင်းယူခဲ့သူဖြစ်သည်။

မာစီယဲလ်သည် ၂၀၁၅ ခုနှစ်တွင် မိုနာကိုအသင်းမှ မန်ယူအသင်းသို့ ပေါင် (၃၆)သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး အဆိုပါ ပြောင်းရွှေ့ကြေးပမာဏမှာ ယင်းကာလတွင် ဆယ်ကျော်သက်ကစားသမားတစ်ဦးအတွက် တန်ဖိုးအမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

၎င်းသည် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်သူဟု ထင်ကြေးပေးခံထားရသူ ဖြစ်သောကြောင့် မန်ယူအသင်းနှင့် ချုပ်ဆိုခဲ့သည့်စာချုပ်တွင် Ballon d'Or ဆု ရရှိပါက မိုနာကိုအသင်းထံ အပိုဆုကြေး ထပ်မံပေးချေရမည့်အချက် ပါဝင်ကြောင်း သိရသည်။

သို့သော် မာစီယဲလ်သည် ယခုနောက်ပိုင်းကာလများတွင် မန်ယူအသင်း၌ ပွဲကစားခွင့် ပျောက်ဆုံးလာခဲ့ပြီး ၂၀၂၁-၂၂ ရာသီ၌ ဆီဗီလာအသင်းထံပင် အငှားချခံခဲ့ရသည်။

မာစီယဲလ်သည် ၂၀၂၃-၂၄ ရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး အသင်းဘက်မှလည်း သက်တမ်းမတိုးလိုတော့သည့်အတွက် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ဒီအသင်းမှာ (၉)နှစ်ကြာပြီးတဲ့နောက် စာမျက်နှာသစ်ဖွင့် လှစ်ရမယ့်အချိန် ဖြစ်လာပါပြီ။ မန်ယူအသင်းက ကျွန်တော့်နှလုံးသားထဲ အမြဲရှိနေမှာပါ။ ကျွန်တော် အမြဲ သရဲနီဖြစ်နေမှာပါ''ဟု ဆိုခဲ့သည်။

 

Most Read

Most Recent