ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် စပ်လျဉ်းသည့် ဆိုရှယ်မီဒီယာအပေါ်မှ သတင်းအမှား၊ အမုန်းစကားနှင့် အပြုသဘောမဆောင်သည့် မှတ်ချက်များကို စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းမည်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် စပ်လျဉ်းသည့် ဆိုရှယ်မီဒီယာအပေါ်မှ သတင်းအမှား၊ အမုန်းစကားနှင့် အပြုသဘောမဆောင်သည့် မှတ်ချက်များကို စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းမည်
Published 19 December 2019
ဉာဏ်လင်းထွန်း

 

ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့် စပ်လျဉ်းသည့် ဆိုရှယ်မီဒီယာအပေါ်မှ သတင်းအမှားများ၊ သတင်းအတုအယောင်များ၊ အမုန်းစကားများနှင့်၊ အပြုသဘောမဆောင်သည့် မှတ်ချက်များကို စောင့်ကြည်မည့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်ရှိကြောင်း ကော်မရှင်အဖွဲ့ဝင်ဦးမင်းဆွေက ပြောကြားသည်။

ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရန်ကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ကော်မရှင်၏ Facebook စာမျက်နှာကို ၂၀၁၇ မှစ၍ အသုံးပြမှုမရှိသည့်အပေါ် မည်သည့်အတွက်ကြောင့် အသုံးမပြုသည်ကို သိလိုကြောင်း မေးခွန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေ ပြန်လည်ဖြေကြားစဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ကော်မရှင်၏ Facebook စာမျက်နှာကို ၂၀၁၄ ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အသုံးပြုစဉ်က လူမှုကွန်ရက် အသုံးပြုမှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့နှင့် လုပ်ငန်းအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်မှုမရှိသောကြောင့် မလိုလားအပ်သည့် ကိစ္စရပ်များ မပေါ်ပေါက်စေရန် Facebook အသုံးပြုမှုကို ယာယီရပ်နားခဲ့သည်ဟု ဦးမင်းဆွေက ပြောကြားသည်။

ထို့ကြောင့် ကော်မရှင်အနေဖြင့် လူမှုကွန်ရက် စာမျက်နှာ Facebook အသုံးပြုရာတွင် စနစ်တကျရှိစေရန် ဆိုရှယ်မီဒီယာအသုံးပြုမှု ကြီးကြပ်ရေးကော်မတီကို ၂၀၁၉ နိုဝင်ဘာ ၂၃ ရက်က ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီက ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် ကြီးကြပ်ရေးကော်မတီက ၎င်းတို့ တာဝန်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော်မရှင်၏ Facebook စာမျက်နှာကို မည်သည့်အချိန်တွင် ပြန်လည်သုံးစွဲမည်ဆိုသည့် ကိုယ်စားလှယ်က ဆက်စပ်မေးခွန်းအပေါ် ဖြစ်ပေါ်လာမည့်အကျိုးနှင့် အပြစ်ကို ချိန်ဆနေပြီး ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဆောင်ရွက်ရန်ရှိသည်ဟုသာ ဦးမင်းဆွေက ပြန်လည်ဖြေကြားခဲ့ပြီး အချိန်ကာလ အတိအကျ ထည့်သွင်းပြောကြားခြင်း မရှိပေ။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မိုဘိုင်းဖုန်းသုံးစွဲသူ ခုနစ်သန်းခန့်သာရှိပြီး လက်ရှိတွင် ၂၁ သန်းခန့်ရှိသည့်အတွက်ကြောင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် သတင်းတု၊ သတင်းမှား၊ အမုန်းစကားများ ပိုမိုများပြားလာနိုင်သည်ဟု ဦးမင်းဆွေက ပြောကြားသည်။

ထိုကဲ့သို့ သတင်းမှား၊ သတင်းတုများ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြည်သူများထံ မပြန့်ပွားစေရန် Facebook ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။

ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပေးချက်များကို ကော်မရှင်၏ ဝက်ဘ်ဆိုက်စာမျက်နှာဖြစ်သည့် www.uec.gov.mm တွင်သာ ဖော်ပြလေ့ရှိသည်။

ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြမှုများနှင့်ပတ်သက်၍ အစိုးရအဖွဲ့ကလည်း ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ကို ကျပ် ၆၄၂၆ သန်းသုံးစွဲကာ ၂၀၁၈ နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။

 

.

 

Most Read

Most Recent