ပြည်တွင်း CMP လုပ်ငန်းများသည် ကမ္ဘာ့စျေးကွက်ရရှိမှု၊ အခြေခံ အဆောက်အအုံ အထူးသဖြင့် လျှပ်စစ်ရရှိမှု ကဏ္ဍများ၌ အာဆီယံနိုင်ငံများထက် အားနည်းနေပြီး လက်ရှိတွင် ကိုယ်တိုင်အစအဆုံး ထုတ်လုပ်နိုင်မှုအပိုင်း၌ အားနည်းချက်များ ရှိသေးဟုဆို

ပြည်တွင်း CMP လုပ်ငန်းများသည် ကမ္ဘာ့စျေးကွက်ရရှိမှု၊ အခြေခံ အဆောက်အအုံ အထူးသဖြင့် လျှပ်စစ်ရရှိမှု ကဏ္ဍများ၌ အာဆီယံနိုင်ငံများထက် အားနည်းနေပြီး လက်ရှိတွင် ကိုယ်တိုင်အစအဆုံး ထုတ်လုပ်နိုင်မှုအပိုင်း၌ အားနည်းချက်များ ရှိသေးဟုဆို
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခု အတွင်းရှိ အထည်ချုပ် လုပ်ငန်းခွင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခု အတွင်းရှိ အထည်ချုပ် လုပ်ငန်းခွင်ကို တွေ့ရစဉ်
Published 27 December 2019
ဇေယျာငြိမ်း

ပြည်တွင်း CMP လုပ်ငန်းများသည် ကမ္ဘာ့စျေးကွက်ရရှိမှု၊ အခြေခံ အဆောက်အအုံ အထူးသဖြင့် လျှပ်စစ်ရရှိမှု ကဏ္ဍများတွင် ဒေသတွင်း အာဆီယံနိုင်ငံများထက် အားနည်းနေပြီး လက်ရှိတွင် ကိုယ်တိုင်အစအဆုံး ထုတ်လုပ်နိုင်မှုအပိုင်း၌ အားနည်းချက်များ ရှိနေသေးကြောင်း မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာတင်လတ်က ပြောကြားသည်။

“CMP ဆိုတာကတော့ အဓိကတော့ Value Chain ရဲ့ အစိတ်အပိုင်း တစ်ခုထဲကို ပါဝင်ခွင့်ရလိုက်တာ။ CMP ဆိုတာက ရသမျှအမြတ်တွေ အကုန်လုံး ရလိုက်တာ မဟုတ်ဘူး။ ကျွန်တော်တို့က အခိုင်းစားခံရတယ်လို့ပဲ အခြေခံ နားလည်တယ်ပေါ့နော်။ ဒါပေမဲ့ ကိုယ်တိုင်လုပ်နိုင်ရင်တော့ ပိုကောင်းတယ်။ ကိုယ်တိုင် Value Chain တစ်ခုလုံး သွင်းနိုင်မယ်။ ပြီးရင်ရောင်းနိုင်မယ်။ စျေးကွက်ရှိမယ် ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေမယ်ပေါ့။ ဒီနေရာမှာ အဓိကမေးခွန်းက ဘာလဲဆိုရင် Market ပဲ။ ကျွန်တော်တို့ကို Market ဘယ်သူပေးမှာလဲ။ ကျွန်တော်တို့က တကယ်လို့ Global Market ကို သွားမယ်ဆိုရင် ဒီဘက်က Resource တွေကိုသုံးဖို့က ပြဿနာ မဟုတ်ဘူး။ ဒီမှာအဓိကက Global Market ဝင်နိုင်ဖို့ပဲ ဒီလိုဝင်နိုင်ဖို့က အဓိကတော့ Efficiency လိုတယ်။ Efficiency ဒီထက်ပိုပြီး ရှိဖို့လိုတယ်။ ကျွန်တော်တို့ ဒေသတွင်းမှာဆို တခြားနိုင်ငံနဲ့ယှဉ်ရင် ဥပမာဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ယှဉ်မလား။ Efficiency နဲ့ယှဉ်လိုက်ရင် Last Efficiency ဖြစ်နေတာတွေ အများကြီးရှိတယ်။ Efficiency ဖြစ်ဖို့က အခြေခံ အဆောက်အအုံ လိုလာပြီ။ အထူးသဖြင့် လျှပ်စစ်ပဲ။ ဒါကို နိုင်နိုင်နင်းနင်း ရမယ်ဆိုရင် Factor တစ်ခုအနေနဲ့ ကျွန်တော်တို့ ရနိုင်တယ်။ နောက်တစ်ခု Market ပေါ့။ Global Market ကို ဝင်နိုင်ဖို့ဆိုရင် အရည်အသွေးရှိမှရမယ်” ဟု ဒေါက်တာတင်လတ်က ပြောကြားသည်။

ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ်၍ ပြည်ပသို့ ပြန်လည်တင်ပို့သည့် CMP လက်ခစားစနစ်ကို မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ်က အထည်ချုပ်လုပ်ငန်းနှင့် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် ဖိနပ်၊ အိတ်ချုပ်လုပ်ငန်း၊ ပလတ်စတစ် ကုန်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊ ဆံပင်အတု လုပ်ငန်းများအပြင် အခြားသော လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း လုပ်ငန်းပေါင်း ၇၀ ကျော်ရှိသည်။

မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင် လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်လည်း ထုတ်လုပ်မှုကဏ္ဍ၌ အထည်ချုပ်ကဏ္ဍ၌ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင် ၅၀၀ ကျော်ပြီး အလုပ်သမား ခန့်ထားမှုမှာလည်း ငါးသိန်းကျော်ရှိကြောင်း သိရသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်သဖြင့် ချုပ်ခ ၁၀ ရာခိုင်နှုန်းခန့်သာ ရရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံက ချုပ်ခကို ဝင်ငွေအနေနဲ့ရတာ။ ဒါက ပျှမ်းမျှအနေနဲ့ ပြောတာပါ။ တချို့ဆို ရှစ်ရာခိုင်နှုန်း လောက်ပဲရတဲ့သူတွေ ရှိတယ်။ တချို့ဆို ၁၂ အထိ ရတဲ့သူတွေရှိတယ်။ High Value Price ဆို နည်းနည်းပိုရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်းလောက်ရတယ်။ အရမ်းပေါပေါလောလောကြီးနဲ့ သိန်းနဲ့ချီပြီးအပ်ပြီး ချုပ်ခအရမ်းနည်းတဲ့ဟာတွေက ရှစ်ရာခိုင်နှုန်း လောက်ပဲရတယ်။ ဒါကြောင့်မို့ ပျှမ်းမျှကို ၁၀ ရာခိုင်နှုန်းလို့ပြောတာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်  လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် CMP လက်ခစား လုပ်ငန်းများမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၃၀၀ ခန့်သာ ဝင်ငွေရှိသော်လည်း အဆိုပါ လုပ်ငန်းများကို CMP စနစ်ကို ဆောင်ရွက်နိုင်မည်ဆိုပါက ဒေါ်လာသန်း ၃၀၀၀ (သုံးဘီလျံ) အထိ နိုင်ငံ့ဝင်ငွေ ရရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရသည်။

လက်ရှိအချိန်တွင် CMP လက်ခစားစနစ်လုပ်ငန်းသည် နှစ်ပေါင်းသုံးဆယ်ခန့် ရှိလာပြီ ဖြစ်သော်လည်း ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် အခြေအနေသို့ တက်လှမ်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာသန်း ၈၅၀ ကျော်ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၈၀ ကျော်ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

 

Most Read

Most Recent