ဘဏ်အချင်းချင်း ငွေကြေးစျေးကွက်ဆောင်ရွက်ချက် (Interbank Money Market Transaction) များနိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်ခွင့်ပြုခဲ့ပြီး ကျပ်နှင့် အမေရိကန်ဒေါ်လာ နှစ်မျိုးစလုံးဖြင့် ဆောင်ရွက်နိုင်မည်

ဘဏ်အချင်းချင်း ငွေကြေးစျေးကွက်ဆောင်ရွက်ချက် (Interbank Money Market Transaction) များနိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်ခွင့်ပြုခဲ့ပြီး ကျပ်နှင့် အမေရိကန်ဒေါ်လာ နှစ်မျိုးစလုံးဖြင့် ဆောင်ရွက်နိုင်မည်
ပြည်တွင်းဘဏ်တစ်ခု၏ ဘဏ်ခွဲတွင် ငွေရေးကြေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ပြည်တွင်းဘဏ်တစ်ခု၏ ဘဏ်ခွဲတွင် ငွေရေးကြေးရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 6 January 2020
စည်သူအောင်



ဘဏ်အချင်းချင်း ငွေကြေးစျေးကွက် ဆောင်ရွက်ချက် (Interbank Money Market Transaction)များ နိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်ခွင့်ပြုခဲ့ပြီး ကျပ်နှင့် အမေရိကန်ဒေါ်လာ နှစ်မျိုးစလုံးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက် ၂၂/၂၀၁၉ ဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘဏ်၏ငွေဖြစ်လွယ်မှု စီမံခန့်ခွဲခြင်းကို အထောက်အကူ ဖြစ်စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ (၄) (ဇ) အရ ငွေကြေးစျေးကွက် ဆောင်ရွက်ချက်များ စနစ်တကျနှင့် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန် ရည်ရွယ်၍ ဘဏ်အချင်းချင်း ငွေကြေးစျေးကွက် ဆောင်ရွက်ချက် (Interbank Money Market Transaction) များကို သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက် ရမည်ဖြစ်သည်။

အဆိုပါ သတ်မှတ်ချက်များတွင် ငွေထုတ်ပေးခြင်း (Fund Providing) တွင် ဘဏ်အချင်းချင်း ငွေထုတ်ချေးခြင်း (Bilateral Interbank Lending)၊ ဘဏ်အချင်းချင်း အပ်နှံငွေထားရှိခြင်း (Interbank Deposit Placing) နှင့် Bilateral Repurchase Agreement (Repo) ဖြင့် အစိုးရငွေချေး သက်သေခံလက်မှတ်များ ဝယ်ယူခြင်းများ ပါဝင်သည်။ ထို့အတူ ငွေလက်ခံခြင်း (Fund Receiving) တွင် ဘဏ်အချင်းချင်း ငွေချေးယူခြင်း (Bilateral Interbank Borrowing)၊ ဘဏ်အချင်းချင်း အပ်နှံငွေလက်ခံခြင်း (Interbank Deposit Receiving) နှင့် Bilateral Repurchase Agreement (Repo) ဖြင့် အစိုးရငွေချေးသက်သေခံလက်မှတ်များ ရောင်းချခြင်းများ ပါဝင်သည်။

ဘဏ်အချင်းချင်း ငွေကြေးစျေးကွက် ဆောင်ရွက်ချက်များ ဆောင်ရွက်ရာတွင် ပြုလုပ်နိုင်သည့် အချက်များမှာ သက်တမ်းတစ်နှစ်ထက် မပိုသည့် ငွေထုတ်ပေးခြင်းနှင့် ငွေလက်ခံခြင်း နည်းလမ်းများကို မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ နှစ်မျိုးစလုံးဖြင့်  ဆောင်ရွက်နိုင်သည်။ နှစ်ဦးနှစ်ဖက် ပြန်လည်ဝယ်ယူရန် သဘောတူညီချက်အရ လုပ်ဆောင်ချက်များကို ဆောင်ရွက်ပါက နိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁၁/၂၀၁၇) နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ Transaction တစ်ခုစီ၏ သက်တမ်းစေ့ရောက်သည့် နေ့ရက် (Maturity Date) သည် ဘဏ်အလုပ်လုပ်ရက်တွင်သာ ကျရောက်စေရန် သတ်မှတ်ရမည်ဖြစ်ပြီး ဘဏ်ပိတ်ရက်တွင် ကျရောက်ပါက ယင်းပိတ်ရက်၏ ရှေ့ရက်သို့ ပြောင်းရွှေ့ သတ်မှတ်ရန်ဖြစ်သည်။ သက်တမ်းတစ်နှစ်ရှိ Fixed Deposit များအတွက် ရက်ပေါင်း ၃၆၅ ရက် (ရက်ထပ်နှစ် ဖြစ်ပါက ၃၆၆ ရက်) ထက်မပိုဘဲ သတ်မှတ်ရမည်။

ထို့ပြင် အတိုးနှုန်းပါရှိသည့်ပုံစံဖြင့် ဆောင်ရွက်ရန်ဖြစ်ပြီး အာမခံနှင့် အာမခံမဲ့ နှစ်မျိုးစလုံးဖြင့် ဆောင်ရွက်နိုင်သည်။ နိုင်ငံတော်ဗဟိုဘဏ် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၁/၂၀၁၉ သည် ဘဏ်များမှ ဆက်သွယ်ဆောင်ရွက်နေသည့် Customer များသို့ ထုတ်ချေးသော ချေးငွေနှင့် စုဆောင်းငွေများအတွက် လိုက်နာရန် ညွှန်ကြားထားခြင်းဖြစ်သည်။ ဘဏ်အချင်းချင်း ချေးငွေသည် ညွှန်ကြားချက် ၁/၂၀၂၉ ဖြင့် သက်ဆိုင်ခြင်းမရှိ၍ ဘဏ်အချင်းချင်း ဆောင်ရွက်ရာတွင် ငွေထုတ်ပေးသည့်ဘဏ်နှင့် ငွေလက်ခံသည့်ဘဏ်တို့ နှစ်ဖက်ညှိနှိုင်း သဘောတူသည့် အတိုးနှုန်းဖြင့် ဆောင်ရွက်နိုင်သည်။

အစိုးရငွေချေး သက်သေခံလက်မှတ်များကို အာမခံအဖြစ် အသုံးပြုပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ Central Securities Depository Guidelines ပါ Haircut သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရန်ဖြစ်သည်။ အမေရိကန်ဒေါ်လာကို အာမခံအဖြစ် အသုံးပြုပါက Haircut အနည်းဆုံး ငါးရာခိုင်နှုန်းထက် မနိမ့်စေဘဲ နှစ်ဖက်ညှိနှိုင်း သဘောတူညီသည့် Haircut ဖြင့် ဆောင်ရွက်နိုင်သည်။ Interbank Money Market Transaction ကို အာမခံရယူခြင်း မပြုသည့်ပုံစံဖြင့် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၈/၂၀၁၇) နှင့်အညီ ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာ စည်းမျဉ်းကို လိုက်နာဆောင်ရွက်ရမည်။ ဤညွှန်ကြားချက်အရ ဆောင်ရွက်ချက်များကို IAS 32 နှင့် IFRS 9 ပါ သတ်မှတ်ချက်များအတိုင်း စာရင်းတင် ဆောင်ရွက်ရမည်ဖြစ်သည်။

ဘဏ်အချင်းချင်း ငွေကြေးစျေးကွက် ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ FIDES (Financial Information Data Exchange System) ၏ Interbank Reporting Template ကို အသုံးပြုရန် Transaction ရှိသောနေ့တွင် နေ့စဉ်ပေးပို့ရမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်စွဲပါ ညွှန်ကြားချက် အမှတ် (၁၁/၂၀၁၇) ၏ အပိုဒ် (၄) အစား ဤညွှန်ကြားချက်ပါ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက် ရမည်ဖြစ်ပြီး နိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၆ ခုနှစ် ဧပြီ ၈ ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၄/၂၀၁၆ ကို ဤညွှန်ကြားချက်ဖြင့် လွှမ်းမိုးလိုက်ကြောင်း အသိပေး ကြေညာထားသည်။

Most Read

Most Recent