အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုအပါအဝင် ဦးစားပေးကဏ္ဍများနှင့် အထောက်အကူပြုကဏ္ဍ ၁၈ ခုဖြင့် အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ အကောင်အထည်ဖော်မည်

အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုအပါအဝင် ဦးစားပေးကဏ္ဍများနှင့် အထောက်အကူပြုကဏ္ဍ ၁၈ ခုဖြင့် အမျိုးသားပို့ကုန် မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ အကောင်အထည်ဖော်မည်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 25 December 2019

မြန်မာနိုင်ငံ၏ ပို့ကုန်မြှင့်တင်ရေးအတွက် အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု ကဏ္ဍအပါအဝင် ဦးစားပေးကဏ္ဍများနှင့် အထောက်အကူပြုကဏ္ဍ၁၈ ခုဖြင့် အမျိုးသား ပို့ကုန်မဟာဗျူဟာ၂၀၂၀-၂၀၂၅ ကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ၏ မျှော်မှန်းချက်၊ ဦးတည်ချက်များနှင့် ဦးစားပေးကဏ္ဍများနှင့် အထောက်အကူပြုကဏ္ဍများ စုစုပေါင်း ၁၈ ခုအား နိုဝင်ဘာ ၅ ရက်တွင် ကျင်းပသော အစိုးရအဖွဲ့ အစည်းအဝေးမှ အတည်ပြုပေးခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀ -၂၀၂၅) ဦးစားပေးကဏ္ဍများမှာ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ (Machinery & Electrical Equipment) ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ (Textile & Garments) ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ (Forestry Products) ၊ လယ်ယာထွက်ပစ္စည်း အခြေခံစားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ (Agro-Food Processing) ၊ ရေထွက်ကုန် လုပ်ငန်းကဏ္ဍ (Fisheries) ၊ ဒစ်ဂျစ်တယ် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ (Digital Products and Services) ၊ ဆန်စပါး ကဏ္ဍ (Rice) ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ကဏ္ဍ (Pulse & Beans and Oilseeds) ၊ ရော်ဘာလုပ်ငန်းကဏ္ဍ (Rubber) ၊ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism) ၊ သစ်သီးဝလံနှင့်  ဟင်းသီးဟင်းရွက်ကဏ္ဍ (Fresh Fruits and Vegetables) ၊ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍ (Gems and Jewellery) ၊ လက်မှုအနုပညာပစ္စည်းကဏ္ဍ (Handicrafts) တို့ဖြစ်ပြီး အထောက်အကူပြုကဏ္ဍများမှာ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ (Quality management) ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ (Lgistics Services) ၊ ကုန်သွယ်မှု သတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ (Trade Information) ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင် ဆောင်ရွက်ခြင်းကဏ္ဍ (Innovation and Entreperneurship) နှင့်ဘဏ္ဍာရေးဝန်ဆောင်မှုများ ရရှိနိုင်ရေးကဏ္ဍ (Access to Finance) တို့ဖြစ်ကြောင်း သိရသည်။

လက်ရှိ NLD အစိုးရသစ်လက်ထက်တွင် ပို့ကုန်သုံးဆမြှင့်တင်နိုင်ရေး ရည်မှန်းထားပြီး လက်ရှိအခြေအနေတွင် ပို့ကုန်တင်ပို့မှုမှာ ၂၀၁၅ ခုနှစ်ထက် နှစ်ဆတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်း/ပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန်ဖြစ်ပြီး အဓိကရည်မှန်းချက်မှာ ပို့ကုန်မြှင့်တင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ယခင်နှစ်နည်းတူ ကုန်သွယ်မှုလိုငွေပမာဏ ဒေါ်လာသန်း ၅၀၀ သာရှိစေရန် မျှော်မှန်းထားသော်လည်း လက်တွေ့လုပ်ကိုင်ရာ၌ အခက်အခဲများရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုး မြင့်မားနေခြင်းကို ဆိုလိုသည်။ တစ်နည်းအားဖြင့် မိမိနိုင်ငံကတင်ပို့နိုင်မှု စွမ်းအားထက် ပြည်ပမှ ပိုမိုတင်သွင်းနေရခြင်း ဖြစ်သည်။

“ ကုန်သွယ်မှုလိုငွေကတော့ နည်းနည်းလေးလျော့မယ့် သဘောလေးရှိတယ်။ လျာထားချက်ကတော့ ဒေါ်လာသန်း ၅၀၀ လောက်ပဲ ရှိအောင်ပေါ့နော်။ ဒါပေမဲ့ တကယ်လက်တွေ့လုပ်တဲ့အခါကျတော့ ကိုယ့်ပြည်တွင်းလည်း စားသုံးမှုအားကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့ ဥပမာ မွေးမြူရေးကတက်လာတယ်။ ကြက်စာအရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖက်ဆိုရင် ဟိုတုန်းက တစ်နှစ်ကို တန်ချိန် နှစ်သောင်းလောက်၊ အခုဆို တန်ချိန်ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလည်း ဒီဘက်ကလုပ်ငန်းတွေက တိုးတက်မှာ၊ ဒါတွေက လျော့လို့မရဘူးလေ။ တချို့ကလည်း ခရီးသွားတက်လာတဲ့အခါမှာ ဒီမှာ မထုတ်နိုင်တဲ့ ဝက်အူချောင်းတို့ အကောင်းစားငါးတွေ တင်သွင်းရတာရှိတယ်။ စားအုန်းဆီကလည်း လျော့မပေးနိုင်ဘူး။ ဒီဇယ်မှာလည်း လျော့လို့မရဘူး။ ဆေးဝါးကလည်း လျော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျော့လို့မရဘူး” ဟု ၎င်းက ဆိုသည်။

 

Most Read

Most Recent