၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ် နှစ်လကျော်တွင် ပြည်ပသို့ အထည်ချုပ်(ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာသန်း ၈၅၀ ကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၈၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
“ဒီဘဏ္ဍာနှစ် ဒီဇင်ဘာ ၆ ရက်အထိ ဒေါ်လာ ၈၅၄ သန်းရှိတယ်။ ကာလတူက ၇၇၁ သန်းပဲရှိတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။
ထို့ကြောင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ နှစ်လကျော်တွင် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၈၃ သန်းပိုမို ရရှိခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP စနစ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်တွင်း CMPလုပ်ငန်းများ၌ အထည်ချုပ်လုပ်ငန်းသည် အများဆုံးဖြစ်သည်။ လက်ရှိအချိန်တွင်လည်း CMP ပို့ကုန်များမှာ နှစ်စဉ်တိုးတက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“ပုံမှန်ကလည်း CMP လုပ်ငန်းတွေက တောက်လျှောက်တိုးတက်နေတယ်။ နှစ်စဉ် နှစ်စဉ် တိုးတက်နေတဲ့ အခြေအနေမှာရှိတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။
၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း ၂၀၁၉ ခုနှစ် မေ ၁၁ ရက်က ရန်ကုန်မြို့ရှိ ကုန်သည် စက်မှုအသင်းချုပ်၌ကျင်းပသည့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ပဥ္စမအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် အသင်းအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
“ကျွန်မတို့ကဏ္ဍမှာ အလုပ်သမားတိုးတာက ငါးဆ၊ ဝင်ငွေတိုးတာက ၁၀ ဆပေါ့နော်။ ဒါဆိုရင် ကျွန်မတို့ အလုပ်သမားတွေရဲ့ ထုတ်လုပ်မှုကို နှစ်ဆတိုးအောင်လုပ်ရမယ်။ အဲဒီအတွက် တောက်လျှောက် ဆောင်ရွက်နေပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင် လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်လည်း ထုတ်လုပ်မှုကဏ္ဍတွင် အထည်ချုပ်ကဏ္ဍ၌ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းတွင် အသင်းဝင် ၅၆၀ ကျော်ပြီး အလုပ်သမားခန့်ထားမှုမှာလည်း ငါးသိန်းကျော်ရှိကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံအနေဖြင့် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်သဖြင့် ချုပ်ခအနေဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာ ရရှိကြောင်း သိရသည်။
“မြန်မာနိုင်ငံက ချုပ်ခကိုဝင်ငွေအနေနဲ့ရတာ။ ဒါက ပျှမ်းမျှအနေနဲ့ပြောတာပါ။ တချို့ဆို ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတဲ့သူတွေရှိတယ်။ တချို့ဆို ၁၂ အထိ ရတဲ့သူတွေရှိတယ်။ High Value Price ဆို နည်းနည်းပိုရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်းလောက်ရတယ်။ အရမ်း ပေါပေါလောလောကြီးနဲ့ သိန်းနဲ့ချီပြီးအပ်ပြီး ချုပ်ခအရမ်းနည်းတဲ့ဟာတွေက ရှစ်ရာခိုင်နှုန်းလောက်ပဲရတယ်။ ဒါကြောင့်မို့ ပျမ်းမျှကို ၁၀ ရာခိုင်နှုန်းလို့ ပြောတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။
လက်ရှိအချိန်တွင် CMP လက်ခစားလုပ်ငန်းများမှ နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း ၃၀၀ ခန့်သာ ဝင်ငွေရှိသော်လည်း အဆိုပါလုပ်ငန်းများကို FPB စနစ်ကို ဆောင်ရွက်နိုင်မည်ဆိုပါက ဒေါ်လာသန်း ၃၀၀၀ (သုံးဘီလျံ) အထိ နိုင်ငံ့ဝင်ငွေရရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြည်ပမှ ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့သည့် CMP လက်ခစားစနစ်ကို မြန်မာနိုင်ငံ၌ ၁၉၉၀ ခုနှစ်က အထည်ချုပ်လုပ်ငန်းနှင့် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် ဖိနပ်၊ အိတ်ချုပ်လုပ်ငန်း၊ ပလတ်စတစ် ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ဆံပင်အတုလုပ်ငန်းများအပြင် အခြားသောလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်းလုပ်ငန်းပေါင်း ၇၀ ကျော်အထိရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် CMP လက်ခစား စနစ်လုပ်ငန်းသည့် နှစ်ပေါင်း ၃၀ ခန့်ရှိလာ ပြီဖြစ်သော်လည်း ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် အခြေအနေသို့ တက်လှမ်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။