ICJ တရားရုံး၌ တရားရင်ဆိုင်နေစဉ်အတွင်း ပြည်သူအားလုံး၏ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ကြောင်းနှင့် စစ်မှန်သည့်ညီညွတ်မှုသည် နှလုံးသားထဲကညီညွတ်မှုဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

ICJ တရားရုံး၌ တရားရင်ဆိုင်နေစဉ်အတွင်း ပြည်သူအားလုံး၏ ထောက်ခံအားပေးမှုကို ကျေးဇူးတင်ကြောင်းနှင့် စစ်မှန်သည့်ညီညွတ်မှုသည် နှလုံးသားထဲကညီညွတ်မှုဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 25 December 2019
မင်းသူဝင်းထွဋ်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားရင်ဆိုင်နေစဉ်အတွင်း ပြည်သူအားလုံး၏ ထောက်ခံအားပေးမှုကို ကျေးဇူး တင်ကြောင်းနှင့် စစ်မှန်သည့်ညီညွတ်မှုသည် နှလုံးသားထဲကညီညွတ်မှုဖြစ်ကြောင်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်သည့် လပွတ္တာ(ပင်လယ်လေး)တံတားဖွင့်လှစ်ပွဲသို့ တက်ရောက်လာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မပြောချင်တာက နိုင်ငံအနေနဲ့ ပေါ့။ နိုင်ငံတကာတရားခုံရုံးမှာ ရင်ဆိုင်နေရတဲ့အချိန်မှာ ပြည်သူလူထုကနေပြီးတော့ တစ်ခဲနက်ထောက်ခံပေးတာ ဝန်းရံပေးတာတွေကို ကျေးဇူးတင်တယ်လို့ ကျွန်မ ကြုံ တုန်းမှာ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆို တော့ ပြည်သူလူထုရဲ့ထောက်ခံဝန်းရံမှုဟာ ကျွန်မတို့ရဲ့တကယ့်အင်အားတွေပဲ။ ထောက် ခံဝန်းရံမှုတွေရှိတယ်ဆိုရင် ဘယ်လိုစိန်ခေါ်မှုမဆို ကျွန်မတို့ ရင်ဆိုင်နိုင်တယ် ကျော်လွားနိုင်တယ်။ ဘာဖြစ်လို့လဲ ကျွန်မတို့အချင်းချင်း ညီညွတ်မှုရှိတယ်။ ညီညွတ်မှုရဲ့အင်အား ဆိုတာ တခြားဘာနဲ့မှမတူဘူးဆိုတာ ကျွန်မ တို့နှလုံးသွင်းသင့်ပါတယ်။ နှလုံးသွင်းတယ် ဆိုတာ တကယ်နှလုံးသွင်းရမှာ။ ဘာဖြစ်လို့လဲဆိုတော့ စစ်မှန်တဲ့ညီညွတ်မှုဆိုတာ နှလုံးသားထဲက ညီညွတ်မှုပါ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

ညီညွတ်မှုဟုဆိုရာတွင် အပြင်ပန်း၌ရုပ်ပိုင်းဆိုင်ရာ အတူတကွ နေထိုင်ခြင်းထက် စိတ်ဓာတ်နှင့် သဘောထားများ ညီညွတ်ရန်လိုကြောင်း၊ ထိုသို့မဟုတ်ဘဲ တစ်ယောက် တစ်ပေါက်လုပ်ခြင်း၊ မိမိကောင်းဖို့အတွက် သာ စဉ်းစားခြင်း၊ အများအကျိုးအတွက် စဉ်းစားမှုမရှိခြင်းနှင့် အစုအဖွဲ့လေးများဖြင့် ဖြစ် သလိုလုပ်နေမည်ဆိုပါက အမှန်တကယ် အင်အားမရှိနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရုပ်ပိုင်းဆိုင်ရာ ဒီလိုအတူတူထိုင်နေကြတယ်။ အတူတူထိုင်နေကြတဲ့သူတွေက အပြင်ပန်းကြည့်လိုက်ရင်တော့ အခုတော့ တညီတညွတ်တည်းပေါ့။ ညီညီညာညာ ထိုင်နေကြတယ်။ သို့သော်လည်း စိတ်တွေ၊ သဘောထားတွေက ကွဲလွဲနေတယ်ဆိုရင် ဒီလူအုပ်ကြီးဟာ တကယ့်အင်အားမဖြစ် တော့ဘူး။ ဆိုပါတော့ တစ်ခုခု အရေးရယ် အကြောင်းရယ် ပေါ်တယ်။ တစ်ခုခုပေါ့။ ဖြစ်တယ်ဆိုလို့ရှိရင် ဒီအားလုံးဟာ ဒီထဲမှာ ရှိတဲ့ လူအုပ်တွေက အားလုံးညီညီညာညာဆိုရင် အားလုံးညီညီညာညာနဲ့ ဖြစ်တဲ့ကိစ္စကို ကျွန်မတို့ရင်ဆိုင်နိုင်တယ်။ ဒါပေမဲ့ တစ် ယောက်တစ်ပေါက်လုပ်မယ်။ တစ်ယောက်တစ်ပေါက် စဉ်းစားမယ်။ ကိုယ်ကောင်းဖို့အတွက်ပဲ ကိုယ်စဉ်းစားမယ်။ အများအတွက် မစဉ်းစားဘူး။ အားလုံးကနေ အစုအဖွဲ့လေး တွေနဲ့ ဖြစ်သလိုလုပ်မယ်ဆိုရင် ကျွန်မတို့က တကယ့်အင်အားတွေကို ရရှိနိုင်မှာ မဟုတ်ပါဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် မိမိနိုင်ငံ၏ သမိုင်းကြောင်းမသိပါက နိုင်ငံ့အနာဂတ်ကို မည်သို့တည်ဆောက်သင့်သည်ကို ဆုံးဖြတ်နိုင်မည်မဟုတ်ကြောင်း၊ အတိတ်တွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ရှောင်ရှားနိုင်ရန်အတွက် လူငယ်များ သမိုင်းကို သေချာသိရှိရန် လိုအပ်ကြောင်း၊ သမိုင်း သင်သည့်အခါတွင်လည်း နိုင်ငံအတွင်း မည် သည့်ပြဿနာမျိုးကို ရင်ဆိုင်ခဲ့ရပြီး ယင်း ပြဿနာ ဘာကြောင့်ဖြစ်သည်ကို လူငယ်များ အနေဖြင့် လေးလေးနက်နက်စဉ်းစားလာစေရန် သင်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

“ကိုယ့်သမိုင်းကြောင်းကို ကိုယ်သိမှ ကိုယ့်အနာဂတ်ကို ကိုယ်ဘယ်လိုဆောက်တည်သင့်သလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်နိုင် မှာပါ။ ကျွန်မတို့ အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲ။ ဘာတွေကိုရှောင်ရမယ်။ နောင်မဖြစ်အောင်လို့ ဘယ်လိုရှောင်ရှားရမယ်ဆိုတာ သိအောင်လို့ ကျွန်မတို့ သမိုင်းသင်ရပါမယ်။ အခု ကျွန်မ နားလည်သလောက် ကျောင်းတွေမှာ သမိုင်းဘာသာရပ်ကို ကလေးတွေက သိပ်ပြီးတော့ မကြိုက်ကြဘူးလို့ ဆိုတယ်။ အဲဒါဆို ရင်တော့ ကျွန်မတို့ သမိုင်းသင်ပုံ သင်နည်းကတော့ နည်းနည်းတော့ တစ်ခုခုလိုအပ်ချက် ရှိနေပြီလို့ ကျွန်မထင်ပါတယ်။ သမိုင်းဆိုတာ ဘယ်နှစ်တုန်းက ဘာဖြစ်ခဲ့တယ်။ ဘယ်တုန်းက ဘယ်မင်းတွေက အုပ်ချုပ်ခဲ့တယ်။ ဒါတွေကိုပဲ သင်ဖို့မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံဟာ ဘယ်လိုပေါက်ဖွားလာတယ်။ အဲဒီနိုင်ငံ ရဲ့သမိုင်းလမ်းတစ်လျှောက်မှာ နိုင်ငံအတွင်းမှာ ဘယ်လိုပြဿနာမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဘာကြောင့် ဒီလိုပြဿနာမျိုးနဲ့ ရင်ဆိုင်ခဲ့ရ တယ်ဆိုတာက အဲဒါတွေကို လေးလေးနက်နက်နဲ့ လူတွေစဉ်းစားချင်အောင်လို့ စဉ်းစားတတ်အောင်လို့ သမိုင်းသင်ပေးရတာဖြစ် ပါတယ်။ ကိုယ့်နိုင်ငံရဲ့ သမိုင်းကို မသိလို့ရှိရင် ကိုယ့်နိုင်ငံရဲ့ အနာဂတ်က ဘယ်လိုဖြစ်သင့်လဲ ဆိုတာကိုဆုံးဖြတ်ဖို့ဟာ အင်မတန်မှ ခက်ပါလိမ့်မယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လပွတ္တာ(ပင်လယ်လေး)တံတားဖွင့်ပွဲ အပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လပွတ္တာမြို့ရှိ ဒေသခံများနှင့်တွေ့ဆုံပွဲကို ဆက်လက်ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ၏ နစ်နာမှုတင်ပြချက် မေးခွန်းများကို ဖြေကြား ဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent