အသက်၊ သွေး၊ ချွေးများစွာပေးဆပ်ပြီးမှ ရရှိလာသည့် ငြိမ်းချမ်းရေးအပေါ် စိတ်ရှည်ရှည်နှင့် နားလည်မှုထားပြီး ရှေ့ဆက်ရန်လိုကြောင်း DKBA စစ်ဦးစီးချုပ် ပြောကြား

အသက်၊ သွေး၊ ချွေးများစွာပေးဆပ်ပြီးမှ ရရှိလာသည့် ငြိမ်းချမ်းရေးအပေါ် စိတ်ရှည်ရှည်နှင့် နားလည်မှုထားပြီး ရှေ့ဆက်ရန်လိုကြောင်း DKBA စစ်ဦးစီးချုပ် ပြောကြား
DKBA နေ့အခမ်းအနားတွင် စစ်ရေးပြနေသည့် DKBA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
DKBA နေ့အခမ်းအနားတွင် စစ်ရေးပြနေသည့် DKBA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
Published 21 December 2019
ကိုရွှေသိန်း (မြဝတီ)

အသက်၊ သွေး၊ ချွေးများစွာပေးဆပ်ပြီးမှ ရရှိလာသည့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိတ်ရှည်ရှည်နှင့် နားလည်မှုထားပြီး ရှေ့ဆက်သွားရန်လိုကြောင်း NCA ထိုးထားသည့် ကရင်လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် DKBA အဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက ပြောကြားသည်။

၂၅ နှစ်မြောက် DKBA နေ့ ငွေရတုအခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်တွင် မြဝတီခရိုင် စုကလိမြို့နယ်ခွဲ ဆုံဆည်းမြိုင်ကျေးရွာရှိ DKBA ဌာနချုပ် စစ်ရေးပြကွင်းတွင် ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် DKBA အဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့ NCA ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးကို အစဉ်တစိုက်ဆောင်ရွက်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့ရာမှာလည်း လွယ်လွယ်ကူကူ ရရှိခဲ့တာမဟုတ်ဘဲ အခက်အခဲများစွာကို ရင်ဆိုင်ကျော်လွှားခဲ့ရပါတယ်။ အသက်သွေးချွေးတွေ အများကြီးရင်းနှီးပေးဆပ်ခဲ့ပြီးမှ ငြိမ်းချမ်းရေးကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကြီးကြီးမားမားပေးဆပ်ပြီးမှ ရရှိလာတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ကျွန်တော်တို့တစ်တွေဟာ စိတ်ရှည်ရှည်နဲ့ နားလည်မှုထားပြီး ရှေ့ဆက်သွားကြဖို့ အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးက ပြောကြားသည်။

၂၅ နှစ်မြောက် ငွေရတုသဘင်အခမ်းအနားတွင် ပထမဦးစွာစစ်ရေးပြစစ်ကြောင်းများမှ စစ်ရေးပြကွင်းအတွင်းသို့ ချီတက်ဝင်ရောက်နေရာယူကြပြီး စစ်ကြောင်းမှူးကြီးက ဒုတိယစစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး စောစတီးထံ တပ်ကို အပ်နှံမှုပြုလုပ်သည်။

ထို့နောက် နိုင်ငံတော်အလံကို အလေးပြုကြပြီး DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယစစ်ဦးစီးချုပ်နှင့် စစ်ရေးပြတပ်ခွဲများက စစ်ဦးစီးချုပ်ဗိုလ်ချုပ် ကြီးစောမိုရှေးအား အလေးပြုကြပြီး စစ်ဦးစီးချုပ်က စစ်ရေးပြစစ်ကြောင်းများအား လိုက်လံစစ်ဆေးကြည့်ရှုသည်။

အဆိုပါအခမ်းအနားသို့ NCA ထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ  ဦးသန်းဌေး၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းနှင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ၊ မြဝတီခရိုင်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ စစ်ဘက်နယ်ဘက်မှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်များနှင့် ဒေသခံတိုင်းရင်းသားများစွာ တက်ရောက်ခဲ့ကြသည်။

၂၅ နှစ်မြောက် DKBA နေ့ ငွေရတုအခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးထံ မြန်မာနိုင်ငံမြေပုံ ကျောက်စီပန်းချီကား လက်ဆောင်ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံမြေပုံကို မပြိုမပျက်၊ မကွဲမအက်၊ မပျက်မစီးအောင် ထိန်းသိမ်းစောင့်ရှောက်ရန် ဦးသန်းဌေးက ပြောကြားခဲ့သည်။

ထို့အတူ DKBA နေ့အခမ်းအနားသို့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင်သူရရွှေမန်းအား ဖိတ်ကြားခဲ့သော်လည်း လူကိုယ်တိုင်တက်ရောက်ခြင်းမရှိဘဲ သဝဏ်လွှာတစ်စောင် ပေးပိုခဲ့သည်။

အဆိုပါသဝဏ်လွှာတွင် DKBA နှင့် လက်တွဲဆောင်ရွက်ခဲ့ဖူးသူ တစ်ဦးဖြစ်၍ DKBA ၏ သမိုင်းကြောင်းနှင့် အစဉ်အလာအား ကောင်းစွာနားလည်သိရှိထားပြီး တပ်ဖွဲ့ဝင်များ၏ ရိုးသားဖြောင့်မတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအား ချစ်မြတ်နိုးမှု၊ သစ္စာစောင့်သိမှုတို့ကို အစဉ်အမြဲလေးစားတန်ဖိုးထားကြောင်း၊ သို့ဖြစ်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် DKBA အနေဖြင့် တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရာတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒမွန်ဖြင့် ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြထားသည်။         

Most Read

Most Recent