လက်ရှိဘဏ္ဍာနှစ် နှစ်လကျော်တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၆၉၀၀၀၀ တင်ပို့မှု မှ ဝင်ငွေဒေါ်လာ သန်း ၂၀၀ နီးပါးရရှိထား ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၃၃၀၀၀၀ ခန့်ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေ ဒေါ်လာသန်း ၈၀ ကျော်ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်က ပြောကြားသည်။
“ဆန်ရောဆန်ကွဲရောပေါင်းပေါ့၊ လက် ရှိိပို့ပြီးတာ တန်ချိန်က ၆၉၀၀၀၀ ရှိတယ်။ ကာလတူကတော့ ၃၆၀၀၀၀ ဆိုတော့ တန် ချိန် ၃၃၀၀၀၀ လောက်ပိုတယ်။ တန်ဖိုးက အခုဘဏ္ဍာနှစ်က ဒေါ်လာ ၁၉၉ သန်းပေါ့။ ကာလတူက ဒေါ်လာ ၁၁၆ သန်းဆိုတော့ ဒေါ်လာသန်း ၈၀ ကျော်လောက် ပိုတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။
အထက်ပါ အချက်အလက်များသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ပြည်ပသို့ ဆန် နှင့်ဆန်ကွဲ တင်ပို့ထားသည့်ပမာဏ ဖြစ် သည်။ ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၃၃၀၀၀၀ ခန့် ပိုမိုတင်ပို့ထားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၃ သန်းအထိ ပိုမိုရရှိ ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်း တန်ချိန် ၂ ဒသမ ၃၅၅ သန်းတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၇၀၉ ဒသမ ၆၉၃ သန်းရရှိိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ထုတ်ပြန်ထားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန်နှင့်ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်တွင် စ ပါးစျေးကျဆင်းနေခြင်းနှင့် တောင်သူများ အခက်အခဲ ဖြစ်နေခြင်းကိစ္စရပ်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆောင်ရွက်သင့်သော ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သိုလှောင်ရုံအခက်အခဲ၊ အဆင့်အတန်းရှိသည့်စပါးများ အခြောက်ခံရန် အခက်အခဲ၊ သယ်ယူပို့ဆောင်ရေးယာဉ် အခက်အခဲများရှိနေသဖြင့် လုပ်ငန်းတွင် ကျယ်မှုအားနည်းမှုများကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ မေလ ၁၈ ရက်က ထုတ်ပြန်ထားသည်။
ယခင်က တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့နိုင်သည့် ကုမ္ပဏီ ၁၁ ခုသာရှိခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီ ၄၀ ကျော်ကို ထပ်မံရွေး ချယ်နိုင်ခဲ့သဖြင့် အဆိုပါကုမ္ပဏီစာရင်းများကို တရုတ်နိုင်ငံသို့ ပေးပို့ပြီးပါက တရုတ် နိုင်ငံသို့ ဆန်ပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်း ဇွန် ၂၈ ရက်က ဓနုဖြူမြို့နယ်တွင်ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲတွင် တောင်သူများ လယ်သမားများ၏ မေးမြန်းမှုများကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
“အရင်က တရုတ်နိုင်ငံကို တင်ပို့ခွင့်ရရှိတဲ့ ကုမ္ပဏီက ၁၁ ခုပဲရှိပါတယ်။ မကြာခင်က ဆန်စက်ပေါင်း တစ်ရာကျော်ကို စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့အခါကျတော့ ကုမ္ပဏီပေါင်း ၄၀ ကျော် ရွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေရဲ့ စာရင်းတွေကို တရုတ်နိုင်ငံဘက်ကို ပေးပို့ဖို့ရှိပါတယ်။ ဒီလိုစစ်ဆေးပြီး သားဆန်စက်များရဲ့ စာရင်းရောက်သွားတာ နဲ့ တရုတ်နိုင်ငံဘက်ကို တင်ပို့မှုတွေပြန်လည် တင်ပို့နိုင်မှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
တောင်သူလယ်သမားအကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ အဆိုပါစပါးဝယ်ယူဆောင်ရွက်ခြင်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများက စီမံဆောင်ရွက်မည်ဖြစ် သည်။ ထို့ကြောင့် စပါးဝယ်ယူပေးရန်လိုအပ် သော ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော်သို့ တင်ပြဆွေးနွေးရမည် ဖြစ်ကြောင်း သိရသည်။
ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းများ၌ နိုင်ငံတော်ရန်ပုံငွေဖြင့် စပါးဝယ်ယူရန် ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းအတွက် ကျပ်ရှစ်ဘီလျံနှင့် ဧရာဝတီတိုင်းအတွက် ကျပ်ငါးဘီလျံလျာထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက နိုဝင်ဘာလ ဆန်းပိုင်းက ပြောကြားသည်။
သတ်မှတ်ထားသော အခြေခံစပါးစျေးနှုန်းအောက်ကျဆင်းပါက နိုင်ငံတော်မှ စပါးဝယ်ယူနိုင်ရန်အတွက် ရန်ပုံငွေအဖြစ် ကျပ် ၁၅ ဘီလျံလျာထားခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်သည့် အနေအထားရှိကြောင်း ဦးအောင်ထူးက ပြောကြားထားသည်။















