မြောင်းမြမြို့လယ်ရှိ မဟီယင်္ဂဏ မူလတန်းကျောင်း ကျောင်းဆောင်ပြိုကျလာမှုကြောင့် အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် သတ်မှတ်လိုက်ရပြီး ကလေးငယ်များအား ဘုန်းကြီးကျောင်းတစ်ခုတွင် ပြောင်းရွှေ့သင်ကြားပေးနေရ

မြောင်းမြမြို့လယ်ရှိ မဟီယင်္ဂဏ မူလတန်းကျောင်း ကျောင်းဆောင်ပြိုကျလာမှုကြောင့် အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် သတ်မှတ်လိုက်ရပြီး ကလေးငယ်များအား ဘုန်းကြီးကျောင်းတစ်ခုတွင် ပြောင်းရွှေ့သင်ကြားပေးနေရ
Published 20 January 2020
မင်းသူဝင်းထွဋ်

မြောင်းမြမြို့ ဦးဘချိုလမ်းပေါ်ရှိ မဟီယင်္ဂဏ အခြေခံပညာ မူလတန်းကျောင်းမှ ပင်မစာသင်ကျောင်းဆောင်သည် အုတ်နံရံများ ပြိုလဲခြင်း နံရံများအက်ကွဲခြင်းများ ဖြစ်ပေါ်လာခဲ့ပြီး အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် သတ်မှတ်လိုက်ရသောကြောင့် ကလေးငယ်များအား ဇန်နဝါရီ ၂၀ ရက်မှ စတင်တာ စာသင်ကျောင်းအနီးရှိ ဇေယျနန္ဒာရုံ ဘုန်းကြီးကျောင်းတွင် ယာယီစာသင်ကျောင်း ဖွင့်လှစ်ကာ ပြောင်းရွှေ့သင်ကြား ပေးနေရကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းမှ စတင်ကာ စာသင်ကျောင်းရှိ နံရံအချို့မှာ အက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့ပြီး အုတ်နံရံများ ပြိုကျသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ပညာရေးဌာနမှ တာဝန်ရှိသူများမှ အရေးပေါ် ပြင်ဆင်ထိန်းသိမ်း နိုင်ရန်အတွက် ဘတ်ဂျက်များ ရေးဆွဲခဲ့သော်လည်း လုပ်ငန်းစတင် အကောင်အထည် မဖော်နိုင်သေးမီ အချိန်တွင် ဆက်လက်ပြိုကျမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ တွက်ချက်စစ်ဆေးမှုများအရ အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဘုန်ကြီးကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားရခြင်း ဖြစ်ကြောင်း သိရသည်။

“နံရံတွေ စပြိုကျတာကတော့ ၉ လပိုင်းထဲက စပြီးတော့ပြိုကျတာ၊ အခုလို ပြောင်းလိုက်တာကတော့ စည်ပင်ရဲ့ မှတ်ချက်ပေါ့။ အန္တရာယ်ရှိ ကျောင်းဆောင်လို့ သတ်မှတ်တော့ ဘာပဲပြောပြော တာဝန်ခံမှုအရ ကိုယ်ကိုယ်တိုင် တာဝန်ခံရမှာဆိုတော့ ကလေးတွေအတွက် စိုးရိမ်ပြီး အခုလို ဇေယျနန္ဒာရုံကျောင်းကို ပြောင်းရွှေ့ပြီးတော့ သင်ကြားရတာပါ၊ ပညာရေးဌာနကတော့ စည်ပင်ကနေ အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် သတ်မှတ်ပြီးတော့ ကျွန်တော့်ကို ခေါ်တွေ့ပြီးတော့ ကျောင်းပြောင်းဖို့ကိစ္စ၊ နေရာပြောင်းဖို့ကိစ္စ လမ်းညွှန်မှာကြားတယ်။ မြို့နယ်ပညာရေးမှူးရဲ့ လမ်းညွှန်မှာကြားချက်နဲ့ ကျွန်တော်တို့ ဒီကျောင်းမှာ သင်ကြားတာပေါ့၊ ကျွန်တော်တို့ ဒီမှာနှစ်ကုန်ထိ မတ်လ၂၅ ရက်အထိ ဒီမှာသင်ကြားဖို့ စီစဉ်ထားတယ်၊ ဟိုးတုန်းထဲက ကျွန်တော်တို့က ဒီဟာကို ထူးခြားဖြစ်စဉ် သဘောမျိုး အဆင့်ဆင့် လမ်းညွှန်မှုတွေ ခံယူတယ်။ ဒါပေမဲ့ ဖြစ်တာက ကျွန်တော်တို့ရဲ့ ပညာရေး ဘတ်ဂျက်က လုံးချင်းလျှောက်ထားလို့ရှိရင် အနည်းဆုံး နှစ်နှစ်လောက်ကြာမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ပြင်ထိန်းသဘောမျိုးနဲ့ လျှောက်ထားတယ်၊ လက်ရှိလောလောဆယ်တော့ ၁၇၄ သိန်းကျော်တော့ ရလာပြီ။ ကျောင်းအတွက် ပြင်ဆင်စရိတ်၊ ဒါပေမဲ့ သိန်း ၁၀၀ ကျော်တာမို့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး တင်ဒါခေါ်ထားတယ်လို့ ကြားရတယ်” ဟု မဟီယင်္ဂဏ အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဟံမိုးက ပြောကြား သည်။

မဟီယင်္ဂဏ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား ကျောင်းသူပေါင်း  ၁၅၂ ဦး တက်ရောက် ပညာသင်ကြားနေပြီး ယခု ဇေယျနန္ဒာရုံ ဘုန်းကြီးကျောင်းအတွင်း ကျောင်းဆောင်တစ်ခုတွင် ပြောင်းရွှေ့ ပညာသင်ကြားနေရာတွင် ကလေးငယ်များမှာ စာသင်ထိုင်ခုံများ မလုံလောက်မှုများကြောင့် အင်္ဂတေပြားများပေါ်တွင် အခင်းများ စက္ကူအထူများ ခင်းကျင်းကာ ပညာသင်ကြား နေကြရကြောင်း သိရသည်။

 

Most Read

Most Recent