လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ခုနစ်ရာခိုင်နှုန်းခန့်သာရှိနေပြီး လာမည့်နှစ်များတွင် ရှစ်ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းကြားအထိ မြင့်တက်လာစေရန် ဆောင်ရွက်သင့်ဟုဆို

လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ခုနစ်ရာခိုင်နှုန်းခန့်သာရှိနေပြီး လာမည့်နှစ်များတွင် ရှစ်ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းကြားအထိ မြင့်တက်လာစေရန် ဆောင်ရွက်သင့်ဟုဆို
စီးပွားရေးမြို့တော် ရန်ကုန်၏ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
စီးပွားရေးမြို့တော် ရန်ကုန်၏ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
Published 26 December 2019
 ဇေယျာငြိမ်း

 

လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ခုနစ်ရာခိုင်နှုန်းခန့်သာရှိနေပြီး စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် လာမည့်နှစ်များတွင် ရှစ်ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းကြားအထိ မြင့်တက်လာစေရန် ဆောင်ရွက်သင့်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်လတ်က ပြောကြားသည်။

“၂၀၁၉ မှာ ကမ္ဘာ့ဘဏ်ရဲ့ တကယ်တရားဝင် ကြေညာတဲ့နှုန်းထားကလည်း ပိုတက်လာတယ်။ တက်တဲ့နှုန်းထားက ဆက်တက်မယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့မှာ တက်စရာအများကြီးရှိတယ်။ Economic Growth Rate က GDP နှုန်းထားတွေက နောက်ထပ်တိုးနိုင်ဖွယ်ရာရှိတယ်။ လက်ရှိ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ခြောက်ရာခိုင်နှုန်းနဲ့ ခုနစ်ရာခိုင်နှုန်းကြားမှာရှိတယ်။ အဲဒီနှုန်းထားက ဒေသတွင်း အာဆီယံမှာဆို တော်တော်မြင့်တယ်။ ဒါပြောလို့ရတာက တိုးတက်ပြီးသားနိုင်ငံက ထပ်တိုးတက်ဖို့ဆိုတာ နှုန်းထားနဲ့တိုင်းလို့မရဘူး။ ကျွန်တော်တို့နိုင်ငံကျတော့ တိုးတက်ဖို့အတွက်ကျတော့ နှုန်းထားမြင့်မှရမှရမယ်။ အခုလက်ရှိ ခုနစ်ရာခိုင်နှုန်း အဲဒီထက်မြင့်ရင် ပိုသင့်တော်မယ်လို့ထင်တယ်။ ကျွန်တော့်အမြင်ကတော့ ခုနစ်ရာခိုင်နှုန်းနဲ့ အထက် ရှစ်ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းဝန်းကျင်ဆို Economic Growth Rate ပိုကောင်းလာမယ်လို့ မြင်တယ်။ လက်ရှိမှာက စီးပွားရေးရှုထောင့်က ကြည့်မယ်ဆိုရင် မှန်ကန်တဲ့လမ်းကြောင်းတစ်ခုနဲ့ သွားနေတယ်လို့ မြင်တယ်။ အရှိန်လေးမပျက်ဖို့ပဲလိုတယ်။ ကျွန်တော်တို့ အရှိန်ရနေပြီဆိုတဲ့ သဘောရှိတယ်။ တစ်ခုခု အနှောင့်အယှက်ကြောင့် ဒီအရှိန်လေး ပျက်ခဲ့မယ်ဆိုရင်တော့ အန္တရာယ်ရှိတယ်။ ဒီအရှိန်လေးကို ထိန်းနိုင်မယ်ဆိုရင် နောက်ပိုင်းတိုးတက်မှုလည်း မြင်ပါတယ်” ဟု ဒေါက်တာတင်လတ်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍများ၌ အလာအလာကောင်းများသည့် ကဏ္ဍများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖြစ်ကြောင်း၊ ယင်းကဏ္ဍများမှတစ်ဆင့် ပြည်ပသွင်းကုန်အစားထိုး တန်ဖိုးမြင့် စားသောက်ကုန်လုပ်ငန်းများသည် အဓိကအလားအလာကောင်းသော လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

“အဓိက အလားအလာကောင်းတာက ငြင်းစရာမလိုတဲ့ပွိုင့်ကတော့ Agriculture Resources တွေက အများကြီးရှိတယ်။ မြေ၊ အလုပ်သမားတွေ အများကြီးရှိနေတယ်။ ဒီအရင်းအမြစ်တွေကို ဒီထက်ပိုပြီး Efficience  ဖြစ်အောင်သုံးဖို့ပဲ။ လက်ရှိအခြေအနေမှာ ကျွန်တော်တို့က မွေးနိုင်တယ်၊ စိုက်နိုင်တယ်၊ စိုက်ဖို့အတွက်လည်း အကွက်တွေအများကြီး၊ မွေးဖို့အတွက် နေရာတွေအများကြီးရှိတယ်။ ကောင်းတဲ့အချက်က ပတ်ဝန်းကျင်နဲ့ အခြေအနေပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ ပတ်ဝန်းကျင်အခြေအနေက အိမ်နီးချင်နိုင်ငံတွေထက်တောင် သာတဲ့အချက်တွေအများကြီး ရှိတယ်။ ထိုင်းနဲ့ယှဉ်လိုက်ရင် လေထုညစ်ညမ်းမှုတွေ အများကြီးကောင်းသေးတယ်။ ကျွန်တော်တို့ဆီမှာ Green Area တွေ အများကြီးရှိသေးတယ်။ ဒီအခြေအနေတွေကနေ ကြည့်မယ်ဆိုရင်တော့ မွေးမြူရေးနှင့် စိုက်ပျိုးရေးကဏ္ဍအများကြီးတိုးတက်လာမယ်။ ဒါဆိုရင် မွေးမြူရေးနဲ့ စိုက်ပျိုးရေးနဲ့ ချိတ်ဆက်နေတဲ့နယ်ပယ်ဟာ တန်ဖိုးမြင့်ထုတ်ကုန်တွေထုတ်လာနိုင်မယ်။ အဓိကတော့ စားသောက်ကုန်ကဏ္ဍပေါ့။ ဒီလိုဖွံ့ဖြိုးလာပြီဆိုရင် ပြည်တွင်းစားသုံးမှုကို ပြည်ပက တင်သွင်းထားတဲ့ ပစ္စည်းနေရာမှာ အစားထိုးနိုင်မယ်။ ကျွန်တော်တို့ အစားအသောက်တွေကို ပြည်ပကိုပို့နိုင်မယ်။ ဒီနေရာမှာ အရမ်းလိုအပ်တာကတော့ အရည်အသွေးပဲ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ လုပ်နိုင်ရမယ်” ဟု ဒေါက်တာတင်လတ်က ပြောကြားသည်။

ပို့ကုန်တိုးတက်မှုနှုန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း၌ အထွေထွေကျဆင်းလာခြင်းကြောင့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ ဖွံ့ဖြိုးဆဲနိုင်များ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၀ ခုနှစ်တွင် ၅ဒသမ၆ ရာခိုင် နှုန်းအထိ ကျဆင်းသွားနိုင်သော်လည်း မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၆ ဒသမ ၇ အထိတိုးတက်နိုင်ကြောင်း အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အရှေ့အာရှနှင့်ပစိဖိတ်ဒေသ၏ ဖွံ့ဖြိုးဆဲတိုင်းပြည်များ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၁၉ ခုနှစ်တွင် ၅ ဒသမ ၈ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်းသို့ အသီးသီးကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ၂၀၁၉  ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀  နှင့် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု ကမ္ဘာ့က ခန့်မှန်းထားသည်။

 

 

Most Read

Most Recent