နွေတစ်ရာ မိုးတစ်ရာ ဆောင်းတစ်ရာ

နွေတစ်ရာ မိုးတစ်ရာ ဆောင်းတစ်ရာ
Photo: Zhane Lewis
Photo: Zhane Lewis
Published 21 December 2019
နိုလှိုင်း

(၁)

ချိန်းထားတာက အလုပ်ကိစ္စရယ်လို့ မဟုတ်ပါဘူး။ ပြောရရင် အလုပ်ကိစ္စလို့တောင် ပြောလို့မရဘူး။ အသိမိတ်ဆွေချင်း အေးအေးလူလူ စကားပြောရအောင်ဆိုတဲ့သာမန် စိတ်အပန်းဖြေမှုတစ်ခုလို့ သဘောထားလည်း ရတယ်။ အားလပ်ရက်မှာ ပျင်းရိငြီးငွေ့နေမယ့် အတူတူစိတ်အညောင်း ဖြေဖို့လောက်သာ စိတ်ကူးထားခဲ့ကြတာပါ။ ဒီအတိုင်းလည်း ပုံမှန်မဆုံဖြစ်ကြတော့ တစ်ခါတလေ တွေ့ဖို့လောက်ကို အဲဒီလိုချိန်းချက်မှပဲ အဆင်ပြေတော့မှာ။ မဟုတ်ရင် ကျွန်တော်အပြင် ထွက်တဲ့နေ့နဲ့ သူတို့အားလပ်ရက်က တလွဲကြီး ဖြစ်ဖြစ်နေတတ်တယ်။ ဒါပေမဲ့ သိပ်တော့မထူးဘူး။ အမေးအဖြေ စကားဝိုင်းတစ်ခုဆီ သွားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်က ထွက်လာခဲ့ပေမဲ့ အဲဒီစကားဝိုင်းကိုလည်း ကျွန်တော်က သိပ်စိတ်မဝင်စားဘူးလို့ ဆိုရမှာပဲ။ အချိန်မီ ရောက်လာချင်တဲ့ သူလည်းလာ၊ စကားဝိုင်းမှာ နားထောင်ချင်တယ်ဆိုလည်း ဝင်နားထောင်ပေါ့။ ဒါမှမဟုတ် ပွဲမမီရင်လည်း အဲဒီပတ်ဝန်းကျင်မှာ အားလုံး ဆက်ရှိနေကြဦးမယ်ဆိုတာကို ပြောမထားပေမဲ့ ကြိုပြီးသိနေနှင့်ကြပြန်တယ်။

တကယ်တော့ ဒီလိုဆုံဖို့ပြောတာကလည်း သူတို့ထဲကတစ်ယောက် အသိပေးသလိုနဲ့ အကြောင်းကြားခဲ့လို့။ သူတို့အလုပ်ကနေ ဦးဆောင်ပြီးလုပ်မယ့်ပွဲလေးမို့ ကျွန်တော့်ကိုလည်း လာချင်လာခဲ့ပါလားဆိုပြီး လှမ်းဖိတ်တာ။ ဒါလည်း တကူးတက ပြောဆိုမှာ ကြားတာမျိုးမဟုတ်ပါဘူး။ ဖုန်းမက်ဆေ့ချ် တစ်စောင်လောက်နဲ့ ဝတ်ကျေတန်းကျေပဲ ပြောခဲ့တာ။ ကျွန်တော်တို့ အဲဒီမှာရှိမယ် အားရင် ထွက်ခဲ့ပါလား။ စကားပြောရတာပေါ့ ဆိုတဲ့သဘောမျိုး ဖြစ်မယ်ထင်တယ်။ ကျွန်တော် အဲဒီလိုပဲ တွက်လိုက်မိတယ်။ သူ့ကိုတော့ ကျွန်တော် ဘယ်အချိန်လောက် ထွက်လာခဲ့မယ် ဆိုတာလောက်ပဲ အကြမ်းဖျင်း ပြန်ပြောထားလိုက်တော့တယ်။ ဒီလိုစကားဝိုင်းရှိရင် အဘိုးကြီးတော့ ကျိန်းသေလာနိုင်တယ်။  နောက်ပြီး ကျွန်တော်တို့ချင်း အချိန်းအချက် လုပ်ပြီဆို ကိုဦးလည်းလာမှာပဲဆိုပြီး တွေးမိသွားတယ်လေ။

(၂)

ကျွန်တော် လှမ်းခေါ်ပြီး လက်ပြလိုက်တော့ အဘိုးကြီးက ကျွန်တော်ရှိတဲ့ လမ်းတစ်ဖက်ခြမ်းဆီ ကူးလာတယ်။ ပခုံးပေါ်မှာလည်း လွယ်အိတ်ကြီးလွယ်လို့။ ကျွန်တော်က တချို့အကြောင်းတွေကိုသိတော့ အဘိုးကြီးကို လှမ်းစလိုက်တယ်။ “ ခင်ဗျား လွယ်အိတ်က သိပ်လှပါလား” ဆိုတော့ အဘိုးကြီးက “ မနေ့ကပဲ လက်ဆောင်ရခဲ့တာ အသစ်ကြီးကွ” ဆိုပြီး ကျေကျေနပ်နပ်နဲ့ ပြုံးပြီး ပြန်ပြောတယ်။ “ ဒီပွဲမှာ ခင်ဗျားတို့ ဘာလုပ်ကြမှာလဲဗျ” ဆိုတော့ “ မေးခွန်းလေးတွေမေးပြီး ဖြေနိုင်ရင် လက်ဆောင်ပေးမယ်လေ” တဲ့။ “ ကျွန်တော်ရော ဖြေလို့ရသလား” ဆိုတော့။ “ ရတာပေါ့တဲ့။ မင်းသိရင်ဖြေပေါ့” လို့ ပြောတယ်။ ပွဲကမစသေးဘူး။ ဟိုနှစ်ယောက်ကလည်း ဘယ်ဆီနေမှန်းမသိတော့ အဘိုးကြီးနဲ့ ကျွန်တော် နှစ်ယောက်တည်းဆက်ပြီး လေပစ်နေကြတာပေါ့။ ဘေးလူတွေတော့ မသိဘူး။ ကျွန်တော်တို့ချင်းတော့ တော်တော်လေပေး ဖြောင့်တယ်လို့ ဆိုရမယ်။

အဘိုးကြီးက ကျွန်တော့်ကို မေးတယ်။ “ မင်း ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲသိလား” တဲ့။ ရုတ်တရက်ကြီးမို့ ကျွန်တော် ကြောင်သွားတယ်။ ဟာ အဆန်းပါလားပေါ့။ ဒီလို ခပ်ရိုးရိုးအဘိုးကြီးဆီက ဒီလိုစကား ကြားရလိမ့်မယ်လို့ မထင်သလို သူ့လိုလူတစ်ယောက်က ဒီစကားမျိုး ပြောတတ်လိမ့်မယ်ဆိုတာ အိပ်မက်တောင် မမက်ဖူးဘူး။ ဒါနဲ့ ကျွန်တော်က “ အချစ်ကို သိပ်မခံစားတတ်ဘူး” လို့ မြှောက်ပေးလိုက်တော့ အဘိုးကြီးက ကျွန်တော့်ကို သူ့ဘဝတစ်လျှောက် သနားစရာအကောင်းဆုံး သတ္တဝါတစ်ကောင် တွေ့နေရသလို ကြည့်တယ်။ တော်တော်ချာတဲ့ကောင်ဆိုတဲ့ အဓိပ္ပာယ်မျိုးပါပဲ။ ကျွန်တော်ကလည်း ဘာပြောကောင်းမလဲ။ မျက်လုံးလေး ကလယ်ကလယ်နဲ့ “ လုပ်ပါဦးဗျ။ ခင်ဗျားရဲ့အတွေ့အကြုံတွေ” ဆိုပြီး အဘိုးကြီးကို ဆွပေးလိုက်တယ်။ အဲဒီမှာ အဘိုးကြီးက စားလက်စ ကွမ်းယာကို လက်ထဲပြောင်းထည့် လျှာကြီးသပ်ပြီး တံတွေးစင်တဲ့အထိကို ပြောတော့တာပဲ။ “ မင်းမှာ အိမ်ထောင်ရှိလား” တဲ့။ လက်ထပ်တာကို     ပြောတာလားလို့ ကျွန်တော်က ပြန်မေးတော့ အဘိုးကြီးက “ ဟေဟုတ်သားပဲကွ” တဲ့။ ကျွန်တော်တို့ ဓလေ့စရိုက်ချင်းက မတူတော့ သူဆက်ပြောမယ့်အကြောင်းအရာကို ရှေ့ဆက်ရကောင်းနိုးနိုး တွေးမိသွားပုံပေါ်တယ်။ အသက်အရွယ်ကွာတာကိုတော့ သူ့ဘက်က သိပ်ဂရုစိုက်ပုံ မရပါဘူး။

(၃)

“ ဒီတစ်သက် မိန်းမမယူတော့ဘူးလို့ကို နေခဲ့တာပဲ” တဲ့။ အဘိုးကြီးက စပြောတယ်။ “ ဘာလို့ဆို ငယ်ရည်းစားကို မေ့မရလို့” တဲ့။ “ အဲဒါနဲ့ အသက်တော်တော်ကြီးတဲ့အထိ မိန်းမမယူဘဲ နေဖြစ်ခဲ့တယ်ပေါ့ကွာ။ ဒါပေမဲ့ ဘေးပတ်ဝန်းကျင်က မကြည့်စိမ့်တော့ အိမ်ကဟာကြီးနဲ့ အတင်းပေးစားလိုက်တယ် ဆိုပါတော့။ သံယောဇဉ်တော့ ရှိသားပဲ။ ဒါပေမဲ့ ငါ တကယ်ချစ်တာကတော့ ငါ့ရဲ့ ငယ်ရည်းစား” တဲ့။ “ ဘယ်လောက်တောင် ချစ်သလဲဆို မင်းပြောရင် ယုံနိုင်စရာတောင် မရှိဘူး။ အကြောင်းတိုက်ဆိုင်တိုင်း သတိရမိတုန်း၊ သူ့စကားသံတွေ ကြားယောင်နေတုန်း၊ အခုအထိ နာမည်တူတွေ့ရင်တောင် ရင်ကခုန်တုန်း။ ခုန်တုန်း ဟကောင်ရေ”  တဲ့။ကျွန်တော့်မှာ ပါးစပ်ကြီးဟပြီး သူပြောတာကို အံ့သြတကြီး နားထောင်နေမိတယ်။ ပထမ သူနောက်နေတယ်ပဲ ထင်မိတာပါ။ ဒါပေမဲ့ သူက အတည်ပေါက်ကြီး ပြောနေတော့တာ။ သူ့ရည်းစားနာမည် တစ်စွန်းတစ်စတူရင်တောင် ဘယ်လိုမှ မနေနိုင်ဘူး။ ရင်ခုန်မိ သေးတာတဲ့လေ။

ကောင်မလေးနဲ့ ငါနဲ့က ဆွေမျိုးမကင်းဘူး ဆိုပါတော့။သူတို့ရွာကို စရောက်ဖူးတဲ့အခေါက် ကောင်မလေးကို စတွေ့တွေ့ချင်းမှာကို စိတ်လှုပ်ရှားပြီး ချစ်သွားတော့တာပဲတဲ့။ နောက်ပိုင်း ကောင်မလေးနဲ့ သမီးရည်းစားသာ ဖြစ်သွားတယ်။ နင့်ကိုငါချစ်တယ်၊ ငါ့ကို နင်ချစ်မလား ပြောစရာကို မလိုခဲ့ဘူးတဲ့လေ။  “ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး ချစ်သွားကြရောဆိုပါတော့ကွာ။ မိဘတွေကလည်း မတားကြပါဘူး။ ဒါပေမဲ့ ငါက အဲဒီတုန်းက ပစ္စည်းမဲ့စာအုပ်တွေဖတ်ပြီး နည်းနည်းဂျစ်ကန်ကန်နိုင်တာကိုး။ ပြောရရင်ကွာ ကောင်မလေးက “ ကိုရင်ရယ်တဲ့။ ကျုပ်ကို ချစ်ရင် မယူခင်အထိတော့ အမေတို့သဘော ကျနေပေးစမ်းပါ။ ယူပြီးမှ နေချင်သလိုပြန်နေပေါ့” တဲ့။ “ အဲဒီလိုကို စည်းရုံးပြီးပြောခဲ့သေးတာ။ ကောင်မလေးက ငါ့တော့ တော်တော်လေး ချစ်ရှာတယ်ဆိုရမယ်။ ဒါပေမဲ့ ငယ်ကလည်း ငယ်သေး။ ပစ္စည်းမဲ့ မာန်လေးကလည်း ရှိနေတော့ အို ငါဟာငါ နေချင်သလိုနေတာ ဘာဖြစ်လဲဆိုပြီး ငါကိုက ရွဲ့ခဲ့တာပဲ။ အဲဒါနဲ့ ကွဲပါလေရောဆိုပါတော့ ဟကောင်ရေ။ အဲဒီတုန်းက ဘယ်လိုလုပ် ကောင်မလေးနဲ့ ဝေးသွားရတယ်ဆိုတာကို အခု ဘယ်လိုမှ ပြန်စဉ်းစားမရတော့ဘူး။ အခုပြန်တွေး အခုဆွေးရတယ်။ နောင်တရလိုက်တာလည်း မပြောပါနဲ့တော့ကွာ။ အခုထက်ထိ ကောင်မလေးကိုချစ်တုန်းဟ” တဲ့။

အဘိုးကြီးက တကယ့်အလာကြီး။ သူ့စကားထဲက အဲဒီချစ်တုန်းဆိုတာကြီးကို ကျွန်တော့်နားထဲမှာ အထပ်ထပ်ကြားနေမိသလိုပဲ။ ပြီးတော့ “ ကောင်မလေးက” ဆိုတဲ့နေရာ မှာ သူ့လေသံက ပျော့နွဲ့နေတာပဲ။ တမင်များ  လုပ်ပြောနေသလား မသိဘူး။ သူ့စကားကို စိတ်ဝင်တစားနားထောင်ရင်း သဘောကျတဲ့ ပုံမျိုးနဲ့ နေမိပေမဲ့ တဟားဟားနဲ့ကို အော်ရယ်ပစ်ချင်နေမိတယ်။ အမှန်က သူ့ကို လှောင်ရယ်ချင်တာထက်စာရင် သူပြောတာတွေ နားထောင်ပြီး သဘောအကျကြီးကျနေတာ။ တစ်ခါကများဆို သူနဲ့ သူငယ်ချင်းတစ်သိုက် မိန်းမတစ်ယောက်ကို ပိုက်ဆံပေးပြီး ခေါ်အိပ်ဖူးသတဲ့။ ပြောရရင် အဲဒီ့ကလေးမလေးက သူ့ငယ်ရည်းစားနဲ့ ချွတ်စွတ်ကြီးကိုတူနေလို့ ဘယ်လိုမှ အတူအိပ်လို့ မရခဲ့ပါဘူးတဲ့လေ။ အဘိုးကြီးက ဆက်ပြောတယ်။ “ အိမ်က မိန်းမကြီးကလည်း ဒီအကြောင်းတွေ သိတာကိုးဟ။ နင့်ကို ငါချစ်ပေမဲ့ ငါ့ငယ်ရည်းစားလောက်ကို မချစ်သေးဘူးလို့တောင် ပြောမိတယ်။ အမယ် အဘွားကြီးက ဘာမှမပြောဘူး ဟကောင်ရေ။ စိတ်ထဲမှာတော့ သေချင်းဆိုးကြီးဆိုပြီး ရွတ်ချင်ရွတ်နေမှာပေါ့။ ဘယ်ကျေနပ်ပါ့မလဲ။ ဒါပေမဲ့ ဒီအသက်အရွယ်ကျမှ အဲဒါတွေလည်း မလိုတော့ပါဘူးကွာ။ နားလည်မှုရှိပြီးတာပဲ” တဲ့။ အမယ် အိမ်ကမိန်းမကျတော့ အဲဒါတွေမလိုတော့ပါဘူးတဲ့။ ငယ်ရည်းစားကိုတော့ ငါက ချစ်တုန်းဆိုတာချည်းပဲ။ ကျွန်တော့်စိတ်ထင် အဲဒီချစ်တုန်းဆိုတဲ့ အာလုပ်သံကြီးကို အားရပါးရပြောချင်လို့များ စကားလုံးတွေကို စီကာပတ်ကုံး တည်ဆောက်နေသလားလို့တောင် ထင်နေမိတော့တယ်။  

(၄)

တစ်ခါသား သူ့ငယ်ရည်းစား ရန်ကုန်ကို ပေါက်ချလာပါရောတဲ့။ “ အဲဒီအချိန်မှာ ငါကလည်း အိမ်ထောင်ကျနေပြီ။ သူကလည်း အိမ်ထောင်ကျနေပြီပေါ့။ အသက်တောင် အတော်ရနေကြပြီကိုး။ သားသမီးတော့ မရကြဘူး ဟေ့ကောင်ရေ။ တို့နှစ်ယောက်စလုံး တကယ့်အချစ်နဲ့ လွဲခဲ့လို့များ သားသမီး မထွန်းကားတာလားဆိုပြီး တစ်ခါတစ်ခါ တွေးမိတယ်” ။ အဘိုးကြီးက ပြောရင်း တစ်နေရာကို ငေးကြည့်နေတယ်။ “ အဲဒါနဲ့ ဒီရောက်လာရော ဆိုပါတော့ကွာ။ ကိုရင်တဲ့ ကျုပ်ကို ဘုရားစုံ လိုက်ပို့စမ်းပါတဲ့။ တခြား ဘယ်သူ့မှလည်း အကူအညီ မတောင်းချင်တော့ဘူး။ ရှင်ပဲ လိုက်ပို့ပေးတော့လို့ ငါ့ကို ပြောတယ်။ ငါ့မှာလည်း ဂွကျတာပေါ့ကွာ။ သူက ရိုးရိုးသားသား ပြောရှာပေမဲ့ သင့်ပါ့မလားဆိုတာလည်း ငါစဉ်းစားမိတယ်။ ဒါပေမဲ့ လိုက်ပို့ဖြစ်သွားပါတယ်။ အသက်နည်းနည်းရလာပေမဲ့ နှစ်ယောက်တည်းဆိုတဲ့ အခြေအနေက စိတ်ကို လွတ်ထွက်သွားစေတာပဲဟ။ ဘုရားပေါ်တက်တော့ သူ့လက်ကလေးကိုင်ပြီး စိတ်ကူးတွေ လွှတ်ယဉ်မိတာပေါ့။ ရေလည်ဘုရားကို သွားတော့လည်း စက်လှေပေါ် ငှက်ကလေးတွေ အစာကျွေးကြ သူရောငါရော သမီးရည်းစားဘဝ ပြန်ရောက်သွားသလိုပဲ။ သူကလည်း ငါ့ကို ကိုရေ မောင်ရေနဲ့ အရင်လို ခေါ်ပြောနေမိတာပေါ့ကွာ။ တွေးကြည့်ရင် လွမ်းစရာကြီးပဲ” တဲ့။

ကျွန်တော်နဲ့ အဘိုးကြီးနဲ့ကတော့ တော်တော်နဲ့ကို စကားစမပြတ်ဘူး ဖြစ်နေကြတယ်။ ဆက်ပြီး မြှောက်ပေးရင် အဘိုးကြီးက ဆက်ပြောဦးမှာပဲလို့တောင် ကျွန်တော် ထင်မိပါတယ်။ ဒါပေမဲ့ ပွဲကလည်းရှိသေးတယ် မဟုတ်လား။ နာရီကိုကြည့်လိုက်တော့ ပွဲစဖို့အချိန်လွန်ပြီ။ သူက ပွဲထဲလိုက်ခဲ့ဖို့ ကျွန်တော့်ကို ခေါ်ပါတယ်။ ကျွန်တော်လည်း လိုက်သွားပြီး သူတို့ မေးတာဖြေတာတွေကို လိုက်စပ်စုမိပြန်တယ်။ ချာတိတ်အရွယ် ကလေးငယ်လေး တစ်ယောက် သူတို့မေးတာကို မှန်အောင် ဖြေလို့ လက်ဆောင်ရသွားတော့ ကျွန်တော်လည်း လက်ခုပ် ထတီးလိုက်တော့တာပဲ။ အော် သူတို့ဆီမှာ အဲဒီလောက်ကြီးလည်း အဖြစ်မဆိုးသေးပါဘူးလို့ ကျွန်တော် တွေးမိသွားတာပါ။ ထားပါတော့။ ပွဲကတော့ ချောက်ကပ်ကပ်နဲ့ပဲ။ ဒီထက်ပိုပြီးအသေးစိတ်နိုင်ရင် ပိုကောင်းဦးမယ်လို့ ကျွန်တော်ကတော့ ထင်နေမိတယ်။ အဲဒီအချိန်ကျမှ ကိုဦး ကျွန်တော်တို့ဆီ ပေါက်ချလာတယ်။ ဟာ ပွဲပြီးသွားပြီလားတဲ့။ မေးခွန်းတွေ သူ မဖြေရလို့ လက်ဆောင်တွေ မရတော့ဘူးဆိုပြီး ကိုဦးက နောက်တယ်။ ကျွန်တော်ကတော့ တွေးလိုက်မိတာပေါ့။ “ ကိုဦးဟာလေလို့။ အသက်ကြီးမှ ရည်းစားလည်း ထားချင်နေသေးရဲ့။ ပြီးတော့ သတ္တိလည်း မရှိဘူး။ သူ့ထက်စာရင် အဘိုးကြီးကမှ ရိုးသားတယ်ခေါ်မလားပဲ။ ဒီအသက်အရွယ်ကြီးထိ ရောက်နေတာတောင် သူ့ရင်ထဲကစကားတွေကို ထုတ်ပြောနိုင်တုန်း၊ အမှန်အတိုင်း အရှက်မရွံ့ ဝန်ခံရဲတုန်းပဲ” ။ တော်တော်လည်း သဘောကျဖို့ကောင်းတဲ့ အဘိုးကြီးဆိုပြီး ကျွန်တော်လည်း အဘိုးကြီးကို လှမ်းကြည့်နေလိုက်မိတယ်။               

 

Most Read

Most Recent