ပြည်ထောင်စုနေ့ဆုတောင်း

ပြည်ထောင်စုနေ့ဆုတောင်း
Published 12 February 2020



ယနေ့သည် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများ ပိတ်ကာ အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။ ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။

ဗြိတိသျှအစိုးရလက်အောက်တွင် မြန်မာနိုင်ငံကြီးအား ရေရှည်အုပ်ချုပ်နိုင်ရန် တိုင်းရင်းသားများအပေါ် သွေးခွဲအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီးမရှိဘဲ သွေးကွဲမှုများပင် ရှိခဲ့သည်။ ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေးကို အနှစ် ၇၀ မျှ ကာလပတ်လုံး အမျိုးမျိုးအဖုံဖုံ ကြိုးပမ်းရာ၌ မြေပြန့်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည် မရှိပေ။ သို့သော် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာတွင် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ခဲ့သည်။ ဂျပန်တို့လက်အောက်မှ လွတ်မြောက် ပြီးနောက် လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း မြေပြန့်သား၊ တောင်တန်းသား မခွဲခြားဘဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းမှုကို ရှာကြံခဲ့ကြသည်။

၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့သည် ဗြိတိန်နိုင်ငံသို့ မြန်မာ့လွတ်လပ်ရေးအတွက် သွားရောက်အရေးဆိုကြရာ ပြည်မရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့သည်။ ဗြိတိသျှတို့ကမူ ပြည်မကြီးကိုသာ လွတ်လပ်ရေးပေးပြီး တောင်တန်းဒေသများကို ဆက်လက်သိမ်းပိုက်ထားရန် အကြံအစည်ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေး ဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မနှင့်တစ်ပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့ ဘိလပ်၍ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံ၍ တောင်တန်းသားများနှင့် မြေပြန့်သားများ အစေးမကပ်ကြသယောင် ၀ါဒဖြန့်ကြသည်။ ထို့ကြောင့် မြန်မာ့ခေါင်းဆောင်ကြီးများသည် တောင်တန်းဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံးရေးကို ဟောပြောလှုံ့ဆော်ခဲ့ရသည်။

ဘိလပ်တွင် ဆွေးနွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မနှင့်ပူးပေါင်းရန် သဘောတူပါက ပြည်မရော တောင်တန်းဒေသများကိုပါ တစ်ပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများအနေဖြင့် ၎င်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတစ်ရပ် သက်ဝင်သော အောင်ဆန်း - အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ ထို့နောက် ဖေဖော်ဝါရီ ၈ ရက်တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။ ဖေဖော်ဝါရီ ၁၁ ရက် ညနေတွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဆာမောင်ကြီး ၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်၊ ဗိုလ်ခင်မောင်ကလေး၊ မြို့မ-ဦးသန်းကြွယ် ၊ သခင်ဝတင်နှင့် အခြားတိုင်း ရင်းသားခေါင်းဆောင်များနှင့်အတူ ပင်လုံညီလာခံတွင် တက်ရောက်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် ၂၁ ဦးတို့ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။ ယင်းကဲ့သို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ပြည်ထောင်စုနေ့ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ပြည်မနှင့် တောင်တန်းမခွဲခြားဘဲ တန်းတူညီမျှ အခွင့်အရေးရကြလျက် ပြည်ထောင်စုကြီး တစ်ရပ်လုံး တိုးတက်ဖွံ့ဖြိုးအောင် အတူတကွ ၀ိုင်းဝန်းတည်ဆောက်နိုင်ကြပါစေဟုသာ The Daily Eleven သတင်းစာက တောင်းဆုပြုလိုက်ရပါသည်။

ဖေဖော်ဝါရီ ၁၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent