ငါတို့လူ့ကမ္ဘာကြီး

ငါတို့လူ့ကမ္ဘာကြီး
Photo: smoliet.com
Photo: smoliet.com
Published 22 December 2019
သူသူမေ

ဒီကာလတွေက လူခေါင်းတွေ ဖုန်းမျက်နှာပြင်ထဲ စိုက်ဝင်နေတဲ့ နေ့ညတွေလို့ ဆိုရမယ်။ ငါတို့အင်တာနက်ကြီးကလည်း လမ်းပေါ်မှာ လူတွေ ပျားပန်းခတ် သွားနေကြသလိုမျိုးပဲ။ မြို့တော်မှာဆို လမ်းမီးတွေ မလာဘဲနဲ့တောင် လင်းတယ်။ လူတွေရဲ့ မျက်နှာတွေက ငိုက်စိုက်ထွန်းထားတဲ့ မီးလုံးတွေလိုမျိုး လင်းလို့ ထိန်လို့။ သူတို့ ဝင်စားနေတာ ငါတို့ဝင်စားနေတဲ့ လေလှိုင်းတွေ ကြားမှာပဲ။ မျက်နှာတွေမှာက ပြုံးလိုက် ရယ်လိုက် မဲ့လိုက် တည်လိုက်။ သစ်ပင်တွေ ယိမ်းထိုးနေတဲ့၊ ကားတွေ ဥဒဟို ဖြတ်မောင်းသွားတဲ့ ၊ လူတွေယောက်ယက်ခတ်နေတဲ့၊ ငှက်တွေ ပျံတက်သွားတဲ့ မြို့တော်ကိုတော့ ငါတို့ သတိထားမိဖို့ ဝေးတယ်။

ငါတို့အတွက်အနီးဆုံးက မိုင်ပေါင်းများစွာက ပင်လယ်၊ သမုဒ္ဒရာတွေ၊ တောင်တန်းတွေ ၊ လူတွေနဲ့ အဖြစ်အပျက်တွေ။ ငါတို့အနေနဲ့ ကမ္ဘာမှာ ဘာဖြစ်နေလဲ သိချင်သိမယ် ၊ ငါတို့နား ဘာဖြစ်နေမလဲသိဖို့တော့ ပိုပိုခက်နေကြတယ်။ ခုဆို ခါတိုင်း ငါတို့ မြင်နေကျ ရပ်ကွက်ထဲမှာ အတင်းပြောတဲ့ အလုပ်တွေတောင် သိပ်မလုပ်ကြတော့သလိုပဲ၊ မမြင်ရတာ ကြာပေါ့။ စကားဝိုင်းဖွဲ့မှုတွေက ခေတ်စနစ်တွေနဲ့အညီ နေရာဌာနတွေ ပြောင်းရွှေ့ကုန်တာမျိုးလည်း ဖြစ်မှာပေါ့။ အခုချိန်မှာ ဖုန်တွေလူးပြီး ပေပွအောင် ဆော့နေတဲ့ ကလေးတစ်ယောက်ကို မြင်ဖူးချင်ရင်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက် ကမြို့ပြကိုသာ time travel လုပ်ပြီး သွားကြည့်ကြပေတော့။

ခေတ်ကြီးကတော့ သူများ မလုပ်တာ ကိုယ်လုပ်နိုင်ရင် နာမည်ကြီးတဲ့နှုန်းနဲ့ ပြေးနေတာပဲ။ ဒီလိုကာလမျိုးမှာ အရင်က ယပ်တောင်တစ်ချောင်းနဲ့ မြို့ပတ်နေတဲ့ ဦးကြီးနဲ့ အထုပ်ကြီးဆွဲပြီး လျှောက်သွားနေတဲ့ဒေါ်ကြီးကို လွမ်းဖြစ်တယ်။ သူတို့သာ ရှိသေးရင် သူတို့က ငါတို့မြို့ဂုဏ်ဆောင် ဆယ်လီတွေဖြစ်ကြမှာ။ လက်ခုပ်သံတွေလည်း ဟည်းထနေမှာ မြင်ယောင်သေး။ သူ့ခေတ်နဲ့ သူ့အခါပေါ့။ ငါတို့က ဘေးဖယ်ပေးဖို့သာ ရှိတာ။

ဆက်သွယ်ရေး ကိရိယာတွေကလည်း မနေ့ကနဲ့ ဒီနေ့တောင် မတူဘူး။ တစ်နေ့ထက် တစ်နေ့ အဆင့်မြင့်လာပြီး ငါတို့စိတ် အာရုံတွေထဲကို ထိုးဖောက်လာနေကြတယ်။ နည်းပညာတွေမြင့်လာသလောက်၊ ဆက်သွယ်ရေးတွေ ကောင်းလာသလောက် ငါတို့ချင်း ဆက်သွယ်မှုတွေကတော့ ဧရိယာပြင်ပပဲ။ ငါတို့နားတွေ မကြားကြတော့ဘူး။ ငါတို့ကို ဘယ်သူခေါ်လို့မှ မရတော့ဘူး။ ငါတို့က အနီးမှုန်တွေဖြစ်မှန်းမသိ ဖြစ်နေကြတယ်။ အထူးသဖြင့် ငါတို့မိသားစုတွေမှာ၊ ငါတို့ ပတ်ဝန်းကျင်တွေမှာပေါ့။

ငါတို့မှာ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ ငါတို့အနားထက် တခြားကသူတွေရဲ့စိတ် ရောင်စုံအစဉ် အတန်းလိုက်ကြီးတွေကိုပဲ ငါတို့ ဂရုပြုမှတ်ချက်ပေး ဖြစ်နေတတ်တယ်။ သူတို့ကလည်း ငါတို့ မနက်ခင်းတွေမှာ လာပြီး ကထိန်လှည့်နေကြသလိုမျိုးလေ။ သူတို့တွေ ဝတ်ဆင်ထားတာက ဆေးရောင်စုံပဲ။ အဲ့ဒီမှာ တချို့တွေက ဘာမဟုတ်တဲ့အရေး ကိစ္စတွေနဲ့လည်း ဆပ်ပြာပူဖောင်းလေးတွေလို အထိမခံနိုင် ပေါက်ကွဲတတ်ကြတယ်။ တချို့ကတော့ ချိန်ကိုက်ဗုံးတစ်လုံးလိုမျိုး၊ အနားကလူတွေမှာပါ သွေးစက်လက်တွေဖြစ်အောင် လုပ်လိုက်နိုင်တယ်။ အဲဒီလိုပဲ ငါတို့ဟာ အိပ်ရာပေါ် နေရင်းနဲ့လည်း စစ်မြေပြင်ထဲ ရောက်မှန်းမသိ ရောက်သွားပြီး ဗုံးစထိ မှန်ခံရနိုင်တာမျိုးလည်း ရှိတတ်တယ်။ 

ဒီကနေ့ ငါတို့ကမ္ဘာကြီးက တကယ့်စစ် မြေပြင်ကြီးလိုပဲ ။ ငါတို့ဝမ်းထဲမှာ ကျည်ဆန်တွေအပြည့်ဆိုသလို ငါတို့ လက်တွေကလည်း ခလုတ်နှိပ်လိုက်ဖို့သာ အာသီသ ပြင်းပြနေတတ်တယ်။ တစ်ခါတစ်ခါဆို ဘာအကျိုးအကြောင်းမှ မရှိဘဲနဲ့လည်း အိမ်နီးချင်းတွေကို ငါတို့အထဲကကျည်ဆန်တွေ ထုတ်ထုတ်ပြပြီး ရန်စတတ်ကြသေးတယ်။ တချို့တွေတော့ လူကောင်းတွေကိုတောင် သူတို့ ဘယ့်နှယ့်မှ မလုပ်ပါဘဲ မလိုတမာ ရိုက်ချက်  တွေနဲ့ ထိုးနှက်တတ်ကြတယ်။ အဲဒီလိုမျိုး မလိုအပ်ဘဲ ကျည်ဆန်တွေ ထုတ်ထုတ်ပြတတ်တာမျိုး ၊ လိုအပ်တာထက် ပိုပြီးတိုက်ခိုက် တတ်ကြသူတွေကြောင့် ငါတို့မှာ နေ့စဉ် ကျည်ဆန်မမြင်ရတဲ့ နေ့ရယ်လို့ မရှိသလို  ငြိမ်းချမ်းနေတဲ့နေ့ဆိုတာလည်း မရှိပါဘူး။ တစ်နေ့တခြား ကျည်ဆန်တွေ များသထက် များလာ ၊စာနာတရားတွေက ခေါင်းပါးသထက် ခေါင်းပါးလာလိုက်တာ မေတ္တာတရား ဆိုတာကို ငါတို့နောက်မျိုးဆက်တွေ မမြင်ဖူးလိုက်မှာကို စိုးရိမ်မိပါရဲ့။

ဒါပေမဲ့ ငါတို့ ဒီလိုပဲ ဆက်သွားကြတယ်။ လက်နက်တွေ ထုတ်ထုတ်ချိန်မယ်။ ဓားသွားလိုချွန်မြတဲ့စကားလုံးတွေနဲ့ ထိုးခုတ်မယ်။ ဒဏ်ရာတွေကို ဆားနဲ့ ပက်မယ်။ မျက်ရည်တွေကို လှောင်ပြောင်မယ်။ ပြီးရင် ငါတို့ဟာ သူကောင်းမျိုးနွယ်က ဆင်းသက်လာသလိုမျိုး ဂုဏ်ဆာမယ်။ ကမ္ဘာကြီးက ဆက်လည်တယ်။ အရင်လိုပဲ ဖိနပ်ကို ခေါင်းမှာ ချည်နိုင်မှ ၊ လည်ပင်းမှာဆွဲနိုင်မှ လက်ခုပ် တီးတယ်။ တဖြည်းဖြည်းနဲ့ ဖိနပ်ကို ခေါင်းမှာ ချည်သူတွေ များလာတယ်။ လက်ခုပ်သံတွေလည်း ကျယ်လာတယ်။ လက်ခုပ်တွေ များလာလေ ဖိနပ်တွေ ခေါင်းပေါ်ရောက်လေ၊ ဖိနပ်တွေ ခေါင်းပေါ်များလာလေ လက်ခုပ်သံတွေ ဆူညံလာလေ။ နောက်ဆုံး လက်ခုပ်တီးသူတွေခေါင်းမှာပါ ဖိနပ်တွေ တွေ့လာရတယ် ။ အဲ့မှာ သူတို့ ပိုပြီးတီးအားကောင်း လာကြတယ်။

တချို့ဦးနှောက်တွေကတော့ အရင်ထက် နှစ်ဆ တစ်ပြေးနေဆဲပဲ။ စိတ်ရှိရင် တောင်ပေါ်က လူကိုလည်း ရေနှစ်သတ်နိုင်သလို တောင်အောက်ကလူကိုလည်း တောင်ပေါ်က လိမ့်ကျအောင် လုပ်ဖို့ အလွယ်လေးပဲ။ အဲဒီလိုနဲ့ ငါတို့ တစ်ယောက်ကို တစ်ယောက် မယုံကြည်ရဲကြတော့ဘူး။ တဖြည်းဖြည်းနဲ့ ငါတို့အဖွဲ့အစည်းကြီးမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ မိစ္ဆာတွေ ပွားများလာကြတယ်။ သူတို့ကို ဘယ်လိုခွဲခြားရမလဲ ငါတို့ မသိဘူး။ သူတို့ကဝမ်းထဲမှာ နှလုံးသားဟောက်ပက်နဲ့ ဆိုတာတော့ ငါတို့ ခန့်မှန်းမိတယ် ။ သူတို့ ဝမ်းထဲ ဖွင့်ပြီး သက်သေထူဖို့ကျတော့လည်း ခက်တယ်။ ငါတို့မှာ အန္တရာယ်စက်ကွင်းတစ်ခုထဲ ရောက်နေရသလိုမျိုးပဲ။ လုံခြုံမှုကို မခံစားရဘူး။

ငါတို့မှာ ငါတို့အတွက် သမ္မာဒေဝနတ် ကောင်းနတ်မြတ်တွေ လိုအပ်လာတယ်။ လူတချို့က သူတို့ဟာ နတ်မြတ်တွေပါလို့ ငါတို့ကို ပြောသေးတယ်။ မတူညီတဲ့ယူနီဖောင်းတွေနဲ့ အဆင့်မြင့်လက်နက်တွေနဲ့ ဆိုတော့ဟုတ်နိုင်မယ်လို့ ငါတို့လက်ခံလိုက်ကြသေးတယ်။ ဒါနဲ့ ငါတို့ အသက်အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေ သူတို့လက် ခဏအပ်ပြီး ငါတို့စိတ် အေးလက်အေး နေကြည့်လိုက်တယ်။ အခုတော့ ငါတို့ပိုင်ဆိုင်မှုတွေက အပေါင်ဆိုင်မှာတဲ့လေ။ ငါတို့တွေ ယမ်းပုံမီးကျ ဖြစ်ကုန်ကြတယ်။ တချို့ကတော့ အဲဒါ ငါတို့ခေါင်းတွေက သုံးစားမရအောင် စုတ်ပြတ်နေကြတဲ့အပြစ်တဲ့။ ဖိနပ်လေးခေါင်းမှာ ချည်ပြီး ကနေကြတာရဲ့ အကျိုးဆက်တွေတဲ့။ မဟုတ်ဘူး၊ ဒါက ငါတို့ ခေါင်းထဲကို နှစ်ပေါင်းများစွာ ဗိုင်းရပ်စ်ပိုးတွေ ထိုးထည့်ခံရတာရဲ့ နောက်ဆက်တွဲလို့လည်း ဆိုကြတာပဲ။

ဒါပေမဲ့ ကမ္ဘာကြီးကလည်း ဆက်လည်တယ် ၊ ငါတို့လည်း ဒီလိုပဲ ဆက်သွားကြတယ်။ မိစ္ဆာတွေက ငါတို့ပတ်ဝန်းကျင်မှာ ပိုပိုများပြားလာတဲ့အပြင် သူတို့ရဲ့ နည်းစနစ်တွေကလည်း ကျယ်ပြန့်လာခဲ့တယ်။ သူတို့က ငါတို့တွေကြားထဲမှာ ရောနှောသွားလာနေရင်း ဗျူဟာတွေအမျိုးမျိုးနဲ့ တိုက်စစ်ဆင်လာကြတယ်။ တစ်ခါတစ်ခါဆို သူတို့အမှတ်နဲ့ ပြန်တိုက်ခိုက်ရင်း ကိုယ့်အချင်းချင်း လွန်ကျူးမိတာမျိုးတွေ ဖြစ်နေတတ်တယ်။ ပြောရရင် ငါတို့ကိုယ်တိုင်က ဆင်ခြင်ဉာဏ်နည်းလာတယ်လို့ ဆိုရမယ်။ အကြောက်လွန်စိတ် ဝေဒနာတွေက ငါတို့ ဦးနှောက်တွေကို ဘယ်အထိဖျက်ဆီးပြီးပြီလဲဆိုတာ ငါတို့လည်း မသိတတ်တော့ဘူး။

ငါတို့မှာ နေ့ရှိသရွေ့ ချောက်ချားနေရတာရယ်၊ တစ်ဦးကို တစ်ဦး မယုံကြည်နိုင်တော့တာရယ်၊ အန္တရာယ်ဟာ ငါတို့လက် တစ်ကမ်းကနေ ချောင်းမြောင်းနေတတ်တယ်ဆိုတဲ့ ခံစားမှုရယ် ဆိုတာတွေကပဲ ငါတို့အာရုံတွေထဲမှာ လွှမ်းမိုးနေတယ်။ မနက်မိုးလင်းတာနဲ့ ဘယ်သူ့အိမ်မှာ ဘယ်လို ဆိုးဆိုးရွားရွားဖြစ်ရပ်တွေ ဖြစ်သွားခဲ့တယ်ဆိုတဲ့ မကောင်းသတင်းမျိုးတွေကသာ ငါတို့ရဲ့ ကြားနေကျ သတင်းစဉ်။ ငါတို့မှာ နေ့စဉ် အန္တရာယ်ကင်းဂါထာ မန္တာန်တွေ ရွတ်၊ ငါတို့ခန္ဓာကိုယ်တွေမှာလည်း လက်ဖွဲ့ အဆောင်တွေ သီပြီး ရူးသွပ်နေသူတွေလိုပဲ။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ငါတို့အဖွဲ့အစည်းအတွင်း ဆန်းစစ်အဖြေရှာမှုတွေ၊ စာရိတ္တပိုင်းဆိုင်ရာ ထိန်းကျောင်းမှုတွေလုပ်ဖို့ လိုအပ်လာပြီလို့ ထင်တယ်။ ဒီအတွက် ငါတို့တတွေ အသီးသီးဆန္ဒရှိကြတာကတော့ ငါတို့အဖွဲ့အစည်းကြီးကို တစ်နည်းနည်းနဲ့ ပြုပြင်ပြောင်းလဲပစ်ဖို့ပါပဲဲ။ ဒါနဲ့ ငါတို့အားလုံးပဲ တခြားသူတွေရဲ့ စာရိတ္တပြုပြင်ပြောင်းလဲရေးကိစ္စကို အကောင်အထည်ဖော်လိုက်ကြတာ ဒီကနေ့အထိပဲ ဆိုပါတော့။

 

 

Most Read

Most Recent