လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ် ပါဝင်မှု လွှတ်တော်သက်တမ်းအလိုက် လျှော့ချရန်နှင့် ကာ/လုံ ဖွဲ့စည်းမှုအား ပြောင်းလဲထားသည့် အချက်များ ပါဝင်သော ဖွဲ့စည်းအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှစ်ရပ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း

လွှတ်တော်တွင်း တပ်မတော်သားကိုယ်စားလှယ် ပါဝင်မှု လွှတ်တော်သက်တမ်းအလိုက် လျှော့ချရန်နှင့် ကာ/လုံ ဖွဲ့စည်းမှုအား ပြောင်းလဲထားသည့် အချက်များ ပါဝင်သော ဖွဲ့စည်းအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှစ်ရပ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း
ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ - ပြည်ထောင်စု လွှတ်တော်ရုံး)
ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ - ပြည်ထောင်စု လွှတ်တော်ရုံး)
Published 27 January 2020
စည်သူ၊ အောင်မင်းသိန်း

လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်ပါဝင်မှု လွှတ်တော်သက်တမ်းအလိုက် လျှော့ချရန်နှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ဖွဲ့စည်းမှုအား ပြောင်းလဲထားသည့် အချက်များ ပါဝင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည်။

ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၅၁ ဦး လက်မှတ်ရေးထိုး တင်ပြလာသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ အသိပေးတင်ပြခဲ့ပြီး ယင်းဥပဒေမူကြမ်းနှစ်ခုတွင် အထက်ပါ အချက်များ ပါဝင်လာခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း နှစ်ရပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့် ၄၃၆၊ ပုဒ်မခွဲ(ခ) အရ ပြုစုရေးဆွဲထားသည့် ဥပဒေကြမ်းများဖြစ်ပြီး ဥပဒေမူကြမ်း တင်သွင်းရခြင်း၏ ရည်ရွယ်ချက်သည် ပြည်သူများက ကိုယ်စားပြု ဒီမိုကရေစီအရ တာဝန်အပ်နှင်းထားသည့် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အားလုံးက တိုင်းရင်သား ပြည်သူလူထုအားလုံး၏ စစ်မှန်သည့် ဆန္ဒသဘောထားကို အလေးဂရုပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဥပဒေကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု စံနှုန်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း ဥပဒေမူကြမ်း၏ ရည်ရွယ်ချက်နှင့် အကျိုးအကြောင်း ဖော်ပြချက်တွင် ဖော်ပြပါရှိသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း၊ စတုတ္ထအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်း၊ ပဥ္စမအကြိမ် သက်တမ်းတွင် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ငါးရာခိုင်နှုန်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်ဆိုသည့် ပြင်ဆင်ချက်ကို ထည့်သွင်းထားသည်။

ထို့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်သည်ဆိုသည့် အချက်အား ပယ်ဖျက်ရန်၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည် ဆိုသည့်အချက်အား ပယ်ဖျက်ရန် အချက်များလည်း ဥပဒေကြမ်းတွင် ပါဝင်သည်။

ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၀၁) ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှစ်ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှစ်ဦး၊ ကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးဌာနဝန်ကြီး စသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်ဆိုသည့် ပြင်ဆင်ချက်ပါဝင်ပြီး လက်ရှိ ကာ/လုံတွင် ပါဝင်နေသည့် နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီးကို ပယ်ဖျက်ရန် ဖော်ပြပါရှိသည်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (ဃ)တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံတော်ရေးရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များ ရှိရမည်ဆိုသည့် ပြဋ္ဌာန်းချက်အား နိုင်ငံတော် ရေးရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေး စသည့် အမြင်များ ရှိရမည်ဆိုသည့် ပြင်ဆင်ချက်နှင့် ပုဒ်မ ၅၉ (စ) အား ပယ်ဖျက်ရန်လည်း ဥပဒေကြမ်းတွင် ပါဝင်သည်။

ဥပဒေကြမ်းတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၄၀) (ဂ) အား နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသော အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင် ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်၏အာဏာကို နိုင်ငံတော်သမ္မတက ဦးဆောင်၍ တာဝန်ယူ ဆောင်ရွက်နိုင်မည့် အစီအစဉ်တစ်ရပ်အား အတည်ပြုဆုံဖြတ် ဆောင်ရွက်ရမည်ဟု ပြင်ဆင်ထားသည်။

အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၀ ကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်နှင့်  ပြည်ထောင်စု နယ်မြေတစ်ခုခုတွင် ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု တစ်စုတွင်ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ  ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စွမ်း မရှိကြောင်း သိရှိလျှင်၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက တင်ပြလျှင် နိုင်ငံတော်သမ္မတသည် မိမိကိုယ်တိုင်ဖြစ်စေ၊ ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်အရဖြစ်စေ ဥပဒေကဲ့သို့သော အာဏာတည်သည့်အမိန့် ထုတ်ပြန်၍ အရေးအပေါ် အခြေအနေ ကြေညာနိုင်သည်ဆိုသည့် ပြင်ဆင်ချက်များလည်း ပါဝင်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)မှ (၆) ပြဋ္ဌာန်းချက်များ၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၃၄၂ အထိနှင့် အခန်း (၁၂) ပုဒ်မ ၄၃၆ များတွင်ပါဝင်သည့် ပြဋ္ဌာန်းချက် များကို ပြင်ဆင်လိုလျှင် ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဆိုသည့် ပြင်ဆင်ချက်လည်း ပါဝင်သည်။

ထို့ပြင် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားခြင်းခံရသော တပ်မတော်သားများသည် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့် နေ့မှစ၍ တပ်မတော်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဆိုသည့် ပြင်ဆင်ချက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးအဖြစ် ခန့်ထားခြင်း ခံရသော တပ်မတော်သားများသည် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်နေ့မှစ၍ တပ်မတော်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဆိုသည့် ပြင်ဆင်ချက်များလည်း ဥပဒေကြမ်းတွင် ပါဝင်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီဥက္ကဋ္ဌ အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၃၅၁ ဦး လက်မှတ်ရေးထိုး တင်ပြလာသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှစ်ခုတွင် ပြင်ဆင်ရန်နှင့် ပယ်ဖျက်ရန် တင်ပြထားသည့် အချက်ပေါင်း ၁၁၂ ချက် ပါဝင်ကြောင်း သိရသည်။

 

Most Read

Most Recent