ကျောက်မျက်ပြပွဲများကျင်းပကာ ကျောက်စိမ်းရောင်းချခဲ့မှုကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာသန်း ၄၂၀ ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၁၉ သန်းပိုမိုရရှိ

ကျောက်မျက်ပြပွဲများကျင်းပကာ ကျောက်စိမ်းရောင်းချခဲ့မှုကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာသန်း ၄၂၀ ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၁၉ သန်းပိုမိုရရှိ
 မန္တလေးမြို့တွင်ကျင်းပသည့် ကျောက်မျက်ပြပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-လဲ့လဲ့အောင်)
မန္တလေးမြို့တွင်ကျင်းပသည့် ကျောက်မျက်ပြပွဲတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-လဲ့လဲ့အောင်)
Published 23 December 2019
ဇေယျာငြိမ်း

 

ကျောက်မျက်ပြပွဲများ ကျင်းပကာ ကျောက်စိမ်းရောင်းချခဲ့မှုများကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ သန်း ၄၂၀ ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၁၉ သန်းခန့် ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ နှစ်လကျော်တွင် ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုသည် ဒေါ်လာသန်း  ၄၂၀ ရရှိသည်။ ယခင်နှစ်ကာလတူတွင်မူမှ ဒေါ်လာတစ်သန်းခန့် သာရှိသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ကျောက်စိမ်းတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၄၁၉ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောက်စိမ်းကတော့ အခုနှစ်မှာ ဒေါ်လာသန်း ၄၂၀ ကာလတူကတော့ ဒေါ်လာ တစ်သန်းတောင် မပြည့်ဘူးဆိုတော့ ဒေါ်လာ ၄၁၉ သန်းလောက်ပိုတဲ့ အနေအထားရှိတယ် အဓိကတော့ ဒီနှစ်မှာက ပြပွဲလုပ်တာများလို့၊ မနှစ်က ဒီလိုအချိန်မှာ ပြပွဲမရှိဘူးဆိုတော့ နည်းတာပေါ့။ ဒီအပေါ်မှာမူတည်တာပေါ့” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ကျောက်စိမ်းကို ပြပွဲများပြုလုပ်ပြီး ရောင်းချခြင်းဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းပြပွဲများ ပြုလုပ်မှုများသည့် ကာလများတွင်  ပြည်ပသို့ ကျောက်စိမ်းပိုမိုတင်ပို့နိုင်ပြီး ကျောက်စိမ်းပြပွဲများပြုလုပ်မှုနည်းသည့် ကာလများတွင် ကျောက်စိမ်းတင်ပို့မှု လျော့ကျနိုင်ကြောင်း သိရသည်။

“အဓိက ကျောက်စိမ်းကတော့ ပြပွဲတွေနဲ့ ဆိုင်တာပေါ့။ ပြပွဲလုပ်ပြီးရောင်းတာဆိုတော့ ပြပွဲများများလုပ်လေ တင်ပို့မှုပိုလာလေ၊ ပြပွဲလုပ်တာနည်းရင်လျော့တာပေါ့” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားထားသည်။

၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းအရိုင်းထည်များကို အထူးကုန်စည်ခွန်  ၁၅ ရာခိုင်နှုန်း၊ စိန်နှင့်မြမှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

စိန်နှင့်မြမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များ၊ စိန်နှင့်မြမှအပ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များကို အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ရောင်းချရမည့် ကျောက်မျက်ရတနာများ ရောင်းရငွေအပေါ် ကျသင့်အထူးကုန်စည်ခွန်ကို ၂၀၁၈-၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ကောက်ခံသွားမည်ဖြစ်သည်။

အရောင်းပြေစာစာအုပ် Cash Memo ဖြင့် ရောင်းချရာတွင် ငွေသားလက်ခံခြင်းအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ထုတ်ပေးသော အရောင်းပြေစာစာအုပ် Cash Memo ဖြင့် ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ငွေသားလက်ခံခြင်းအတွက် ငွေသားဖြစ်ပါက မြန်မာကျပ်ငွေဖြင့်သာ လက်ခံဆောင်ရွက်ရမည်၊ အရောင်းပြေစာစာအုပ် Cash Memo ပါ စာအုပ်တိုင်းတွင် နောက်ဆက်တွဲ(က)ပါ ပုံစံအတိုင်း တံဆိပ်တုံးရိုက်၍ အချက်အလက် ပြည့်စုံစွာဖော်ပြရမည်။

နိုင်ငံခြားငွေဖြင့် ရောင်းချပါက ပြည်ပရှိ ဘဏ်များမှ ထုတ်ဝေသည့် Visa, Master, JCB, CUP အစရှိသည့် Debit/ Credit Card တို့ဖြင့်သာ လက်ခံဆောင်ရွက်ရမည်၊ ဝယ်ယူသူ၏အမည်၊ Passport နံပါတ်နှင့်  ငွေသားအသုံးပြု ကတ်နံပါတ်တို့ကို သိသာထင်ရှားစွာ ဖြည့်သွင်းဆောင်ရွက်ရမည်၊ လက်ခံရောင်းချသည့် ကတ်အမျိုးအစား Visa, Master, JCB, CUP ကို နောက်ဆက်တွဲ(ခ)ပါ ပုံစံအတိုင်း ရှင်းလင်းစွာဖော်ပြရမည်၊ အဆိုပါလုပ်ငန်းစဉ်များအပြင် အခါအားလျော်စွာထုတ်ပြန်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေကြေးမူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စက်တင်ဘာ ၁၆ မှ ၂၅ ရက် အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့သည်။                     

 

 

Most Read

Most Recent