၂၀၁၉ ခုနှစ်အတွင်း တပ်မတော်နှင့် ထိတွေ့တိုက်ပွဲအများဆုံးသည် TNLA အဖွဲ့ဖြစ်ပြီး ဒုတိယအများဆုံးသည် မြောက်ပိုင်းသုံးဖွဲ့ ပူးပေါင်းတိုက်ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား

၂၀၁၉ ခုနှစ်အတွင်း တပ်မတော်နှင့် ထိတွေ့တိုက်ပွဲအများဆုံးသည် TNLA အဖွဲ့ဖြစ်ပြီး ဒုတိယအများဆုံးသည် မြောက်ပိုင်းသုံးဖွဲ့ ပူးပေါင်းတိုက်ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား
Published 25 January 2020
အောင်မင်းသိန်း

၂၀၁၉ ခုနှစ်အတွင်း တပ်မတော်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အများဆုံးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သည် တအန်း လက်နက်ကိုင်အဖွဲ့ (TNLA) ဖြစ်ပြီး ထိတွေ့တိုက်ပွဲဖြစ်များမှု ၁၅၂ ကြိမ်အထိ ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

ထို့ပြင် တပ်မတော်နှင့် ထိတွေ့မှု ဒုတိယအများဆုံးသည် TNLA ၊ MNDAA ၊ AA သုံးဖွဲ့ပေါင်းတိုက်ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှု ၅၆ ကြိမ်ရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၃ ရက်က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် တပ်မတော် သတင်းမှန်ပြန်ကြားအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်စိုးနိုင်ဦးက အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒီဟာတွေအပေါ်မှာ ပြန်ပြီးကာမှ တစ်နှစ်လုံးစာမှာ တိုက်ပွဲဖြစ်ပွားမှုနဲ့ စည်းကမ်းဖောက်ဖျက်မှုတွေကို အများဆုံး သုံးဖွဲ့ပေါ့။ ကျွန်တော်တို့ တင်ပြသွားမှာဖြစ်ပါတယ်။ တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အများဆုံးကတော့ TNLA ဖြစ်ပါတယ်။ ၁၅၂ ကြိမ် ရှိခဲ့ပါတယ်။ ဒုတိယအများဆုံးကတော့ TNLA ၊ MNDAA ၊ AA ပေါင်းပြီး တိုက်တာ ၅၆ ကြိမ် ရှိပါတယ်။ MNDAA အနေနဲ့ ၃၃ ကြိမ် ရှိပါတယ်။ ဒါကတော့ တိုက်ပွဲဖြစ်ပွားမှု အများဆုံးသုံးဖွဲ့ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် KIA အဖွဲ့နှင့် ခြောက်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေတွင် TNLA နှင့် ၁၅၂ ကြိမ်၊ TNLA ၊ MNDAA နှင့် AA သုံးဖွဲ့ ပူးပေါင်းဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၅၆ ကြိမ်၊ MNDAA နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၃၃ ကြိမ်အပါအဝင် ၂၀၁၉ ခုနှစ်အတွင်း အရှေ့မြောက် တိုင်းစစ်ဌာနချုပ်နယ်မြေ၌ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၃၂၅ ကြိမ် ရှိခဲ့ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် RCSS/SSA နှင့်တစ်ကြိမ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေတွင် RCSS/SSA နှင့် လေးကြိမ်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေတွင် RCSS/SSA နှင့် ခုနစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

ဗိုလ်ချုပ်စိုးနိုင်ဦးက “ ဒါကြောင့် ကျွန်တော်တို့ ၂၀၁၉ ခုနှစ် တစ်နှစ်လုံးအတွင်းမှာ တိုင်းစစ်ဌာနချုပ်နယ်မြေ ငါးခုလုံးမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေ တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၃၄၃ ကြိမ်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။

၂၀၁၉ ခုနှစ်တွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုအဖြစ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေတွင် RCSS/SSA အဖွဲ့နှင့် TNLA ၊ SSA (ဝမ်ဟိုင်း) ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှု ၄၂ ကြိမ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေတွင် RCSS/SSA အဖွဲ့နှင့် PNLO တစ်ကြိမ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၄၅ ကြိမ်ရှိကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေကျော်လွန် လှုပ်ရှားမှုအဖြစ် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၆၇၄ ကြိမ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၁၃၇ ကြိမ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆက်ကြေးကောက်ခံမှု ၁၀၂ ကြိမ်နှင့် လူသစ်စုဆောင်းမှု ၁၄၉ ကြိမ်ရှိခဲ့ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀ ရက်အထိ တပ်မတော်နှင့် တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုအနေနှင့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်နယ်မြေတွင် TNLA အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ခုနစ်ကြိမ်၊ MNDAA နှင့် တစ်ကြိမ်၊ TNLA ၊ MNDAA ၊ AA ၊ KIA ပူးပေါင်းအဖွဲ့နှင့် တစ်ကြိမ်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင် RCSS/SSA နှင့် နှစ်ကြိမ်ရှိခဲ့ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

၂၀၁၉ ခုနှစ်အတွင်း တိုင်းစစ်ဌာနချုပ် နယ်မြေ ၁၂ ခုအတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအဖြစ် ငွေကျပ် ၃၄၃ ဒဿမ ၅၈ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀ ရက်အထိ ကာလအတွင်း ငွေကျပ် ၂၇ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

 

 

Most Read

Most Recent