ရွေးကောက်ပွဲကော်မရှင်၏ သတိပေးချက် ပြည်ခိုင်ဖြိုးပါတီအပေါ် ဘယ်လောက်သက်ရောက်မလဲ

ရွေးကောက်ပွဲကော်မရှင်၏ သတိပေးချက် ပြည်ခိုင်ဖြိုးပါတီအပေါ် ဘယ်လောက်သက်ရောက်မလဲ
နိုဝင်ဘာ ၂၅ ရက်က Orchid Hotel တွင်  ပြည်ခိုင်ဖြိုးပါတီနှင့် ပါတီအချို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
နိုဝင်ဘာ ၂၅ ရက်က Orchid Hotel တွင်  ပြည်ခိုင်ဖြိုးပါတီနှင့် ပါတီအချို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
Published 22 December 2019
  အလင်းဒီ

လတ်တလောတွင် အတိုက်အခံအင်အားကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဘောလုံးစကားနှင့်ဆိုလျှင် အဝါကတ်ပြခံထားရသည်။

အဝါကတ်ပြသူက နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ ပယ်ဖျက်ခွင့်နှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စအဝဝကို စီမံခန့်ခွဲခွင့်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဖြစ်သည်။

ပြည်ခိုင်ဖြိုး တစ်ပါတီတည်းကိုမဟုတ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အပါအဝင် စုစုပေါင်း ပါတီ ၂၀ ကို ဖြစ်သည်။

ကော်မရှင်က ယင်း ပါတီ ၂၀ ကို ပါတီတည်ထောင်စဉ်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင်ပါရှိသည့် ဝန်ခံချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်းမပြုလုပ်ရန် နိုဝင်ဘာ ၁၄ ရက်က သတိပေးခဲ့ခြင်းဖြစ်ပြီး ဖောက်ဖျက်လျှင် နိုင်ငံရေး ပါတီဖျက်သိမ်းနိုင်သည်အထိ အရေးယူနိုင်ကြောင်း အသိပေးသည်။

ကော်မရှင်ကို အယုံအကြည်မရှိဟု ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲပြီးကတည်းက ဆက်တိုက်ဆိုသလို ဝေဖန်လာသည့် ပြည်ခိုင်ဖြိုး အပါအဝင် မိတ်ဖက်ပါတီ ၁၉ ပါတီက နိုဝင်ဘာ ၂ ရက်တွင် သဘောထားကြေညာချက်တစ်ခု ထုတ်ပြန်သည်။

အမေရိကန်အခြေစိုက် ရွေးကောက်ပွဲ နည်းပညာ အထောက်အကူပေးသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ခု၏ တင်ဒါကိစ္စ ဖြစ်သည်။

ပါတီများ၏ ထုတ်ပြန်ချက်တွင် International Foundation For Electoral System (IFES) က မြန်မာနိုင်ငံအတွက် လက်ပ်တော့ အလုံး ၁၃၀၀ နှင့် ဆက်စပ်ပစ္စည်းများအတွက် တင်ဒါခေါ်ယူခဲ့ပြီး ယင်းတင်ဒါခေါ်ယူမှုကို နိုင်ငံပိုင် မြန်မာသတင်းစာနှစ်စောင်ဖြစ်သည့် ကြေးမုံနှင့် မြန်မာ့အလင်းတွင် မထည့်သွင်းဘဲ အင်္ဂလိပ်ဗားရှင်း The Global New Light of Myanmar သတင်းစာတစ်စောင်တည်းတွင်သာ ထည့်သွင်းဖော်ပြခဲ့သည်ဟု ဆိုသည်။

ယင်းတင်ဒါသည် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည့် တင်ဒါစည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိသလို ပွင့်လင်းမြင်သာမှုလည်းမရှိဟု ပါတီ ၂၀ က ဝေဖန်သည်။

ပါတီ ၂၀ တွင် လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေးပါတီ စသည့် တိုင်းရင်းသားပါတီ အချို့လည်း ပါဝင်သည်။

ပြည်ခိုင်ဖြိုးပါတီသည် ယခုနောက်ပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် ဝေဖန်လို၍ဖြစ်စေ၊ နိုင်ငံရေးရာကိစ္စများအပေါ် ဝေဖန်ထောက်ပြလို၍ ဖြစ်စေ အဆိုပါ ပါတီ ၂၀ ဝန်းကျင်ဖြင့် ပူးတွဲ ကြေညာချက် ထုတ်ပြန်လေ့ရှိသည်ကို တွေ့ရပြီး နောက်ဆုံး ပူးတွဲထုတ်ပြန်ချက်မှာ IFES ၏ တင်ဒါကိစ္စ ဖြစ်သည်။

အဆိုပါတင်ဒါသည် ရွေးကောက်ပွဲ အရာရှိများအား နည်းပညာထောက်ပံ့ပေးရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်စေရန်အပါအဝင် တင်ဒါပါပစ္စည်းများကို မြို့နယ်အသီးသီးရှိ (ရွေးကောက်ပွဲ) ကော်မရှင် အဖွဲ့ခွဲများထံ ဖြန့်ခွဲပေးရန် ရည်ရွယ်ကြောင်း ပါတီ ၂၀ ၏ ထုတ်ပြန်ချက်က ဆိုသည်။

ထောက်ပံ့သည့် ကွန်ပျူတာပစ္စည်းများတွင် ထည့်သွင်းအသုံးပြုမည့် ဆော့ဖ်ဝဲနည်းပညာများကြောင့် ရွေးကောက်ပွဲဖြစ်စဉ်သည် နည်းပညာတစ်ခုခု၏ ထိန်းချုပ်မှုအောက် ရောက်ရှိကာ ပြည်ပသံရုံးတစ်ခုခု၊ အဖွဲ့အစည်းတစ်ရပ်ရပ်နှင့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ရွေးကောက်ပွဲရလဒ်ကို ပုံဖော်ခွင့်ရနိုင်ကြောင်း ပါတီ ၂၀ က ယူဆသည်။

IFES အနေဖြင့် ၂၀၁၇ တွင် ကင်ညာနိုင်ငံ၌ ကျင်းပသည့် ရွေးကောက်ပွဲကို နည်းပညာအကူအညီ ပေးခဲ့ရာတွင် အာဏာရပါတီနှင့် အတိုက်အခံပါတီများကြား အငြင်းပွားမှု ဖြစ်ခဲ့သည့်အတွက် မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့ ဖြစ်လာခဲ့ရင်ဆိုသည့် စိုးရိမ်ချက်ဖြင့် ပါတီ ၂၀ ပူးတွဲ၍ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ပြောကြားသည်။

ထိုသို့ ပါတီ ၂၀ ၏ ထုတ်ပြန်ချက်အပေါ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် နိုဝင်ဘာ ၁၄ ရက်က ကျင်းပသည့် ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းအစည်းအဝေးတွင် ပြန်လည်ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကာ ထုတ်ပြန်ချက်ကို အစည်းအဝေးအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ခံရရှိသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကို ကော်မရှင်အဖွဲ့များ၏ လုပ်ငန်းဆောင်တာများတွင်သာ အသုံးပြုမည်ဖြစ်ပြီး မည်သည့်ဆော့ဖ်ဝဲမှထည့်သွင်းမည် မဟုတ်ကြောင်း၊ ဝင်ရောက်စွက်ဖက်လည်း ခံမည်မဟုတ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်ဟု ကော်မရှင်အား ဝေဖန်သည့် ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သော နိုင်ငံရေး ပါတီအချို့ထံမှ သိရသည်။

နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းအစည်းအဝေးဟု ဆိုသော်လည်း ကော်မရှင်က ပါတီ ၂၀ ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းလိုခြင်းက အဓိကအကြောင်းအရာဖြစ်ခဲ့ပြီး ကျန်နိုင်ငံရေးပါတီများ၏ တင်ပြချက်များအပေါ် ရေရေရာရာ အာရုံစိုက်မှုမရှိခဲ့သလို တင်ပြခွင့်လည်း လုံလောက်စွာမရခဲ့ဟု ညှိနှိုင်းအစည်းအဝေး တက်ရောက်သည့် နိုင်ငံရေးပါတီနှစ်ခု၏ တာဝန်ရှိသူများက စိတ်ပျက်စွာ ပြောကြားသည်။

ပါတီ ၂၀ ၏ ထုတ်ပြန်ချက်သည် မမှန်မကန် အထောက်အထားမရှိသည့် သတင်းအချက်အလက်များအပေါ် အခြေခံထုတ်ပြန်ခြင်းဖြစ်ကာ ထုတ်ပြန်ချက်ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်ကြောင်း ကော်မရှင်က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။

သို့ဖြစ်၍ နောက်နောင် ယခုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေသည့် ရေးသားဖော်ပြမှု၊ မမှန်မကန် ရေးသားဖော်ပြမှု ထပ်မံ မဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပါက ဥပဒေနှင့်အညီအရေးယူမည်ဟု ကော်မရှင်က သတိပေးသည်။

 

မယုံကြည်မှုအစ ကြားဖြတ်ရွေးကောက်ပွဲက

IFES ဖြစ်စဉ်အပါအဝင် ကော်မရှင် သက်တမ်းအတွင်း ဆောင်ရွက်မှု၊ ဆုံးဖြတ်မှုများကြောင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု မယုံကြည်ကြောင်း ပါတီ ၂၀ ၏ နိုဝင်ဘာ ၂ ရက်ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ၂၀၁၆ မတ် ၃၀ ရက်တွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းအပါအဝင် အဖွဲ့ဝင် ငါးဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် တိုးချဲ့မှုကို နှစ်ကြိမ်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင်ကော်မရှင်ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားရှိိသည်။

ယခင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်းနှင့်နီးစပ်သူ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) လည်းဖြစ် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် ဦးတင်အေးကို ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ရာ ဝေဖန်မှု အများအပြား ကြုံတွေ့ခဲ့ရသည့်အပေါ် ၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက သင်ခန်းစာမယူသည့် သဘောရှိသည်။

အကြောင်းက လက်ရှိ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်ဟောင်း ဦးဝင်းထိန်နှင့် နီးစပ်သည်ဟု သတင်းထွက်ပေါ်သောကြောင့် ဖြစ်သည်။

အစိုးရနှင့် သက်တမ်းတူဖြစ်သည့် ငါးနှစ်တစ်ဖြတ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ကော်မရှင်အဖွဲ့ဝင်များကို နိုင်ငံတော်သမ္မတက စိတ်ကြိုက်ခန့်အပ်ခွင့် အခွင့်အာဏာအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေက အပ်နှင်းထားသည်။

ယင်းက ကော်မရှင်၏ လွတ်လပ်မှုနှင့် သမာသမတ်ကျမှုအပေါ် ထိခိုက်စေသည်ဟု ထောက်ပြမှုများရှိလာခဲ့လျှင် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟု အစိုးရအနေဖြင့် အကြောင်းပြခွင့်ရှိစေသည်။

ထိုကဲ့သို့ ကော်မရှင်ကို နိုင်ငံတော်သမ္မတက ခန့်အပ်ခွင့်ရှိခြင်းကြောင့် ကော်မရှင်အပေါ် အာဏာရပါတီက လွှမ်းမိုးမှုရှိမည် တစ်နည်း ကော်မရှင်က အာဏာရပါတီအပေါ် ဘက်လိုက်နိုင်သည်ဆိုသည့် ဝေဖန်သုံးသပ်မှုများကို ယခုရွေးကောက်ပွဲကော်မရှင် ခံနေရသလို ယခင်ရွေးကောက်ပွဲကော်မရှင်က ဦးစွာခံခဲ့ရသည်။

သို့သော် အာဏာရပါတီဟောင်း လက်ရှိ အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက ၎င်းတို့ အစိုးရဖွဲ့စည်းသည့် ကော်မရှင်ဖြစ်သည့်တိုင် ပါတီအသာရစေမည့် ဆုံးဖြတ်ချက်များကို ချမှတ်ခြင်းမရှိခဲ့ဟု အကြောင်းအရာတစ်ခုအပေါ် မူတည်ပြောဆိုသည်။

“ ဦးတင်အေး ကော်မရှင်သည် မှန်ကန်လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်” ဟု ပြည်ခိုင်ဖြိုးရေး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောကြားသည်။

၎င်းတို့ အစိုးရလက်ထက် ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ အငြင်းပွား ကန့်ကွက်လွှာများအပေါ် ဆုံးဖြတ်ပုံနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရဖွဲ့စည်းသည့် လက်ရှိ ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲ ကန့်ကွက်လွှာများအပေါ် ဆုံးဖြတ်ပုံတို့ကို အဓိကနှိုင်းယှဉ် ပြောကြားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်မှု မရှိခဲ့သည့် တပ်မတော်အစိုးရက ဦးဆောင်ကျင်းပသော ၂၀၁၀ အထွေထွေရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲ ကန့်ကွက်လွှာ ၂၉ မှုရှိခဲ့ ရာပြည်ခိုင်ဖြိုးပါတီက တိုင်ကြားမှု ၂၆ မှု ရှိခဲ့သည်။

အဆိုပါအမှုများကို ကော်မရှင်ခုံရုံးက ဆုံးဖြတ်ရာတွင် ပြည်ခိုင်ဖြိုးပါတီက ခြောက်မှု အနိုင်ရပြီး အမှု ၂၀ ရှုံးနိမ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီကို တိုင်ကြားမှု သုံးမှုတွင် ပါတီက တစ်မှုရှုံးနိမ့်ပြီး နှစ်မှုအနိုင်ရသည်။

ဦးတင်အေး အနေဖြင့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးမှ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ခန့်အပ်မှုဖြင့် ကော်မရှင်ဥက္ကဋ္ဌတာဝန်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် စတင်တာဝန်ယူခြင်းဖြစ်ကာ ကော်မရှင် စတင်ဖွဲ့စည်းသည့် ၂၀၁၁ မတ် ၃၀ ရက်ကတည်းက ပါဝင်ခဲ့ခြင်း မဟုတ်ပေ။

ထို့ကြောင့် ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲမှသာ ဦးတင်အေး ဦးဆောင်စီမံသည်ဟုဆိုနိုင်ပြီး အဆိုပါရွေးကောက်ပွဲအပြီး ကန့်ကွက်လွှာများကို ဦးတင်အေး ဦးဆောင်သည့် ကော်မရှင်က စီရင်ဆုံးဖြတ်သည်ဆိုလျှင် ပို၍မှန်ကန်မည်ဖြစ်သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ကန့်ကွက်လွှာလေးမှုရှိခဲ့ရာ လေးမှုစလုံးသည် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများက အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များကို ကန့်ကွက်ခြင်းဖြစ်ပြီး လေးမှုစလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ အနိုင်ရခဲ့သည်။

ဦးလှသိန်း ဦးဆောင်သည့် ကော်မရှင်လက်ထက် ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ပြည်ခိုင်ဖြိုးပါတီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို တိုင်ကြားမှု ငါးမှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ခိုင်ဖြိုးကို တိုင်ကြားမှုတစ်မှု စုစုပေါင်း ခြောက်မှု ရှိခဲ့ပြီး ခြောက်မှုစလုံး ပြည်ခိုင်ဖြိုး ရှုံးနိမ့်ခဲ့သည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအပြီး ကန့်ကွက်လွှာနှစ်မှုတွင် ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ကန့်ကွက်မှုတစ်မှုပါဝင်ပြီး ကျန်တစ်မှုမှာ အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းက ကန့် ကွက်မှုဖြစ်ပြီး နှစ်မှုစလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများသာ အနိုင်ရခဲ့သည်။

“ အဲဒါကြောင့် မယုံဘူးလို့ ပြောနေတာ။ ကြားဖြတ်ရွေးကောက်ပွဲရလဒ်တွေကို ဆုံးဖြတ်တာကို တရားမျှတမှု မရှိဘူးလို့ ယူဆတဲ့အတွက် မယုံကြည်ဘူးလို့ ပြောနေတာ” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ကန့်ကွက်လွှာ ရှုံးနိမ့်မှုအပေါ် ကျေနပ်ခြင်းမရှိ၍ အယူခံတင်သွင်း၍ စုံညီခုံရုံး၏ ဆုံးဖြတ်ချက် ထပ်မံရယူရာတွင်လည်း မူလဆုံးဖြတ်ချက်ကို ထပ်မံ အတည်ပြုပေးသည်မှ လွဲ၍ ထူးခြားမှုမရှိခဲ့ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲ အငြင်းပွားဖြစ်စဉ်မရှိခဲ့သည့် ပါတီအချို့က ကော်မရှင်သည် လွတ်လပ်ပြီး သမာသမတ်ကျစွာ ဆောင်ရွက်ခွင့်ရှိသည့် အခြေအနေရှိရန် အရေးကြီးကြောင်းနှင့် ရွေးကောက်ပွဲ အနိုင်ရပါတီမှကော်မရှင်ကို ဖွဲ့စည်းခန့်အပ်ခွင့်ရှိသည့်အချက်ကို ပြင်ဆင်စေလိုကြောင်း မှတ်ချက်ပြုကြသည်။

“ ပါတီတစ်ခုတည်းက ဖွဲ့ပေးထားတယ်ဆိုတည်းက ဘာပဲဖြစ်ဖြစ် ဘက်လိုက်မှု ကင်းဖို့ဆိုတာ သံသယဖြစ်စရာ ဖြစ်သွားတာပေါ့” ဟု ဦးမျိုးကျော်က ပြောကြားသည်။

ထိုကဲ့သို့ ရှုမြင်ချက်များ ရှိိနေသည့်တိုင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းနှင့် အစိုးရနှင့် အာဏာရပါတီမှ ဝင်ရောက်စွက်ဖက်မှုမရှိကြောင်း ငြင်းဆန်ပြီး ကော်မရှင်ခန့်အပ်မှုကို အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများအပေါ် တုံ့ပြန်သည်။

ရွေးကောက်ပွဲကော်မရှင်က လတ်တလောအနေအထားတွင် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများနှင့် ဥပဒေမူဘောင်အချို့ကို ပြင်ဆင်လျက်ရှိသော်လည်း နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ထောက်ပြနေသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပြင်ဆင်ရေးကိုတော့ လျစ်လျူရှုဆဲဖြစ်သည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများနှင့် ထိတွေ့ဆက်ဆံမှု အားနည်းခြင်းကလည်း ပါတီများကို သံသယဖြစ်စေရန် တွန်းအားပေးနေသည်ဟု ပြည်ခိုင်ဖြိုးနှင့် ပူးတွဲသဘောထား ထုတ်ပြန်ချက်တွင်မပါဝင်သည့် နိုင်ငံရေးပါတီအချို့က ပြောကြားသည်။

“ ဒီဆရာကြီး (ဦးလှသိန်း) လက်ထက်ကျတော့ ဒီကိစ္စက အတော်နည်းသွားတယ်။ အဲဒါက နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဆက်ဆံရေး ခပ်ကျဲကျဲ ဖြစ်သွားတာ မကောင်းဘူးပေါ့” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးငွေလင်းက ယခင် ဦးတင်အေးကော်မရှင်နှင့် နှိုင်းယှဉ် ပြောကြားသည်။

ယခင် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှု အကြိမ် ၃၀ ကျော်ရှိခဲ့သော်လည်း လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၎င်း၏သက်တမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းသည့် အကြိမ်အရေအတွက်မှာ ဆယ်ဂဏန်း မပြည့်သေးပေ။

ဦးတင်အေး မပါဝင်တော့သည်မှလွဲ၍ ယခင်ကော်မရှင်အဖွဲ့ဝင်တချို့ ပြန်လည်ပါဝင်နေသည့် လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကို ပြည်ခိုင်ဖြိုးပါတီက မည်သည့်အတွက်ကြောင့် မယုံကြည်သနည်းဆိုသည်ကို နားမလည်ဟု နိုင်ငံရေးနှင့် တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဆိုသည်။

နေပြည်တော်တွင် နိုဝင်ဘာ ၁၄ ရက်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်

လက်ရှိကော်မရှင်က ဘယ်လိုအကြောင်းပြချက်နဲ့ ပါတီတွေကို ဖျက်သိမ်းသလဲ

ဦးလှသိန်း ဦးဆောင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၁၇ ပါတီကို ဖျက်သိမ်းခဲ့ပြီး ယခင်ကော်မရှင်က ကိုးပါတီကို ဖျက်သိမ်းခဲ့သည်။

လက်ရှိ ကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ၁၂ (က)၊ ၂၄ (င)၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ပုဒ်မ ၁၉ (က) ၊ ပုဒ်မ ၂၅ စသည်တို့ဖြင့် ပါတီများကို ဖျက်သိမ်းခဲ့ကြောင်း ကော်မရှင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။

ဥပဒေပုဒ်မ ၁၂ (က) မှာ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် စသည့် လွှတ်တော်သုံးရပ်ရှိသည့်အနက် မဲဆန္ဒနယ်သုံးနေရာ အနည်းဆုံး ပါဝင်ယှဉ်ပြိုင်ရမည့် အချက်ဖြစ်ပြီး ပုဒ်မ ၂၄ (င) မှာ ပါတီယာယီရပ်ဆိုင်း ပြစ်ဒဏ်ချမှတ်ခံရစဉ် ကာလအတွင်း ကော်မရှင်၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ရမည့်အချက် ဖြစ်သည်။

အဆိုပါနှစ်ချက်ကို ဖောက်ဖျက်မှုဖြင့် နိုင်ငံရေးပါတီနှစ်ခုကို ကော်မရှင်က ပါတီ မှတ်ပုံတင်ဖျက်သိမ်းခဲ့သည်။

နည်းဥပဒေပုဒ်မ ၁၉ (က) မှာ ပါတီရန်ပုံငွေ၊ ရငွေသုံးငွေနှင့် ပစ္စည်းများကို စနစ်တကျ ပြုစုထားရှိရေးဖြစ်ပြီး ပုဒ်မ ၂၅ မှာ နှစ်ပါတီ သို့မဟုတ် နှစ်ပါတီထက်ပိုသော ပါတီများ ပေါင်းစည်းလိုက် တစ်ပါတီချင်းစီ၏ ရပ်တည်မှုကို ဖျက်သိမ်းရေးအချက် ဖြစ်သည်။

ယင်းပုဒ်မ နှစ်ခုဖြင့် နိုင်ငံရေးပါတီ ၁၅ ပါတီကို ကော်မရှင်က တရားဝင် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခဲ့သည်။

တပ်မတော်အစိုးရဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ် မတ် ၈ ရက်တွင် စတင်ပြဋ္ဌာန်းသည့်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း (၃) ပါ ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီသည့် နိုင်ငံရေးပါတီများကို နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခွင့်အာဏာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ရှိသည်။

ပါတီတစ်ခုသည် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် သုံးနေရာ အနည်းဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိလျှင်၊ မတရားအသင်း ကြေညာခံရလျှင်၊ မတရားအသင်း (သို့မဟုတ်) အသင်းဝင်များနှင့် တိုက်ရိုက်၊ သွယ်ဝိုက် ဆက်ဆံလျှင်၊ နိုင်ငံတော်ပိုင် ငွေကြေး၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်တို့ကို တိုက်ရိုက်၊ သွယ်ဝိုက် သုံးစွဲလျှင်၊ ပါတီဝင် သတ်မှတ်ချက် တစ်ရပ်ရပ်နှင့် မကိုက်ညီသူများကို ပါတီမှထုတ်ပယ်ခြင်း မပြုလျှင်၊ သတ်မှတ်ပါတီဝင်ဦးရေ မစည်းရုံးနိုင်လျှင် စသည့် အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည့် နိုင်ငံရေးပါတီကို ကော်မရှင်က ပယ်ဖျက်ခွင့်ရှိသည်ဟု ဥပဒေ အခန်း (၃) တွင် ပြဋ္ဌာန်းထားသည်။

ထို့ပြင် အခန်း (၂) ရှိ ပုဒ်မ (၆) ပါ ဝန်ခံချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်သည့် နိုင်ငံရေးပါတီများအနေဖြင့်လည်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိမည်မဟုတ်ပေ။

ယင်း ပုဒ်မ (၆) ဖြင့် ပြည်ခိုင်ဖြိုး အပါအဝင် ပါတီ ၂၀ ကို သတိပေးခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ စတင်မှတ်ပုံတင်စဉ်က အဆိုပါ ပုဒ်မ ၆ ပါ ဝန်ခံချက်များကို စောင့်ထိန်းလိုက်နာမည်ဟု ပါတီများအနေဖြင့် ဝန်ခံချက်ပေးပြီးဖြစ်သည်ဟု ကော်မရှင်၏ သတိပေးစာတွင် ဖော်ပြပါရှိိသည်။

ပုဒ်မ (၆) (ဂ) သည် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာပါမည်ဆိုသည့် အချက်ဖြစ်ပြီး ပုဒ်မ (၆) (ဃ) သည် လူတစ်ဦးချင်း (သို့မဟုတ်) လူအများနှင့်ပတ်သက်၍ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှုများကို မပြုလုပ်ဘဲ စောင့်ထိန်းလိုက်နာပါမည်ဆိုသည့် အချက်ဖြစ်ကာ ယင်းပုဒ်မ နှစ်ခုဖြင့် ပါတီ ၂၀ ကို ကော်မရှင်က သတိပေးခြင်းဖြစ်သည်။

သို့ဖြစ်ရာ ကော်မရှင်၏အနေဖြင့် သတိပေးအဆင့်ထက် ပိုမိုဆောင်ရွက်လာမည်ဆိုလျှင် တည်ဆဲဥပဒေ၊ ဆက်စပ်ဥပဒေများဖြင့် တုံ့ပြန်သွားမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ဆိုသည်။

“ ကျွန်တော်တို့က သဘောရိုးအတိုင်းပဲ တင်တယ်။ သူတို့က ဒီလိုကျော်လာရင် ဒီဥပဒေအတိုင်း လုပ်သွားမယ်ပြောတယ်။ အဲဒီလို ဆက်လုပ်လာတဲ့အပေါ် မူတည်ပြီး ကျွန်တော်တို့က လက်ရှိတည်ဆဲဥပဒေနဲ့ ဆက်စပ် ဥပဒေတွေရှိတယ်။ အဲဒီဥပဒေတွေအပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ လုပ်လို့ရတဲ့ အပိုင်းကနေ ကော်မရှင်ကို ပြန်တုံ့ပြန်မယ်” ဟု ဦးလှသိန်းက ပြောကြားသည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်ကသာ အခရာ ဖြစ်နေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း (၅) ပုဒ်မ ၂၀ (က) နှင့် (ခ) တွင် ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ခြင်းအပေါ် မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့်မရှိစေရဟု ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပုဒ်မ ၁၁ တွင်လည်း နိုင်ငံရေးပါတီများနှင့်စပ်လျဉ်း၍ ဥပဒေအရ ဆောင်ရွက်သော ကိစ္စများအပေါ် ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။

“ ဥပဒေမူဘောင်မှာ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေဟာ ကြီးမားတယ်” ဟု ထင်ရှားသော ရွေးကောက်ပွဲဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် PACE အဖွဲ့၏ ပရိုဂရမ်မန်နေဂျာ ကိုဟန်စိုးထွန်းက မှတ်ချက်ပြုသည်။

လက်ရှိ ကော်မရှင်သက်တမ်းတစ်လျှောက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၆) ဖြင့် သတိပေးခဲ့သည့်ဖြစ်စဉ်သည် ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ ၂၀ က ပထမဆုံးဖြစ်ပြီး ယခင်က ထိုသို့သတိပေးခဲ့ခြင်းမျိုးမရှိခဲ့ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးက ဒီဇင်ဘာ ၄ ရက်တွင် ကော်မရှင်ရုံ၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

ပြည်ခိုင်ဖြိုးပါတီ ဖျက်သိမ်းခံရနိုင်သလား

ကော်မရှင်က နိုဝင်ဘာ ၁၄ ရက်တွင် သတိပေးချက် ထုတ်ပြန်သော်လည်း ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပါတီကော်မတီများက ပါတီ ၂၀ ၏ နိုဝင်ဘာ ၂ ရက် ထုတ်ပြန်ချက်ကို ထပ်ဆင့်ထောက်ခံကြောင်း နိုဝင်ဘာ ၂၁ ရက်အထိ ဆက်လက် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဆက်လက်ဆောင်ရွက်မှုများကြောင့် ကော်မရှင်အနေဖြင့် ပြည်ခိုင်ဖြိုးပါတီကို အရေးယူနိုင်ခြေ ရှိ၊ မရှိ နိုဝင်ဘာ ၂၇ ရက်က ကော်မရှင်ရုံးတွင် ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “ ကော်မရှင်က အဲဒီလို စောင့်ကြည့်နေတဲ့သဘောတော့ စိတ်ထဲမှာ မရှိဘူးပေါ့။ အဲဒီတော့ သတိပေးသင့်တဲ့အချိန်မှာ သတိပေးချက် ထုတ်ပြန်လိုက်တယ်။ နောက်ထပ် တကယ်လို့ အဲဒီအထဲမှာလည်း စာပါပြီးသားပဲ။ နောက်ထပ်ပြုမှုသဖွယ် ကြည့်ရမှာပေါ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အဓိကပြိုင်ဘက်ဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဥပဒေများကို အသုံးချပြီး ဖြုတ်ချရန် ရည်ရွယ်ချက် လုံးဝမရှိဟု ငြင်းဆိုသည်။

“ ဒီပါတီ စတင်ဖွဲ့စည်းစဉ်က နိုင်ငံတော်ပိုင်ပစ္စည်းတွေကို တစ်နည်းအားဖြင့် သွယ်ဝိုက်ရယူသုံးခဲ့တာ သမိုင်းအချက်အလက်အမှန်ပဲ ဖြစ်ပါတယ်။ ဒီလိုအချက်မျိုးကိုတောင် ထောက်ပြပြီးတော့ ပါတီကိုဖျက်သိမ်းဖို့ မကြိုးစားခဲ့ပါဘူး။ မမျှတကြောင်း မမှန်ကန်ကြောင်းသာ ပြောခဲ့ပါတယ်။ ဒါကြောင့် ဒီထက်သေးငယ်တဲ့ အကြောင်းပြချက်တွေနဲ့ ပြိုင်ဘက်ပါတီကို ဖျက်သိမ်းဖို့ ကြိုးစားမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒီအတွက် စိုးရိမ်ပူပန်စရာ မရှိပါဘူးလို့ ပြောချင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

သို့သော် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်သည့် အဆင့်အထိ ရောက်ရှိလာခြင်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေ ဖြင့် ဝေဖန်မှုများအပေါ် သည်းမခံနိုင်သည့် သဘောနှင့် ညှိနှိုင်းဖြေရှင်းမှု အားနည်းသည့် သဘောဆန်ကြောင်း ထောက်ပြမှုအချို့ရှိသည်။

“ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်အားလုံးကို တစ်ဖက်က လိုက်နာရမယ်ဆိုပေမဲ့ တစ်ဖက်ကလည်း ဝေဖန်ခွင့် ရှိတယ်ဆိုတာတော့ အသိအမှတ်ပြုဖို့ လိုအပ်မယ် ထင်ပါတယ်” ဟု နိုင်ငံရေးနှင့် တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက ပြောကြားသည်။

လတ်တလောအနေအထားတွင် သူရ ဦးရွှေမန်း၊ ဦးကိုကိုကြီး စသည့် ထင်ရှားပုဂ္ဂိုလ်များ ဦးဆောင်သည့် နိုင်ငံရေးပါတီများစွာ ထွက်ပေါ်လာသော်လည်း ပါတီ၏ လူအင်အား၊ ငွေအင်အားနှင့် အတွေ့အကြုံများအရ ပြည်ခိုင်ဖြိုးပါတီသည် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အင်အားကြီးပြိုင်ဘက် ဖြစ်သည်ကို နိုင်ငံရေးပါတီအချို့ မငြင်းဆန်ပေ။

“ ပြည်ခိုင်ဖြိုးဆိုရင် ကျွန်တော် ထောက်ခံတဲ့ ပါတီတော့ မဟုတ်ပါဘူး။ သို့သော်လည်း သူလည်း ပါတီကြီးတစ်ခုပဲ ဖြစ်တာကိုး။ ယနေ့ ဖြစ်စဉ်အတွင်းမှာ အင်အားကြီးပါတီတစ်ခု ဖြစ်တယ်။ ယနေ့ မြန်မာပြည် အပြောင်းအလဲအတွက် သူလည်း ပြောရင်တော့ Key တစ်ခု ဖြစ်တာပေါ့ဗျာ” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးငွေလင်းက ပြောကြားသည်။

အတိုက်အခံဖြစ်စဉ် ပါတီဖျက်သိမ်းခံရမည့်အရေးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစွာခံခဲ့ရသော်လည်း သတိပေးခြင်းဖြင့်သာ ပြီးဆုံးခဲ့ပြီး ပါတီဖျက်သိမ်းခံရသည့် အခြေအနေအထိ မရောက်ခဲ့ပေ။

လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင်တည်ထောင်ပြီး နှစ်နှစ်အကြာတွင် ကျင်းပသည့် ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် ဖိနှိပ်မှုမျိုးစုံကို ပါတီထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင် ပါတီဝင်များခံခဲ့ရသော်လည်း ပါတီဖျက်သိမ်းသည့် အခြေအနေနှင့် မကြုံတွေ့ခဲ့ရပေ။

ထို့ပြင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိစဉ်ကလည်း ပါတီဖျက်သိမ်းခံရနိုင်ကြောင်း ထိုအချိန်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတိပေးမှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အဆုံးသတ်တွင် ပါတီဖျက်သိမ်းခံရသည့် အဆင့်အထိတော့ မကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများ စဉ်ဆက်မပြတ် ရှင်သန်နေရမည်ဖြစ်သော်လည်း ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်မည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက နေပြည်တော်ရှိ Grand Amara Hotel တွင် နိုဝင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံရေး သင်တန်းကျောင်း သင်တန်းဆင်းများ ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၉ (က) တွင် ပါတီတစ်ခုအနေဖြင့် မိမိဆန္ဒအလျောက် ဖျက်သိမ်းလျှင်ဖြစ်စေ၊ ဥပဒေအရ မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ခံရလျှင် ဖြစ်စေ ပါတီပိုင်ပစ္စည်းများကို အစိုးရက သတ်မှတ်ပေးသည့် ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်း ပေးသွင်းရမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပါတီဖျက်သိမ်းခံရလျှင် ပါတီပိုင်ပစ္စည်းများကို ပြည်သူပိုင်သိမ်းမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ နေ့စဉ်ထုတ်သတင်းစာတစ်စောင်က နိုဝင်ဘာ ၂၄ ရက်တွင် သတင်းဖော်ပြခဲ့ပြီး မည်သည့် ပါတီကို ရည်ညွှန်းပြောဆိုသည်ကိုတော့ ပြောစကားတွင် မပါရှိပေ။

“ တကယ်လို့ အဲဒီပါတီတွေကို ဖျက်သိမ်းရင် ပါတီပိုင်ပစ္စည်းတွေကို နိုင်ငံပိုင်သိမ်းမယ်။ ပြည်သူပိုင်သိမ်းမယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက အထက်ပါသတင်းတွင် ပြောဆိုထားသည်။

ပါတီစုံဒီမိုကရေစီစနစ်တွင် တိုင်းရင်းသား နိုင်ငံရေးပါတီများအပါအဝင် ပါတီပေါင်းစုံ ရှင်သန်ရန် လိုအပ်မည်ဖြစ်သည်။

အာဏာရှိအဖွဲ့တစ်ခုက မိမိအား အတိုက်အခံပြုသည့် အခြားအဖွဲ့များကို နှိပ်ကွပ်သည့် သမိုင်းကြောင်းသည် မြန်မာနိုင်ငံ၌ အစဉ်အဆက် ဖြစ်ပေါ်ခဲ့ပြီး အာဏာရပါတီက ဖွဲ့စည်းထားသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် မိတ်ဖက်ပါတီများကြား ဖြစ်ပေါ်နေသည့် ပြဿနာများကြောင့် ဒီမိုကရေစီစနစ်တွင်လည်း နိုင်သူစားစတမ်း ပါတီတစ်ခုနှင့် တစ်ခု အပြန်အလှန် နှိပ်ကွပ်နေသည်ဟု အများက ထင်မှတ်မှားစရာဖြစ်နိုင်သည်။

အတိုက်အခံ နိုင်ငံရေးပါတီများ၏ ရပ်တည်ရှင်သန်ခွင့် လွတ်လပ်စွာ ပြောဆိုလှုပ်ရှားခွင့်များနှင့်ပတ်သက်၍ စိုးရိမ်ရေမှတ်သို့ မရောက်သေးသော်လည်း စိုးရိမ်ဖွယ်ဖြစ်နေသည်က ပကတိတရားဖြစ်ပြီး ယင်းက ပြည်သူအများစု ရွေးချယ်မှုဖြင့် အာဏာရလာသည့် လက်ရှိအရပ်သားအစိုးရကို ဝေဖန်စရာ အကြောင်းပြချက် ဖြစ်စေသည်။

“ အကယ်၍သာ အတိုက်အခံအင်အားစုတွေ အနေနဲ့ လှုပ်ရှားခွင့်တွေ မရှိဘူးဆိုရင်တော့ ဒီမိုကရေစီနည်းလမ်းနဲ့တော့ ပြဿနာ ရှိနိုင်ပါတယ်” ဟု PACE အဖွဲ့ ပရိုဂရမ်မန်နေဂျာ ကိုဟန်စိုးထွန်းက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီကို ကော်မရှင်က သတိပေးချက် ထုတ်ပြန်ထားသော်လည်း ပါတီဖျက်သိမ်းသည်အထိတော့ လုပ်ဆောင်မည် မဟုတ်ဟု ပြိုင်ဘက် နိုင်ငံရေးပါတီအချို့နှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့သူများက ထင်မြင်ချက်ပေးသည်။

“ ဘယ်လိုနည်းနဲ့မှ ဖျက်သိမ်းမှာ မဟုတ်ဘူး။ ဖျက်သိမ်းတဲ့ အခြေအနေအထိတော့ ရောက်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာထက်ပိုပြီး ရှင်းရမှာလေ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်က ထင်မြင်ချက်ပေးသည်။

သို့သော် ရွေးကောက်ပွဲကျင်းပရန် တစ်နှစ်ခန့် လိုသေးချိန်တွင် (ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲစွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲတွင် ပြောကြားထား) ကော်မရှင်၏ သတိပေးမှုဖြင့် အဝါကတ်ထိထားသော ပြည်ခိုင်ဖြိုးအပါအဝင် ပါတီ ၂၀ အနေဖြင့် နှစ်ဝါတစ်နီ မဖြစ်စေရန် ဝေဖန်မှုများ၊ ထုတ်ပြန်ချက်များနှင့် စပ်လျဉ်း၍ သတိကြီးကြီးထားရန် လိုအပ်မည်ဖြစ်သည်။

 

Most Read

Most Recent