ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုတွင် ဘတ်ဂျက်လိုငွေကို လျှော့ချနိုင်ခဲ့သော်လည်း ဂျီဒီပီတန်ဖိုးသည် မူလခန့်မှန်းချက်ထက် လျော့နည်းခဲ့ခြင်းကြောင့် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ထိထိရောက်ရောက်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အကြံပြု

ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုတွင် ဘတ်ဂျက်လိုငွေကို လျှော့ချနိုင်ခဲ့သော်လည်း ဂျီဒီပီတန်ဖိုးသည် မူလခန့်မှန်းချက်ထက် လျော့နည်းခဲ့ခြင်းကြောင့် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ထိထိရောက်ရောက်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အကြံပြု
ဇန်နဝါရီ ၂၈ ရက်က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
ဇန်နဝါရီ ၂၈ ရက်က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပစဉ်
Published 29 January 2020
စည်သူ၊ အောင်မင်းသိန်း

ရသုံးမှန်းခြေ ငွေစာရင်း အကောင်အထည်ဖော်မှုတွင် ဘတ်ဂျက်လိုငွေကို လျှော့ချနိုင်ခဲ့သော်လည်း ဂျီတီပီတန်ဖိုးသည် မူလခန့်မှန်းချက်ထက် လျော့နည်းခဲ့ခြင်းကြောင့် ဝန်ကြီးဌာနများအနေဖြင့် စီမံကိန်းများနှင့် ရင်းနှီးမြုပ်နှံမှုများကို ထိထိရောက်ရောက်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမိုးကျော်က လွှတ်တော်၌ အကြံပြု ဆွေးနွေးခဲ့သည်။

ဇန်နဝါရီ ၂၈ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက်် အစည်းအဝေး ဒုတိယနေ့တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ပထမတွဲ (၁၆/ ၂၀၁၉) အပေါ် လွှတ်တော်၌ ဆွေးနွေးရာတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးကျော်က အထက်ပါကဲ့သို့ အကြံပြုဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ပြည်ထောင်စုရဲ့ ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့ တင်ပြပါဇယားအတိုင်း မူလခန့်မှန်းချက်ထက် ရငွေမှာ ကျပ် ၆၂၇ ဒဿမ ၆၉၅ ဘီလီယံ တိုးတက်ခဲ့ပါတယ်။ သုံးငွေမှာတော့ ကျပ် ၉၈၈ ဒသမ ၈၄၇ ဘီလျံ လျော့နည်းသုံးစွဲခဲ့တဲ့အတွက် ဘတ်ဂျက်လိုငွေကို လျှော့ချနိုင်ခဲ့ပြီး ဘတ်ဂျက်လိုငွေနဲ့ ဂျီဒီပီအချိုးကလည်း ၁ ဒသမ ၂၇ ရာခိုင်နှုန်းသာရှိတဲ့အတွက် ကောင်းမွန်တဲ့ စာရင်းဇယားဖြစ်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ သို့သော် ဂျီဒီပီတန်ဖိုးကတော့ မူလခန့်မှန်းချက်ထက် ကျပ် ၃၅၀ ဒသမ ၃၈၅ ဘီလျံ လျော့နည်းတဲ့အတွက် ဝန်ကြီးဌာနများအနေဖြင့် စီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ ထိထိရောက်ရောက်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး မိုးကျော်က လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

ရငွေပိုင်းကြည့်မည်ဆိုပါက တင်ပြပါ ဇယားအတိုင်း လျာထားချက်ထက် ၁၀၇ ဒသမ ၃၆ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်သည်ကို တွေ့ရသော်လည်း ပြည်ပအကူအညီရငွေအပေါ် ထုတ်ယူသုံးစွဲမှုသည် ၃၅ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် ချေးငွေအပေါ် ထုတ်ယူသုံးစွဲနိုင်မှုသည် ၄၅ ဒသမ ၃၄ ရာခိုင်နှုန်းသာ ရှိသည့်အတွက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် အကူအညီ ရငွေ၊ ချေးငွေစီမံကိန်းများ လျာထားချက်အတိုင်း အကောင်အထည်မဖော်နိုင်ခြင်းကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပြည်ပချေးငွေ ထုတ်ယူသုံးစွဲမှု ရာခိုင်နှုန်း ၅၀ အောက်သာ ဆောင်ရွက်နိုင်ခဲ့သည့် အဖွဲ့အစည်းများတွင် ဝန်ကြီးဌာနငါးခု၊ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်း သုံးခုနှင့် ဘဏ္ဍာရန်ပုံငွေ ပြင်ပအဖွဲ့အစည်း တစ်ခုရှိနေသည်ကို တွေ့ရှိမည်ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး မိုးကျော်က လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာများတွင် ရငွေနှင့်ပတ်သက်၍ ဘတ်ဂျက် လျာထားရာတွင် ရငွေများ ပြည့်စုံစွာထည့်သွင်း လျာထားမှုမရှိခြင်း၊ ရငွေနှုန်းထားများ ခေတ်ကာလနှင့် လျော်ညီမှုမရှိခြင်း၊ အမှန်ရငွေနှင့် အနီးစပ်ဆုံး ခန့်မှန်းလျာထားမှုမရှိခြင်း၊ ယခင်နှစ်ကြွေးဟောင်းများ ထည့်သွင်းလျာထားမှုမရှိခြင်း စသည့် အားနည်းချက်များကြောင့်ဖြစ်သည်ဟု သုံးသပ်ထားပါကြောင်း ဒုတိယဗိုလ်မှူးကြီး မိုးကျော်က ဆွေးနွေးခဲ့သည်။

ဒုတိယဗိုလ်မှူးကြီး မိုးကျော်က “ဒီအားနည်းချက်တွေကတော့ ရသုံးမှန်းချေငွေစာရင်း ရေးဆွဲရာမှာ ဌာနအသီးသီးရဲ့ အားနည်းချက်များကြောင့်ဖြစ်လို့ ပြည်ထောင်စုဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများအနေနဲ့ ဂရုတစိုက်မှတ်သားပြုပြင်ဖို့ လိုအပ်မှာဖြစ်ကြောင်းနဲ့ အရ/အသုံး မှန်းခြေငွေစာရင်းအပေါ် ကြီးကြပ်တည်းဖြတ်ပေးရတဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ သက်ဆိုင်ရာကော်မတီများအနေနဲ့လည်း ထိထိရောက်ရောက် ကြီးကြပ်တည်းဖြတ်ပေးရန်လိုအပ်ကြောင်း အကြံပြုတင်ပြလိုပါတယ်” ဟု ဆွေးနွေးခဲ့သည်။

ထို့ပြင် ထိရောက်ကောင်းမွန်သည့် အရ/အသုံး မှန်းခြေငွေစာရင်းဖြစ်စေရန် ရငွေနှင့် အသုံးစရိတ်များကို အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်တင်ပြရန် လိုအပ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ပြည့်ပြည့်ဝ၀ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့လိုကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာအညွှန်းကိန်းများ မှန်ကန်စေရေးအတွက် ဂျီဒီပီတန်ဖိုးများ မှန်ကန်စေရန် ဂရုတစိုက်ဆောင်ရွက်ဖို့ လိုအပ်ကြောင်းနှင့် ပြည်တွင်း ပြည်ပချေးငွေများကိုလည်း စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ကြောင်းလည်း ဒုတိယဗိုလ်မှူးကြီး မိုးကျော်က လွှတ်တော်၌ အကြံပြုဆွေးနွေးခဲ့သည်။

 

 

Most Read

Most Recent