စာသင်ခြင်းအနုပညာ

စာသင်ခြင်းအနုပညာ
Photo: myjewishlearning
Photo: myjewishlearning
Published 18 December 2019
အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)

 

စာသင်ခြင်းဟူသည် ကိုယ်က သင်ပေခြင်းနှင့် ကိုယ်က သင်ယူခြင်း နှစ်မျိုးဖြစ်ပါ သည်။ သင်ပေးသူက လက်ဆင့်ကမ်း ဖြန့်ဝေသူဖြစ်ပြီး သင်ယူသူက လက်ဝေခံရယူသူ ဖြစ်ပါသည်။ စာသင်ခြင်းရ၏ အဓိကရည်ရွယ်ချက်မှာ စာဖတ်တတ်စေရန် ဖြစ်၏။ စာသင်ခြင်းမရှိပါက စာမတတ်၊ စာမတတ်ပါက စာဖတ်နိုင်မည် မဟုတ်၊ စာမဖတ်နိုင်သော နိုင်ငံ။ စာမတတ်သော လူမျိုးသည် မည်သည့် သတင်းစကား၊ မည်သည့်အသိပညာ၊  မည်သည့်အတတ်ပညာမှ ကြားနိုင်၊ သိနိုင်၊ တတ်မြောက်နိုင်မည် မဟုတ်၍ လူမျိုးရော နိုင်ငံပါ အောက်တန်းနောက်တန်း ကျန်နေခဲ့မည်သာ ဖြစ်၏။ ထို့ကြောင့် နိုင်ငံတိုင်း လူမျိုးတိုင်း စာသင်ကြရပါသည်။

စာဖတ်သော၊ စာတတ်သော လူမျိုးနှင့် နိုင်ငံသည် ထိပ်တန်းရောက်သည်ကို ယနေ့ခေတ် တိုးတက်ကြီးပွား ခေတ်မီသော နိုင်ငံကြီးများက သက်သေခံလျက်ပင် ရှိနေ၏။ ယနေ့ခေတ်၌ စာသင်ခြင်းကို လင်္ကာ၊ ကဗျာ၊ သီချင်း၊ ကွန်ပျူတာ၊ အင်တာနက်စသော ထောက်ကူပြုပစ္စည်း၊ ကခုန်ခြင်း စသည်တို့ဖြင့် လွယ်ကူသက်သာ လျင်မြန်စွာ တတ်မြောက်နိုင်စေဖို့ အနုပညာတစ်ရပ်အနေဖြင့် ဖန်တီးကြလျက် သင်ကြားပေးနေကြသည်ကို သတိထားမိပါသည်။ အနုပညာကဲ့သို့ စာသင်ခြင်းဖြင့် စာသင်ရာ၌ ပျင်းရိ ငြီးငွေ့ဖွယ်ကို ပယ်ဖျောက်နိုင်ခြင်း၊ စာသင်နေခြင်း၌ နှစ်ခြိုက်မွေ့ပျော်ခြင်းရသကို ခံစားကြရသဖြင့် စာသင်နေမှန်းပင်မသိ သိလွယ်တတ်လွယ်သော ခေတ်မီစာသင်နည်း၏ အားသာချက် ဖြစ်၏။

“ များများသင်၊ မြန်မြန်သင်၊ သင်ပြီးသည်များကို မပျောက်ပျက်စေနဲ့” ဟူဟော ဘုရားမြတ်စွာ ညွှန်ပြသော စာသင်နည်းသည် သင်စရာ၊ သိစရာ၊ တတ်စရာ များပြားလှသော ယနေ့ခေတ်နှင့် အတော်အံဝင်ခွင်ကျ ရှိလှ၏။

မင်္ဂလသုတ်ဒေသနာတွင် ဗဟုသစ္စ သုသိက္ခိတ-အသိပညာများကို များစွာသိအောင် ကောင်းမွန်စွာသင်ယူခြင်း၊ သိပ္ပ သုသိ က္ခိတ-အတတ်ပညာများကို လိမ္မာကျွမ်းကျင်အောင်သင်ယူခြင်း၊ ၀ိနယ သုသိက္ခတ-လူ့ကျင့်ဝတ်များကို လေးစားလိုက်နာ ကောင်းမွန်စွာသင်ယူခြင်း မင်္ဂလာသုံးမျိုးကို မိန့်ကြားတော်မူခဲ့သည့်ပြင် “ ပညာ နရာနံ ရတနံ” ပညာသည် လူသားတို့အတွက် နှစ်သက်ဖွယ်ရာ အဖိုးတန်ရတနာဟု ပညာနှင့် ရတနာကို တန်ဖိုးတူ အလေးပေး ဟောကြားတော်မူသောကြောင့် ဘုရားမြတ်စွာသည် ကိုယ်တော်တိုင်လည်း ပညာကို လိုလားတော်မူသကဲ့သို့ လူသားတို့ကိုလည်း ပညာတတ်များ ဖြစ်စေချင်သည်မှာ သိသာလှပါသည်။

ဗဟုသစ္စ-၌ ဗဟုပုဒ်ကို အထူးပြုဟော ကြားတော်မူသောကြောင့် သိစရာမှန်သမျှ ခေတ်ကာလအလိုက် များများသိလေ၊ နှံ့နှံ့စပ်စပ် ကျယ်ကျယ်ပြန့်ပြန့်ရှိလေဖြစ်၍ ခေတ်နှင့်အညီ ရင်ပေါင်တန်းလိုက်နိုင်အောင် အသိပညာများကို သင်ယူကြရပါမည်။ ပညာ ပြည့်ဝသည်နှင့်အမျှ အမှားနှင့် အမှန်အကြောင်းနှင့် အကျိုး အကောင်းနှင့် အဆိုးကို သိနိုင် မြင်နိုင်၊ စဉ်းစားနိုင်၍ လူသားဘဝတွင် ရတနာကဲ့သို့ ပညာကို စဉ်ဆက်မပြတ် ရှာဖွေကြရမည်သာ ဖြစ်ပါသည်။

ပညာပြည့်ဝရုံမျှဖြင့် တင်းတိမ်ရောင့်ရဲ မနေကြဘဲ ပညာတတ်၊ စိတ်ထားကောင်းသူများ ဖြစ်ကြစေဖို့ကို ဗုဒ္ဓက ၀ိနယ သုသိ က္ခိတ-မင်္ဂလာကို တွဲလျက် ဟောထားပါသည်။ ပညာနှင့်အတူ စိတ်ထားကောင်းခြင်း၊ စိတ်ဓာတ်ဖြောင့်မတ်ခြင်းပါ တစ်ပါတည်း ရှိကြရမည် ဖြစ်၏။ ပညာတတ်၊ စိတ်ထားကောင်း သူတို့ဖြင့်သာ နိုင်ငံတော်ကောင်းကို ထုဆစ်နိုင်ပါမည်။ “ ပညာရဲရင့် ပွဲလယ်တင့်” စကားသည် နိုင်ငံတကာမျက်နှာစာတွင် မျက်မှောက်ခေတ်၌ အလွန်သိသာထင်ရှားလှသည်မှာ မငြင်းနိုင်ပါ။

ပျင်းရိသူအား ပညာမတတ်၊ ပညာမတတ်က ဥစ္စာမရှိဟု နီတိကျမ်း၌ မိန့်ဆို၏။ ပညာနှင့်ဥစ္စာ မတတ်၊ မရှိပါက နိုင်ငံရော လူမျိုးပါ မျက်မှောက်ခေတ်တွင် ပျောက်ပျက်သွားနိုင်သည်ကို ရှုဆင်ခြင်၍ ခေတ်စာကို ခေတ်မီစွာ စာသင်ခြင်းကို အလေးထားပြီး ဆောင်ရွက်ပေးကြရပါမည်။

သီပေါမင်းပါတော်မူခြင်း၌ ဘုံဘေဘားမားသစ်ကိစ္စ၊ စုဖုရားလတ်နှင့် တိုင်တားမင်းကြီးတို့ ထင်ရာစိုင်းပြောခြင်း၊ သီပေါမင်း၏ ပျော့ညံ့ခြင်း၊ ဦးကောင်း လိမ်ထုတ်ခြင်းတို့ထက် ခေတ်ကာလအနေအထားကို ဆဝါး မှန်းဆ သိမြင်နိုင်သော ဉာဏ်ပညာ မသိ မတတ်ခြင်းက အဓိကကျ၏။ မည်သည့်နည်း နှင့်မဆို “ နင့်မဟုတ် နင့်အဖေလုပ်တာ” ဆို သကဲ့သို့ အင်္ဂလိပ်က အနှေးနှင့်အမြန် သိမ်းကို သိမ်းမည်သာ ဖြစ်၏။ အိန္ဒိယကို သိမ်းထားပြီးမဟုတ်လား။ ယနေ့ခေတ် အနောက် တံခါးကိစ္စ တစ်မျိုးနှင့်မရ နောက်တစ်မျိုး ဖြစ်လာမည်ကို ပါတော်မူခြင်းနှင့် ဆက်စပ် တွေးဆသင့်ပါသည်။ ပညာဥစ္စာနှစ်ဖြာသည် ခေတ်ကာလအခင်းအကျင်းအရ အမှန်ပင် လိုအပ်ပါသည်။ သို့မဟုတ်ပါက အနှိမ်ခံ၊ အနင်းခံ ဘဝမျိုးသို့ နိမ့်ဆင်းသွားမည်သာ။

မြန်မာလူမျိုးတို့က ကိုယ့်အချင်းချင်းသာ ချွတ်ယွင်းချက်အားနည်းချက်များကို အပြစ်မြင် အပြစ်တင်လေ့ရှိကြသည်။ တစ်ဖက်က ကိုယ့်အပေါ် ဘယ်လိုစိတ်ထားမျိုးနှင့် ဘယ်လို ဆောင်ရွက်လာနိုင်သည်ဆိုခြင်းကို အကဲဖမ်း ဖတ်လေ့မရှိတတ်ကြ၊ စာဆိုသည် ဖတ်ရုံမျှ မဟုတ်၊ စာအပြင်ကို ဖောက်ထွက်ပြီး စဉ်းစားကျင့်ရှိပါမှ ဉာဏ်ကျယ်မည်၊ အသိကြွယ်မည် ဖြစ်၏။ ဥစ္စာရတနာသည် ရနိုင်ခဲသကဲ့သို့ ပညာသည်လည်း ပုဂ္ဂိုလ်တိုင်း သင်ကြားခွင့် ရနိုင်ကြမည်မဟုတ်၍ နိုင်ငံသားအများစု ပညာသင်ကြားခွင့် မဆုံးရှုံးစေရန် အလေးထား ဆောင်ရွက်ပေးကြရပါမည်။ နိုင်ငံသားတို့ကလည်း ကိုယ်တိုင် ပညာသင်ကြားခွင့်ကို ဖန်တီးယူကြရပါမည်။ စာဖတ်ကြရပါမည်။

ဘုရားမြတ်စွာသည် ပရိယတ်ခေါ်စာသင်ခြင်းကို အလွန်အလေးထားတော်မူပါသည်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းမှန်သမျှ (၁)  စာပေကျမ်းဂန် သင်အံပို့ချဆောင်ရွက် မှတ်သားခြင်း ဂန္ထဓူရနှင့် (၂)  တောကျောင်း တောင်ကျောင်း ကိန်းအောင်းမွေ့ပျော်လျက် ရုပ်နာမ်နှစ်ချက် ဖြစ်ပျက်နေဟန် အဖန်ဖန်ကို ဉာဏ်ဖြင့်သေချာစေငု ကြည့်ရှုပွားများခြင်း ၀ိပဿနာဓူရဟူသော ဤနှစ်ကိစ္စကို ဆောင်ရွက်ကြရမည်ဟု မိန့်တော်မူရုံမျှမက စာပေကျမ်းဂန် သင်အံ လေ့ကျက် ဆောင်ရွက် မှတ်သားခြင်း ပရိယတ်သည် ဗုဒ္ဓသာသနာ အရှည်ခံ့ တည်တ့ံစေနိုင်ပြီး ပရိယတ် (သင်ယူခြင်း) ကွယ်လျှင် ဘုရားသာသနာ ကွယ်ပျောက်မည်ဟုပင် အတိအလင်း သတိပေးတော်မူခဲ့၏။

ဘုရားရှင်လက်ထက်တော်က ဥပါလိ မထေရ်သည် ရဟန္တာဖြစ်ပြီးနောက် တောရကျောင်း၌ အေးချမ်းစွာ တစ်ပါးတည်း သီတင်းသုံးလိုကြောင်း ခွင့်တောင်း၏။ မြတ်စွာဘုရားက တစ်ပါးနေလျှင် တစ်ပါးတည်းသာ ချမ်းသာမည်။ သံဃပရိသတ်နှင့်နေလျက်  ၀ိနည်းပိဋကတ်ကို ပို့ချပါမှ သာသနာနှင့် သံဃာ အကျိုးများမည်ဟု မိန့်တော်မူပြီး တောကျောင်း၌ နေခွင့်ပြုတော်မူခဲ့။ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ဗုဒ္ဓဒေသနာတော်များကို ရဟန္တာအရှင်မြတ်ကြီးများ တာဝန်ခွဲဝေပြီး ဆရာစဉ်ဆက် ပို့ချတော် မူကြပါသည်။ ထို့ကြောင့် ဗုဒ္ဓသာသနာသည် ယခုတိုင် တည်နေခြင်းဖြစ်၏။

ရှေးယခင်ကပင် ဆရာတော်အများစုသည် စာပေကို ချစ်ခင်မြတ်နိုးစုံမက်တော် မူကြ၏။ အချို့က ပါဠိပိဋကတ်၊ အချို့က မောဂ္ဂလာန်စသော သက္ကတသဒ္ဒါကျမ်းများ၊ အချို့က နိဿယကျမ်းများ၊ အချို့က သတင်းစာမှသည် ခေတ်အလိုက်စာပေများစသဖြင့် အမယ်မျိုးစုံ စာပေများကို မိမိတို့စိတ်အခံ တိမ်းညွှတ်မှုအလိုက် နေကုန်ဖတ်ရှုခြင်း၊ ပို့ချခြင်း ပြုလေ့ရှိကြပါသည်။

အချို့ဆရာတော်များကျတော့ စာသင်သားဘဝတွင် စာမေးပွဲဖြေဆိုရမည့် သင်ရိုးမျှသာ ဖတ်ရှုလေ့လာ၏၊ စာချဘုန်းကြီး ဘဝတွင် ပို့ချမည့် စာမျှသာ ကြည့်ရှု၏၊ သတင်းစာမျှပင် ဖတ်ရှုလေ့မရှိတတ်ကြ၊ စာပေနှင့် အတော်တစိမ်းဆန်လွန်းကြ၏။ အချို့ ဆရာတော်များကား စာပေမှန်သမျှကို ဖတ်ရုံမျှမက ထဲထဲဝင်ထဲ သုတေသနဆန်ဆန် လက်ကုန်နှိုက် တုတ်ထိုးအိုးပေါက် လေ့လာလိုက်စားတော်မူကြသဖြင့် ခေတ်အမြင် မတိမ်ကြသည်ကို သတိထားမိ၏။

မဟာဂန္ဓာရုံဆရာတော်ကြီးသည် မွန်းလွဲ ၂ နာရီအချိန် စာချပြီး ညနေ ၃း၃၀ တွင် ပျံလွန်တော်မူပါသည်။ ထိုသို့ အသက်ထက်ဆုံး စာရေးစာချ ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာကျော် မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကို ထုဆစ်ပုံဖော်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

          စာတန်ခိုး

          စာချ, စာသင် အလုပ်ခွင်ဝယ်

          အစဉ်မွေ့လျော်များ သူတော်တို့

          ရွှင်ပျော်လုံးလ သဒ္ဓါကြွ၍

          ဉာဏစင်ဖြူ သင်ချမူကား

          ထိုသူစီးပွား သုတများသဖြင့်

          စဉ်းစားဉာဏ်ကြွယ် အမြင်ကျယ်၏ ။

          မကွယ်စေကာ ကိလေသာလည်း

          သူ ငါ ရုပ်ကြမ်း ဖြစ်စတမ်းမို့

          ဗရမ်းဗတာ မဖြစ်လာဘဲ

          ဣဿာ မစ္ဆေရ မထကြွဘူး ။

          ရာဂ ဒေါသော မာန မောတို့

          အပြောမကျယ် သေးငယ်ငယ်မှ

          စ၍ပဟန် တဒင်္ဂန်နှင့်

          ၀ိက္ခမ္ဘန ပယ်နိုင်ကြသည်

          သင်, ချ, အကျိုး စာတန်ခိုး ။ 

                                                (မဟာဂန္ဓာရုံ ဆရာတော်ကြီး)

ပိဋကတ် ကျမ်းဂန် စာပေတို့ကို အစဉ်ထာဝရ ပို့ချခြင်းဖြင့် နေ့စဉ် သင်ယူခြင်းသည် သဒ္ဓါတရားတိုးပွားခြင်း၊ စာကို ပို၍သိမြင် လာခြင်းဟူသော ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ ပို့ချ သူရော သင်ယူသူမှာပါ သုတများခြင်း၊ ဆင်ခြင်တတ်ခြင်း၊ စဉ်းစားဉာဏ်ကြွယ်ဝခြင်း၊ အပြုအပြော ရုပ်ကြမ်းတို့ကို ဖြစ်စေနိုင်သော မနာလိုမရှုစိမ့် ဣဿာ၊ နှမျှောဝန်တို မစ္ဆရိယတို့ ထကြွသောင်းကြမ်းမှုတို့ လျော့ပါးလာခြင်း။ လောဘ ဒေါသ မာန မောဟတို့ကို တဒင်္ဂပဟာန် (တစ်ခဏပယ်သတ်နိုင်ခြင်း) ၀ိက္ခမ္ဘနပဟာန် (အတော်ကြာအောင် ပယ်သတ်ထားနိုင်ခြင်း) စသော ကောင်းကျိုးများစွာကို ဧကန်ရနိုင်၏။

စာအသိအားနည်းခြင်းဖြင့် ကိုယ်ကျိုးစီးပွားကို အလွန်ဖက်တွယ်ခြင်း၊ သဒ္ဓါနည်း၊ စေတနာမွဲပြီး အခြားသူများအတွက် မုဒိတာ မပွားနိုင်ခြင်း၊ မရှုစိမ့်နိုင်ခြင်း၊ ဝန်တိုခြင်းတို့ကို အကြောင်းခံလျက်  လောဘဒေါသတို့ကြောင့် မရည်ရွယ်သော်လည်း နိုင်ငံနှင့်လူမျိုးအတွက် အဖျက်တွေ၊ အပျက်တွေ ဖြစ်ပွားတတ်ပါသည်။

ထို့ကြောင့် စာသင်ခြင်းကို အနုပညာသဖွယ် ဖန်တီးကြလျက်  သင်ပေးသူရော၊ သင်ယူသူပါ စာကို ချစ်ခင်စုံမက်ခြင်း ရသကို ခံစားကြရပါမှ ပညာပြည့်ဝ နှလုံးလှပြီး နိုင်ငံလူမျိုးအကျိုးကို တန်ဖိုးမြှင့်ဆောင်ရွက်နိုင်၍ တကယ့်တိုင်းကြီးပြည်အနီးမှာ မျက်နှာမငယ်ကြရမှာ ဖြစ်ပါကြောင်း။

 

Most Read

Most Recent