ဒုတိယအကြိမ် ၁၄ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများ ပြီးဆုံး

ဒုတိယအကြိမ် ၁၄ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးများ ပြီးဆုံး
Published 20 December 2019
စည်သူ၊ အောင်မင်းသိန်း

နေပြည်တော်၌ ကျင်းပလျက်ရှိသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးများ ဒီဇင် ဘာ ၂၀ ရက်က ပြီးဆုံးခဲ့သည်။

နိုဝင်ဘာ ၄ ရက်က စတင်ပြီး အဆိုပါ အစည်းအဝေးများကို ကျင်းပခဲ့ခြင်းဖြစ်ကာ လွှတ်တော်အစည်းအဝေး ကျင်းပရက် ၁၅ ရက်မြောက်နေ့တွင် လွှတ်တော်အစည်းအ ဝေး ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်ဆိုင်ရာလုပ်ငန်းများနဲ့ စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများရဲ့စီမံခန့်ခွဲမှုကို အထောက်အကူဖြစ်စေမယ့် ၂၀၂၀ ခုနှစ်အတွက် လွှတ်တော်ပုံမှန်အစည်းအဝေးများ ကျင်းပပြုလုပ်မယ့် ရက်ကာလလျာထားချက်ကိုလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒီလျာထားချက်အပေါ် မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ အလိုက်ဖြစ်စေ လုပ်ဆောင်ဖို့ရှိတဲ့ လွှတ်တော် ဆိုင်ရာလုပ်ငန်းတွေအတွက် ကြိုတင်စီမံပြီး အကျိုးရှိရှိအသုံးပြုနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ၁၄ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများသည်လည်း အစည်းအဝေးကျင်းပရက် ၁၈ ရက်မြောက်နေ့ ဖြစ်သော ဒီဇင်ဘာ ၁၉ ရက်က ပြီးဆုံးခဲ့သည်။

“ဒီနေ့ကာလဟာ ပြည်သူကို ဗဟိုပြုတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတဲ့ကာလ ဖြစ်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် မဖြစ်မနေဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ကိစ္စတွေကို မိမိတို့အားလုံး လက်တွဲညီညီနဲ့ ဆောင်ရွက်သွားရမယ့်ကာလဖြစ်ပါတယ်။ သွေးစည်းညီညွှတ်ရမယ့်အချိန်ဖြစ်တာ ကြောင့် စည်းလုံးခြင်းသည် အင်အားဆိုတဲ့ အတိုင်းအသိနဲ့ သတိရှိရမယ့်အချိန်လည်း ဖြစ်ပါတယ်။ မိမိတို့နိုင်ငံရဲ့ သမိုင်းအစဉ်အ လာကိုပြန်ကြည့်ရင် အချင်းချင်းသွေးကွဲတဲ့အခါ တိုင်းပြည်နစ်နာခဲ့တာတွေကို သင်ခန်းစာ ယူကြရမှာဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိဂုံးချုပ်စကား ပြောကြားစဉ် ပြောကြားခဲ့သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည် သူလူထု အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများကို ပါတီအဖွဲ့အစည်းမခွဲခြားဘဲ အားလုံးတွင် တာဝန်ရှိကြောင်းခံယူပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော်အစည်းအဝေး ၁၈ ရက်တာကာလအတွင်း တပ်မတော်သား ကိုယ်စားလှယ်တစ်ဦး ကတိသစ္စာပြုခြင်း၊ ပြည်သူ့လွှတ်တော်ကော်မတီ ၁၇ ခု၏ နှစ် ပတ်လည်အစီရင်ခံစာများကို အတည်ပြုခြင်း၊ သုတေသနစာတမ်းတို ၁၀ စောင်အား ဖြန့် ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအတွက် ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ၁၄ ကြိမ် မြောက်ပုံမှန်အစည်းအဝေးကာလအတွင်း စာတမ်းတို ငါးစောင်ထုတ်ဝေခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးက သိရှိလိုသည့် သတင်းအချက်အလက် မေးမြန်းခဲ့မှု ၄၉ ခု အနက် ၂၂ ချက်ကို ရှာဖွေပေးခဲ့ပြီးဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက လွှတ်တော်၌ ရှင်းလင်းပြောကြားသည်။               

 

 

 

Most Read

Most Recent