ICJ က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ပါ ကြားဖြတ်စီမံဆောင်ရွက်ချက်များမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် အချက်များမပါဝင်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ပြောကြား

ICJ က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ပါ ကြားဖြတ်စီမံဆောင်ရွက်ချက်များမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် အချက်များမပါဝင်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ပြောကြား
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်တို့ ဇန်နဝါရီ ၂၄ ရက်က တွေ့ဆုံစဉ်
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်တို့ ဇန်နဝါရီ ၂၄ ရက်က တွေ့ဆုံစဉ်
Published 25 January 2020
မင်းနိုင်စိုး

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ပါ ကြားဖြတ် စီမံဆောင်ရွက်ချက်များမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် အချက်များမပါဝင်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် H.E.Mr.Ichiro Maruyama တို့ ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ပြီး အဆိုပါ တွေ့ဆုံမှု၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ICJ က ဇန်နဝါရီ ၂၃ ရက်တွင် ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်ပါ ကြားဖြတ်စီမံ ဆောင်ရွက်ချက်များမှာ Genocide Convention အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ လိုက်နာဆောင်ရွက်နေသည့် အချက်များသာဖြစ်ပြီး ဂမ်ဘီယာနိုင်ငံက တောင်းဆိုခဲ့သည့် ကြားဖြတ်စီမံချက်များအားလုံးကို ချမှတ်ပေးခဲ့ခြင်းမဟုတ်ဘဲ အချို့ကိုသာ ချမှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတွေ့ဆုံမှုတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

အထူးသဖြင့် ICJ က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့်အချက်များ မပါဝင်သည်ကို တွေ့ရှိရပြီး ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရ၏ ကနဦး သဘောထားရပ်တည်ချက်ကို ဇန်နဝါရီ ၂၃ ရက်တွင် သဘောထားထုတ်ပြန်ပြီးဖြစ်ကာ ယင်းဆုံးဖြတ်ချက်သည် ဂမ်ဘီယာနိုင်ငံက လျှောက်ထားသည့် အမှု၏ ဆီလျော်ခိုင်မာမှု ရှိ မရှိ၊ တရားစီရင်ပိုင်ခွင့် ရှိ မရှိ တို့နှင့်ပတ်သက်၍ ကြိုတင်ဆုံးဖြတ်သည့်သဘော အလျှင်း သက်ရောက်မှုမရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

ဂမ်ဘီယာနိုင်ငံက ICJ တွင် မြန်မာနိုင်ငံအပေါ် ကြားဖြတ်အစီအမံများ အမိန့်ချမှတ်ပေးရန် တောင်းဆိုခဲ့မှုများမှာ အချက်အလက်အားဖြင့် (၁) ဘင်္ဂါလီ (မူရင်းရိုဟင်ဂျာဟု သုံးနှုန်း) များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဟု ယူဆနိုင်သည့်၊ လူမျိုးတုံးသတ်ဖြတ်မှုဆီ ဦးတည်သွားစေနိုင်သည့် အရာအားလုံးကို မြန်မာအစိုးရက ရပ်တန့်ပေးရန်၊ (၂) မြန်မာတပ်မတော်၊ ပြည်သူ့စစ်နှင့် အခြားလက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုကို ထပ်မံမကျူးလွန်ရန်၊ (၃) မြန်မာနိုင်ငံအနေဖြင့် သက်သေအထောက်အထားများကို မဖျက်ဆီးရန်၊ (၄) မြန်မာနှင့် ဂမ်ဘီယာတို့အနေဖြင့် အခြေအနေကို ပိုမိုဆိုးရွားစေမည့် ကိစ္စရပ်များကို မပြုလုပ်ရန်၊ (၅) ကြားဖြတ်စီမံချက်များ ချမှတ်ခဲ့ပါက လေးလအတွင်း နှစ်ဖက်စလုံးက လုပ်ဆောင်ချက်များကို အစီရင်ခံစာ တင်ပြရန်နှင့် (၆) ကုလသမဂ္ဂ၏ အချက်အလက် ရှာဖွေရေးအားလုံးနှင့် အခြားကုလသမဂ္ဂ အဖွဲ့အစည်းများ အားလုံး၏ စုံစမ်းစစ်ဆေးမှုများ၌ ပူးပေါင်းဆောင်ရွက်ရန်တို့ ဖြစ်သည်။

မြန်မာနိုင်ငံက ICJ တွင် တောင်းဆိုခဲ့သည့် အချက်နှစ်ချက်မှာ (၁) အမှုကို စာရင်းမှနေ၍ လုံးဝပယ်ဖျက်ပေးရန်နှင့် (၂) မပယ်ဖျက်ပေးနိုင်ပါက ဂမ်ဘီယာနိုင်ငံမှ တောင်းဆိုထားသော ကြားဖြတ်အစီအစဉ်များကို ဆောင်ရွက်ရေးအတွက် အမိန့်ထုတ်ပြန်ခြင်း မပြုရန်တို့ ဖြစ်သည်။

ထို့နောက် ICJ တရားသူကြီးများက ဇန်နဝါရီ ၂၃ ရက်တွင် ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်အတိုင်း ကြားဖြတ်အစီအမံများ ဆောင်ရွက်ရမည့်အမိန့်တစ်ရပ် မြန်မာနိုင်ငံသို့ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံ၏တောင်းဆိုမှုများကို ပယ်ချခဲ့သည်။

ICJ သည် ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုမှုအရ  မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် ကြားဖြတ်အစီအစဉ်များမှာ (၁) လူမျိုးတုံး သတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွင် ဖော်ပြထားသော ကျူးလွန်မှုများ ဖြစ်မလာစေရေး မြန်မာနိုင်ငံအနေဖြင့် အကာအကွယ်ပေးသည့်  အစီအမံများ ဆောင်ရွက်ရန်၊ (၂) မြန်မာတပ်မတော် ဖြစ်စေ၊ အခြား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုခုမှဖြစ်စေ လူမျိုးတုံးသတ်ဖြတ်မှု မြောက်သည့်လုပ်ရပ်များ မကျူးလွန်စေရန်နှင့် ကျူးလွန်အောင် လှုံ့ဆော်မှုများမဖြစ်ရန် မြန်မာနိုင်ငံအနေဖြင့် ထိန်းချုပ်မှုများ ပြုလုပ်ရန်၊  (၃) မြန်မာနိုင်ငံအနေဖြင့် သက်သေအထောက်အထားများကို ဖျက်စီးခြင်း မပြုရန်၊ (၄) လူမျိုးတုံးသတ်ဖြတ်မှု ရှိ မရှိ  တရားရုံးက စစ်ဆေးနေစဉ် ကာလအတွင်း မြန်မာနိုင်ငံဘက်မှ ဆောင်ရွက်မည့်အစီအစဉ်များကို  လေးလအတွင်း တရားရုံးသို့ အစီရင်ခံစာတင်ရန်နှင့် ခြောက်လတစ်ကြိမ် ပုံမှန်အစီရင်ခံစာတင်ရန်တို့ ဖြစ်သည်။

 

 

 

Most Read

Most Recent