မြန်မာနိုင်ငံ၏ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားအဆင့် အထည်အလိပ်မူဝါဒ National Textile Policy ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ၏ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားအဆင့် အထည်အလိပ်မူဝါဒ National Textile Policy ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိ
 ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 15 January 2020
နီလာ

 

မြန်မာနိုင်ငံ၏ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသားအဆင့် အထည်အလိပ်မူဝါဒ National Textile Policy ပြဋ္ဌာန်းနိုင်ရေး ရေးဆွဲလျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမျိုးသားအဆင့် အထည်အလိပ်မူဝါဒ National Textile Policy ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ရေးဆွဲခဲ့ပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အထည်အလိပ်ကဏ္ဍမှ လုပ်ငန်းရှင်များပါဝင်သော ပထမအကြိမ် Stakeholder Meeting ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပခဲ့သည်။

အမျိုးသားအဆင့် အထည်အလိပ်မူဝါဒ ရေးဆွဲပြဋ္ဌာန်းနိုင်ခြင်းကြောင့် အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံချက်များ၊ လမ်းပြမြေပုံများအား ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေးဆွဲနိုင်ခြင်း၊ လိုအပ်သောဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များအား ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်နိုင်ခြင်း၊ အထည်အလိပ်ထုတ်လုပ်မှု ကွင်းဆက်အတွင်း အစမှအဆုံးအထိ ချိတ်ဆက်ဆောင်ရွက်ရန်အတွက် ထောက်ပံ့ပေးနိုင်မည်ဖြစ်ခြင်း၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအတွက် အားပေးသည့် စီးပွားရေးဝန်းကျင်ကို ထူထောင်နိုင်မည်ဖြစ်ခြင်း၊ ရိုးရာအိမ်တွင်းမှု အထည်အလိပ်လုပ်ငန်းများ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး နိုင်ငံတော်၏ တစ်ဦးချင်း ကုန်ထုတ် လုပ်မှုတန်ဖိုးမြင့်မားလာစေခြင်း၊ လူမှုစီးပွားဘဝ တိုးတက်လာစေခြင်း၊ နည်းပညာအသစ်များရရှိပြီး နိုင်ငံတကာစျေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း၊ ပြည်ပနှင့်ကုန်သွယ်မှု လွယ်ကူစေခြင်းနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာမှ ဖွံ့ဖြိုးမှု မိတ်ဖက်များ ဖိတ်ခေါ်ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန်၊ လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်းအထည်အလိပ်ထုတ်လုပ်မှု တိုးတက်ရန်နှင့် ပြည်ပပို့ကုန်မြှင့်တင်ပြီး သွင်းကုန်လျှော့ချနိုင်ရန် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် အမျိုးသားအဆင့် အထည်အလိပ်မူဝါဒ ပြဋ္ဌာန်းနိုင်ရေးသက် ဆိုင်ရာအဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်ရယူ၍ ဂျာမနီနိုင်ငံ GIZ အကူအညီဖြင့် အပြီးသတ်ရေးဆွဲလျက်ရှိသည်။

မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန်မဟာဗျူဟာ National Export Strategy NES ကို လုပ်ငန်းကဏ္ဍအသီးသီးအတွက် စီမံချက်များရေးဆွဲပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားအဆင့် အထည်အလိပ်မူဝါဒကို ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာအရ မြန်မာနိုင်ငံ၏အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် CMP စနစ်ဖြင့် ဆောင်ရွက်နေသော အထည်ချုပ်လုပ်ငန်းများအား FOB စနစ်သို့ ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ Bonded Warehouse စနစ် အကောင်အထည်ဖော်ရေး၊ ပို့ကုန်မြှင့်တင်ရန်  အထောက်အကူပြုနိုင်ရေး စသည်တို့အတွက် လိုအပ်သော အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ အထူးပြုစက်မှုဇုန် Specialization Textile and Garment Zone များကို တည်ထောင်သွားရမည်ဖြစ်ကြောင်း သိရသည်။