မြန်မာနိုင်ငံ စစ်ဥပဒေချုပ်ရုံးအနေဖြင့် ရာဇဝတ်မှု ကျူးလွန်သည့် တပ်မတော်သားများ တာဝန်ခံမှုရှိလာစေရန် အလျင်အမြန် ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း အချက်အပါအဝင် အကြံပြုချက် ၂၂ ချက်ကို (ICOE) ၏ အပြီးသတ်အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြ

မြန်မာနိုင်ငံ စစ်ဥပဒေချုပ်ရုံးအနေဖြင့် ရာဇဝတ်မှု ကျူးလွန်သည့် တပ်မတော်သားများ တာဝန်ခံမှုရှိလာစေရန် အလျင်အမြန် ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း အချက်အပါအဝင် အကြံပြုချက် ၂၂ ချက်ကို (ICOE) ၏ အပြီးသတ်အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြ
Published 21 January 2020

မြန်မာနိုင်ငံ စစ်ဥပဒေချုပ်ရုံးအနေဖြင့် တပ်မတော်တပ်ဖွဲ့ဝင်များအား ရာထူးအဆင့်ဆင့်အလိုက် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ ရာဇဝတ်မှုကျူးလွန်သည့် တပ်မတော်သားများ တာဝန်ခံမှုရှိလာစေရန် အလျင်အမြန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း အချက်အပါအဝင် အကြံပြုချက် ၂၂ ချက်ကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အပြီးသတ်အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အပြီးသတ်အစီရင်ခံစာ အကျဉ်းချုပ်ကို နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းအစီရင်ခံစာ အကျဉ်းချုပ်တွင် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားလာရခြင်း၏ အကြောင်းအရာများကို အတိတ်သမိုင်းကြောင်းများမှစတင်၍ ယနေ့မျက်မှောက်ကာလအထိ ဖြစ်စဉ်များကို ခေါင်းစဉ်ခွဲများဖြင့် ပြည့်ပြည့်စုံစုံ ဖော်ပြထားပြီး တွေ့ရှိချက်များနှင့် အကြံပြုချက်များလည်း ပါဝင်သည်။

အစီရင်ခံစာတွင် ပါဝင်သည့် အကြံပြုချက်များအနက် အကြံပြုချက်(၁)တွင် မြန်မာနိုင်ငံ စစ်ဥပဒေချုပ်ရုံးအနေဖြင့် တပ်မတော်တပ်ဖွဲ့ဝင်များအား ရာထူးအဆင့်ဆင့်အလိုက် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ ရာဇဝတ်မှုကျူးလွန်သည့် တပ်မတော်သားများ တာဝန်ခံမှုရှိလာစေရန် အလျင်အမြန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ဖော်ပြထားသည်။

ထို့နောက် မြန်မာအစိုးရအနေဖြင့် လက်ရှိ တရားစီရင်ရေးနှင့် စုံစမ်းစစ်ဆေးရေး ယန္တရားများအား ပိုမိုကောင်းမွန်လာစေရေး ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးစနစ် ပိုမိုအားကောင်းလာစေရန် လုံလောက်သည့် အရင်းအမြစ်များ ဖြည့်ဆည်းပေးခြင်း၊ ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်သည့် စစ်ဘက် မဟုတ်သည့် တခြားအဖွဲ့အစည်းအများမှ အဖွဲ့ဝင်များနှင့် အရပ်သားများ၏ တာဝန်ခံနိုင်မှု မြင့်မားလာစေရန်အတွက် ၎င်းတို့အပေါ်တွင် ခွဲခြားမှုမရှိစေသော တူညီသည့် အရေးယူမှုများကို ဆောင်ရွက်သင့်ကြောင်း ပါရှိသည်။

ထို့ပြင် အစိုးရအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လူမှုအသိုင်းအဝိုင်းအားလုံးမှ ဒေသခံများအတွက် တရားစွဲဆိုခွင့်နှင့် တိုင်တန်းမှုများအား ဖြေရှင်းနိုင်မည့် သင့်လျော်သည့်နည်းများ အပါအဝင် တရားရေးရာအရ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများရရှိစေရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အစိုးရဌာန အားလုံးအနေဖြင့် ၂၀၁၇ ခုနှစ် သြဂုတ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်ရပ်များမှ ကြုံတွေ့ခဲ့ရသည့် အဖွဲ့အစည်းဆိုင်ရာ အားနည်းချက်များကို သင်ခန်းစာယူကြရမည်ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ထပ်မံ မဖြစ်ပွားစေရန် လိုအပ်သည့် အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်သင့်ကြောင်း၊ အရပ်သားများ၏ ဥပဒေအောက်တွင် အကာအကွယ်ယူလိုစိတ်ကို မြှင့်တင်နိုင်စေရန် မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အကြမ်းဖက်တိုက်ဖျက်ရေးမူဝါဒပုံစံနှင့် ဖော်ဆောင်ရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်သင့်ကြောင်း စသည့် အကြံပြုချက်များလည်း ပါရှိိသည်။

ထို့အတူ အစိုးရနှင့် တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် လူ့အခွင့်အရေးများ၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာဥပဒေ၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာဥပဒေနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ မြေပြင်တွင် လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်စည်းကမ်းများ စသည့် ဘာသာရပ်များနှင့် ပတ်သက်၍ သင်ကြားပေးရန် လိုကြောင်း၊ အစိုးရအနေဖြင့် ရပ်ရွာအခြေပြု ရဲလုပ်ငန်းစနစ် ဖော်ဆောင်သင့်ကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်စပ်ဒေသများ၏ မြေပိုင်နက်နှင့် ရေပိုင်နက်များကို ထိန်းချုပ်နိုင်စေရန် အားဖြည့် ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားသည်။

ထို့နောက် အမုန်းစကားကိစ္စ၊ မတူကွဲပြားသည့် လူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှုများကြား သဟဇာတဖြစ်စေရန်ကိစ္စ၊ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ရခိုင်၊ မွတ်စလင် နှင့် အခြားလူနည်းစု တိုင်းရင်းသားများ လိုအပ်သည့် အကူအညီများ ဖြည့်ဆည်းဆောင်ရွက်ပေးရေးကိစ္စ၊ နိုင်ငံသားစိစစ်မှု ခံယူမည့်သူများ၏ သက်သေခံကတ်ပြား (NVC) ကိစ္စ၊ လွတ်လပ်စွာ သွားလာခွင့်အား ကန့်သတ်တားမြစ်ခြင်းကိစ္စ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သင့်သည့်ကိစ္စ၊ မတူကွဲပြားသည့် လူမှုအသိုင်းအဝိုင်းမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား စွမ်းဆောင်ရည် မြှင့်တင်ပေးရန်ကိစ္စ၊  မတူကွဲပြားသည့် လူမှုအသိုင်းအဝိုင်းအတွင်း ပညာရေးကဏ္ဍတွင် အတူသင်ကြားနိုင်ရေးကိစ္စ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လွတ်လပ်သည့် စောင့်ကြည့် အကဲဖြတ်ရေးအဖွဲ့တစ်ဖွဲ့ ထူထောင်ရန်ကိစ္စ နှင့် ရခိုင်ဒေသခံများအတွက် လိုအပ်သည့် ငွေကြေးအထောက်အပံ့နှင့် အကူအညီများအား သင့်လျော်သည့်နည်းဖြင့် လှူဒါန်း ထောက်ပံ့နိုင်မည့် “ရခိုင်အရေးစိတ်ဝင်စားသည့် မြန်မာ့မိတ်ဆွေများ”အဖွဲ့ကို အလွတ်သဘော တည်ထောင်နိုင်ရန် စသည့်အကြံပြုချက်များကိုလည်း အစီရင်ခံစာတွင် ထည့်သွင်း အကြံပြုထားသည်။

Most Read

Most Recent