နိုင်လွတ်လုံ ဥပဒေဖြင့် တရားစွဲခံရသူ ၁၀၀ ကျော်ရှိလာပြီး အများစုမှာ အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်အား ဝေဖန်၍ဖြစ်ကြောင်း အသံအဖွဲ့ ထုတ်ပြန်

နိုင်လွတ်လုံ ဥပဒေဖြင့် တရားစွဲခံရသူ ၁၀၀ ကျော်ရှိလာပြီး အများစုမှာ အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်အား ဝေဖန်၍ဖြစ်ကြောင်း အသံအဖွဲ့ ထုတ်ပြန်
Published 18 February 2020
ဉာဏ်လင်းထွန်း

နိုင်ငံသားများ၏ ပုဂ္ဂိလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံ) ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်အထိ တရားစွဲဆိုမှု ၄၆ မှုရှိပြီး တရားစွဲခံရသူ ၁၁၃ ဦးအထိ ရှိလာသည်ဟု အသံ (Athan) အဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည်။

နိုင်လွတ်လုံ ဥပဒေကို အသုံးပြု၍ နိုင်ငံရေးပါတီနှင့် တပ်မတော်က တရားစွဲဆိုမှု၊ အရပ်သားအချင်းချင်း တရားစွဲဆိုသည့် အမှုများရှိသော်လည်း  အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်၍ တရားစွဲဆိုခံရသည့်  အမှုအရေအတွက်မှာ အများဆုံးဖြစ်ကြောင်း အသံအဖွဲ့ထုတ်ပြန်ချက်၌ ပါရှိသည်။

“ကျွန်တော်တို့ရဲ့ စာရင်းဇယားအရ တရားစွဲခံရသူ စုစုပေါင်း ၁၁၃ ယောက်ထဲမှာ နိုင်ငံရေးအမြင် ထုတ်ဖော်ပြောဆိုလို့ တရားစွဲခံရတာ ၄၂ ယောက်ရှိတယ်။ လူပုဂ္ဂိုလ် အဖွဲ့အစည်းကို ဝေဖန်လို့ တရားစွဲခံရတာ ၃၁ ယောက်ရှိတယ်။ အများဆုံးက နိုင်ငံရေး အမြင်သဘောထားတွေ ထုတ်ဖော်ပြောဆိုလို့  တရားစွဲခံရတာက အများဆုံးပဲ။ ဒီဥပဒေ (နိုင်လွတ်လုံ) နဲ့” ဟု အသံ (Athan) အဖွဲ့ သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က ပြောကြားသည်။

အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များက တရားစွဲမှု ၁၅ မှု၊ နိုင်ငံရေးပါတီများက ကိုးမှု၊ တပ်မတော်က ငါးမှု၊ စီးပွားရေး လုပ်ငန်းရှင်များက သုံးမှုနှင့် အရပ်သား ပြည်သူအချင်းချင်း စွဲဆိုမှုများအပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းအား ဝေဖန်ရေးသားသည်ဆိုကာ ကြားလူမှ တရားစွဲဆိုမှုများလည်း ရှိသည်ဟု အသံအဖွဲ့က ထုတ်ပြန်သည်။

နိုင်လွတ်လုံဥပဒေကို ၂၀၁၇ ခုနှစ် မတ် ၈ ရက်တွင် ပြဋ္ဌာန်းခဲ့ရာ သက်တမ်း နှစ်နှစ်နှင့် ၁၁ လအတွင်း အဆိုပါဥပဒေဖြင့် တက်ကြွလှုပ်ရှားသူ ၁၂ ဦး၊ အရပ်သားပြည်သူ ၇၅ ဦး၊ သတင်းမီဒီယာသမား လေးဦး၊    နိုင်ငံရေးပါတီဝင် ၁၅ ဦးနှင့် အခြား ခုနစ်ဦးတို့ တရားစွဲဆိုခံခဲ့ရကာ ၃၃ ဦးမှာ လူမှုကွန်ရက်တွင် ရေးသားမှုဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်သည်ဟု အသံအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

“သေချာတာက နိုင်လွတ်လုံဆိုတာ လက်ရှိအစိုးရ သက်တမ်းမှာ ဖြစ်လာတဲ့ နောက်ထပ် ဖိနှိပ်ရေးယန္တရား  အသစ်ပဲပေါ့နော်။ ဒီမိုကရေစီနာမည် ခံယူထားတဲ့ အစိုးရလက်ထက်မှာ ဒီလို မတရားတဲ့ ဥပဒေတစ်ရပ်     ထပ်ပေါ်လာတာ၊ ယန္တရားတစ်ခု ထပ်ပေါ်လာတာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ အရင်တုန်းတည်းက ရှိနေပြီးသား မပြင်ဆင်နိုင်သေးတဲ့ မတရားတဲ့ ဥပဒေတွေလည်း တန်းစီနေတာပဲ။ အဲတော့ ဒီဥပဒေက ပြင်ဆင်ဖို့ လိုတယ်” ဟု အသံ (Athan) အဖွဲ့ သုတေသန မန်နေဂျာ ကိုရဲဝေဖြိုးအောင်က ဆိုသည်။

နိုင်လွတ်လုံ ဥပဒေဖြင့် တရားစွဲဆိုမှုများတွင် အရပ်သားအချင်းချင်း စွဲဆိုမှုသည် အမှုအရေအတွက် များပြားသော်လည်း လူအရေအတွက် နည်းပါးကာ အစိုးရ၊ တပ်မတော်နှင့် လွှတ်တော်ကိုယ်စားလှယ်တို့က စွဲဆိုသော အမှုများတွင် အမှုအရေအတွက် နည်းပါးပြီး လူအရေအတွက် များပြားသည်ကို ထူးခြားစွာ တွေ့ရှိရသည်ဟု ၎င်းက ဆိုသည်။

နိုင်ငံသားများ နောက်ယောင်ခံ စောင့်ကြည့်ခံခြင်း၊ ဖုန်းဆက်သွယ်မှု ကြားဖြတ် နားထောင်ခံရခြင်း အပါအဝင် ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရန် ဥပဒေကို ပြဋ္ဌာန်းခြင်းဖြစ်သည်ဟု ဥပဒေ စတင်ပြဋ္ဌာန်းစဉ်က လွှတ်တော်ကိုယ်စားလှယ်အချို့ ရှင်းပြခဲ့သည်။

သို့သော် နိုင်လွတ်လုံ ဥပဒေပြဋ္ဌာန်းပြီးချိန်မှ သက်တမ်း နှစ်နှစ်ကျော်အတွင်း ယင်းဥပဒေဖြင့် တရားစွဲဆိုမှုများအရ ဥပဒေ၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်မှု အားနည်းသည်ဟု ဝေဖန်ခံနေရသည်။

စစ်မှန်သည့် လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးနိုင်သည့် ဥပဒေ ဖြစ်လာစေရေးအတွက် နိုင်လွတ်လုံ ဥပဒေပါပုဒ်မ ၈ (စ) ကို ပယ်ဖျက်ရန်နှင့် အချို့သော ပုဒ်မများကို ပြင်ဆင်ရန် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍ တက်ကြွလှုပ်ရှားသည့် အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုလျက် ရှိသည်။

နိုင်လွတ်လုံ ဥပဒေပုဒ်မ ၈ (စ) တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာ ကိစ္စများတွင် အဓမ္မဝင်ရောက် စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း၊ သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၈ ပါ ပြဋ္ဌာန်းချက်  တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်   ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်အနေဖြင့် ကျပ် သုံးသိန်းမှ ကျပ် ၁၅ သိန်းအထိ ချမှတ်ခံရနိုင်သည်။

Most Read

Most Recent