၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အသုံးစရိတ် ကျပ် ၈ ဒသမ ၇ ဘီလျံရှိမည် 

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ အသုံးစရိတ် ကျပ် ၈ ဒသမ ၇ ဘီလျံရှိမည် 
Photos: MFF
Photos: MFF
Published 3 February 2020

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ ၂၀၂၀ ပြည့်နှစ်အတွက် အသုံးစရိတ်မှာ ကျပ် ၈ ဒသမ ၇ ဘီလျံရှိမည်ဖြစ်ကြောင်း သိရသည်။

MFF သည် ယခုနှစ်အတွက် အသုံးစရိတ်ကို ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်နှင့် ရွေးကောက်ပွဲတွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး  ၂၀၁၈ ခုနှစ်ထက် အသုံးစရိတ် ကျပ်သိန်း ၇၀၀၀ တိုးမြင့်လာသည်။ 

MFF သည် ကွန်ဂရက်တွင် ၂၀၁၈ ခုနှစ်၏ အသုံးစရိတ်နှင့် ယခုနှစ်အတွက် လျာထားအသုံးစရိတ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး အသုံးစရိတ်ပိုလာသော်လည်း ဝင်ငွေမှာမူ ကျဆင်းသွားခဲ့သည်။  

၂၀၁၈ ခုနှစ်တွင် အသုံးစရိတ်မှာ ကျပ် ၈ ဒသမ ၁ ဘီလျံရှိခဲ့ပြီး ဝင်ငွေမှာ ကျပ် ၇ ဒသမ ၉ ဘီလျံရှိခဲ့သောကြောင့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်အနေဖြင့် လိုငွေအနည်းငယ်သာ စိုက် ထုတ်သုံးစွဲခဲ့ရသည်။ 

ယခုနှစ်အတွက် လျာထားအသုံးစရိတ်မှာ ကျပ် ၈ ဒသမ ၇ ဘီလျံ ရှိပြီး ဝင်ငွေ ကျပ် ၆ ဒသမ ၅ ဘီလျံသာရှိသောကြောင့် လိုငွေမှာ ကျပ် ၂ ဒသမ ၂ ဘီလျံ (ကျပ်သိန်းပေါင်း ၂၂၀၀၀) ကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော်အနေဖြင့် စိုက်ထုတ်သုံးစွဲရမည်ဖြစ်သည်။ 

'' အသုံးစရိတ်က ၂၀၁၈ ခုနှစ်ထက်စာရင် နည်းနည်းပိုများလာပါတယ်။ ဒါကလည်း အာဆီယံဆူဇူကီးဖလားပြိုင်ပွဲရှိပြီး ပြိုင်ပွဲအကြို ပြင်ဆင်မှုတွေရှိတာကြောင့်ပါ။ ဝင်ငွေက ကျပ် ၆ ဒသမ ၅ ဘီလျံပဲရှိတာကြောင့် ကျပ်သိန်း ၂၂၀၀၀ လောက် လိုငွေရှိပါတယ်။ ဒီလိုငွေတွေကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော်ကပဲ စိုက်ထုတ်သုံးစွဲရမှာဖြစ်ပါတယ်''ဟု MFFအထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။ 

MFF ၏ ဝင်ငွေရလမ်းတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် အာရှဘောလုံးအဖွဲ့ ချုပ် (AFC) တို့မှ ထောက်ပံ့ငွေများ၊ စပွန်ဆာ ဝင်ငွေများပါဝင်ပြီး အသုံးစရိတ်တွင်မူ လက် ရွေးစင်အသင်းအားလုံး၏ ပြိုင်ပွဲအကြိုပြင် ဆင်မှု၊ စခန်းဝင်လေ့ကျင့်မှု၊ ပြိုင်ပွဲယှဉ်ပြိုင်မှု များအပါအဝင် အခြားအသုံးစရိတ်များ ပါဝင် နေသည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယခုနှစ်တွင် အာဆီယံနှင့် အာရှအဆင့်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် လတ်တလောအစီအစဉ်မရှိဘဲ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း၏ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲတစ်ပွဲကိုသာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ၂၀၂၀ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ တွင် အုပ်စုပွဲစဉ်များအနက် အိမ်ကွင်းနှစ်ပွဲ ကို လက်ခံကျင်းပရမည်ဖြစ်သည်။ 

ဦးဇော် ဇော်သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ၂၀၀၅ ခုနှစ်တွင် တာဝန်စတင် ထမ်းဆောင်ခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်က ပြုလုပ် သည့် ရွေးကောက်ပွဲတွင်လည်း ဥက္ကဋ္ဌနေရာ ဝင်ရောက်ရွေးချယ်ခံမည့်သူ မရှိသောကြောင့် ဆက်လက်ရွေးချယ်ခံခဲ့ရသည်။ 

ဦးဇော်ဇော် သည် ၂၀၂၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်သောကြောင့် ဥက္ကဋ္ဌသက်တမ်းမှာ ၁၉ နှစ်ရှိလာမည်ဖြစ်သည်။

 

Most Read

Most Recent