လကမ္ဘာပို့စ်ကတ် ရောက်ရှိခြင်း

လကမ္ဘာပို့စ်ကတ် ရောက်ရှိခြင်း
 Photo: euronews
Photo: euronews
Published 17 December 2019
နေမျိုး

ကျွန်တော် ငါးတန်းကျောင်းသားအရွယ်က ဖြစ်သည်။ အဖေ့အစ်ကို ရန်ကုန်မြို့မှ ဘဘကြီးက ကျွန်တော်တို့ ညီအစ်ကိုတတွေ ညည စာကြည့်ဖို့ အောက်လင်းဓာတ်မီးကြီးတစ်လုံး ပေးပို့လိုက်ပါသည်။ ညအချိန် စာကြည့်နေခိုက် မီးပျက်လျှင် ထိုအောက်လင်း ဓာတ်မီးကြီးကို အဖေက ထွန်းပေးပါသည်။ ကျွန်တော်တို့မိသားစု တိုက်ကြီးမှာ နေကြစဉ်ကဖြစ်ပြီး အဖေ့ကို နဂါးဆေးလိပ်ကုမ္ပဏီပိုင်ရှင် အမေဦးက သူပိုင်ဆိုင်သော ၃၄ လမ်းမှ တိုက်ကြီးတွင် နေထိုင်ခွင့်ပြုထားစဉ်က ဖြစ်ပါသည်။ ဘဘကြီးသည် အဖေ့ဘက်မှ မိသားစု ဆွေမျိုးများထဲတွင် အကြီးဆုံးဖြစ်ပါသည်။ ဘဘကြီးသည် ရန်ကုန်မြို့ ဦးဝိစာရလမ်းနှင့် ဆင်မဆင်လမ်းထောင့်တွင် နေထိုင်ပါသည်။ ဘဘကြီးသည် ကျွန်တော့်အစ်ကိုကို ရန်ကုန်ခေါ်ပြီး ကျောင်းထားချင်သည်ဟု ပြောပါသည်။ “ နေဝင်း ရှစ်တန်းရောက်ရင် ရန်ကုန်ခေါ်ပြီး ကျောင်းထားမယ်” ဟု ပြောသော်လည်း အဖေက သူ့သားကို မခွဲနိုင်ခဲ့ပါ။ ဘဘကြီးသည် အသားဖြူဖြူ၊ ကိုယ်ခန္ဓာ ပြည့်ပြည့်ဝဝရှိပြီး တည်ကြည်သူ ဖြစ်ပါသည်။ ဘဘကြီးသည် သူ၏သားများကို ဆရာဝန်၊ အင်ဂျင်နီယာများဖြစ်အောင် မျိုးစေ့ချနိုင်ခဲ့သူ ဖြစ်ပါသည်။ ဘဘကြီးသည် မြန်မာ့ဂီတ အနုပညာရှင်တစ်ဦး ဖြစ်ပါသည်။ စိတ်နှလုံး နူးညံ့သိမ်မွေ့သလောက် တိကျပြတ်သားသူဖြစ်ပါသည်။ ကျွန်တော်တို့နေကြသော ၃၄ လမ်း တိုက်ကြီးရှေ့တွင် သစ်သားဖြင့်လုပ်ထားသော ဝင်းတံခါးရှိပါသည်။ ဝင်းတံခါးဟိုဘက်တွင် မီးကင်းတဲတစ်ခုရှိသည်။ ဝင်းတံခါးအစပ်တွင် သစ်ပင်တစ်ပင် ပေါက်နေပါသည်။

ကျွန်တော်တို့နေသော အဆောက်အအုံနှင့် မျက်နှာချင်းဆိုင် လမ်းတစ်ဖက်တွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ခုရှိပြီး ဘုရားရှိခိုးကျောင်းကို ဆောက်လုပ်ထားပုံမှာ ရှည်မျောမျော ထောင်မတ်လျက် ချွန်နေပြီး အာကာသသို့သွားမည့် ဒုံးပျံတစ်စင်းနှင့်ပင် တူပါသေးတော့သည်။ နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျွန်တော်တို့သည် ခရစ်ယာန်ဘုရား ရှိခိုးကျောင်း အမိုးချွန်ချွန်ကြီးကို လမ်းသည်ဘက်မှ လှမ်းကြည့်ရင်း တစ်နေ့တာကို ကုန်ဆုံးစေခဲ့ရပါသည်။ ဘုရားရှိခိုးကျောင်း အမိုးချွန်ချွန်ကြီးမှာ နေရောင်ထဲတွင် သတ္တုရောင် တလက်လက်ထနေသည်မှာ ကြည့်၍ပင် ကောင်းသေးတော့သည်။ ဒီဇင်ဘာဆောင်းရက်များဆိုပါက ထိုခရစ်ယာန်ဘုရားရှိခိုး ကျောင်းဝင်းထဲမှ ဓမ္မတေးသံများကို ကြားရတတ်ပါသည်။ ခရစ္စမတ်ရက်များ ရောက်လေလျှင် “ ဤအိမ်ပေါ်မှာ ကောင်းကြီးမင်္ဂလာ ရောက်စေသော၊ ရောက်စေသော” အစရှိသည့် ဆုတောင်းဓမ္မတေးသံများကို မှန်မှန် ကြားရတတ်ပါသည်။ ထိုအခါမျိုး၌ နှင်းများက စိမ့်နေအောင် ကျဆင်းလျက်ရှိပြီး လပြည့်ဝန်းက နှင်းမှုန်မှုန်ထဲ ပုန်းအောင်းနေသည်ကို ၀ိုးတဝါး မြင်တွေ့ရတတ်ပါသည်။ အိမ်ရှေ့အဝင်ဝတွင် ထွန်းထားသော ၆၀ ဝပ်မီးလုံးက မြူနှင်းများထဲ ရီဝေနေပါသည်။ မြေတွင်းအောင်း ပိုးကောင်ကလေးတစ်ကောင်က တစီစီအော်မြည်နေပါသည်။ စန္ဒာလရထားသည် စိမ့်နေအောင် ကျဆင်းယှက်ဖွဲ့နေသော မြူနှင်းများထဲ တရွေ့ရွေ့သွားနေပါသည်။ အိမ်ရှေ့ရှိ မီးကင်းတဲမှ သံချောင်းခေါက်သံက ထွက်ပေါ်လာတတ်ပါသည်။ မီးကင်းတဲရှေ့နားဆီတွင် ကုက္ကိုသား အမြစ်ဆုံကြီးသည် ရဲခနဲ ရဲခနဲ လောင်ကျွမ်းနေပါသည်။ မီးကင်းစောင့် အဘိုးကြီးသည် စောင်ထူထူကြီးကိုခြုံလျက် ကုက္ကိုသားအမြစ်ဆုံကြီးအနီးမှာ ထိုင်နေပါသည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ အမိုးချွန်ချွန်ကြီးမှာ နှင်းပြာပြာတွေထဲမှာ နစ်မြုပ်နေပါသည်။ ကျွန်တော်သည် ပုံနှိပ်စာအုပ်ထဲမှ ကဗျာ၊ စာပေလက်ရာအချို့ကို သေသေချာချာ လိုက်ဖတ်နေမိပါသည်။ ကန်ပေါင်ကို အလည်သွားစို့ လိုက်မလား မထွေးရေ သွားကြမယ်အေ ဟူသော ကဗျာမျိုးကို ကျွန်တော် နှစ်ခြိုက်နေပါပြီ။ ဟေမန္တဆောင်းညများကို ဤသို့ ကုန်ဆုံးစေခဲ့ရပါသည်။ မိုးပေါ်မှာ ကြယ်တစ်လုံး တိမ်ဖုံးပါလို့ လမသာ၊ သာတဲ့အခါ သာပါလိမ့် နတ်ဒေဝါသူ ဖန်ဆင်းတယ် ဖိုးရွှေလမင်း ဟူသော ကဗျာမျိုးကို ဖတ်ရှု၍ စန္ဒာလရထား ထွက်ပေါ်လာပုံ၊ ညဉ့်ယံ မိုးကောင်းကင်ထဲ၌ တည်နေပုံ၊ တိမ်တိုက်များအကြား ရွေ့လျားနေပုံတို့ကို စိတ်ဝင်စားစွာ ကြည့်ရှုနေခဲ့ပါသည်။ ကမ္ဘာမြေမှ လူသားများသည် လကိုကြည့်ရှုကာ စိတ်ကူးနယ်ပယ်ကို ချဲ့ထွင်ကြပုံ၊ ကြည်နူးလွမ်းမောစွာ တမ်းတကြပုံ၊ တီထွင်ကြံဆကြပုံတို့ကို အမှတ်ရနေမိပါသည်။ ကျွန်တော်သည် လနှင့် အမိကို ခိုင်းနှိုင်းထားသည့် အရေးအသားအချို့ကို ဖတ်ရှုဖူးနေပါပြီ။ အမေ့မျက်နှာက လပြည့်ဝန်းကြီးလို ကြည်လင်လာပါသည်ဟူသော ရေးသားထားပုံမျိုးဖြစ်ပါသည်။ ကျွန်တော်တို့နေသော တိုက်ကြီး၏ အပေါ်ထပ်ပြတင်းပေါက်မှ လှမ်းကြည့်လိုက်တော့ ဘုရားရှိခိုးကျောင်း အမိုးချွန်ချွန်များနောက်ဘက်ထဲမှ တရိပ်ရိပ်တက်လာသော လကို တွေ့ရပါသည်။ လဝန်းသည် တရိပ်ရိပ် မြင့်တက်လျက် ရှိပါသည်။ လကိုမြင် ကြယ်စင်ဟုတ်ဘူးဟူသော အရေးအသားရှိပါသည်။ ဆိုလိုရင်းကား လဝန်းသည် စင်ကြယ်ဖြူဖွေးနေသည် မဟုတ်ဘဲ အရိပ်အရောင်များ ယှက်သန်းနေပါသည်ဟု ဖြစ်၏။ ရွှေလမှာယုန်ဝပ်လို့ ဆန်ဖွပ်သည့်အဘိုးအို ဟောကြည့်ပါဆို၊ ဆိုသာဆို ပိုမိုတဲ့စကား ကလေးအငိုတိတ်အောင် အရိပ်ယောင်ပြတယ် ဖိုးလနတ်သား ဟူသော ကဗျာရှိပါသည်။ လဝန်း၏ မျက်နှာပြင်မှာ ယှက်သန်းနေသော အရိပ်အယောင်များကို ကြည့်၍ ရှေးစာဆိုတို့က ဤသို့ ရေးဖွဲ့ခဲ့ကြပါသည်။ လဝန်းသည် လွတ်လွတ်ကျွတ်ကျွတ် ကြီးသာနေသည်ကို မြင်တွေ့နေရပါသည်။

ရွှေလသာသာ ဖော်တွေစပ်လို့ ၀ိုင်းကြီးပတ်ပတ် ကစားမယ် မထွေးတို့ ရှေ့အခင်းမှာ မြေတလင်းကြီးသာလှတယ်။ တစ်ယောက် လက်ကို တစ်ယောက်တွဲလို့ မောင်လေးလည်းပဲ ပါပါမယ်၊ ၀ိုင်းကြီးဆိုရင် မြန်မြန်လှည့်ကွဲ့ မလွှတ်လိုက်နဲ့ မောင်လေးရယ် လှည့်ကွယ် လှည့်ကွယ် ဟူသော ကဗျာကို ကျွန်တော် ဖတ်ရှုထားပါသည်။ ကျွန်တော်တို့နေသော တိုက်ကြီးရှေ့ မြေတလင်းမှာ လရောင် ဖြာကျနေပါသည်။ အိမ်ဝိုင်းထဲရှိ တမာပင်မှာ လရောင်ရွှန်းစိုလျက်ရှိပြီး သစ်ရိပ်ပြောက်တိ ပြောက်ကျားက မြေတလင်းမှာ ထင်ဟပ်နေပါသည်။ မီးကင်းတဲမှ မီးခိုးငွေ့ကျဲကျဲကို ၀ိုးတဝါး တွေ့နေရပါသည်။ လမင်းနှင့် ကြယ်တာရာ ရယ်ဘယ်ဟာက ကြီးပါလိမ့်၊ ဘယ်ဟာက နီးပါလိမ့်ဟူသော ကဗျာစာသားကို ဖတ်ရှုရသည့်အခါ ကျွန်တော်တို့ ယခုမြင်တွေ့နေရသည့် အရွယ်အစားအရ လနှင့် ကြယ်တာရာများကို နှိုင်းယှဉ်စဉ်းစားကြည့်မိပါသည်။ လမင်းဝါ၀ါ ညအခါ မိုးပေါ်ဆွမ်းခံကြွသလား ဟူသော ကဗျာတစ်ပိုင်းတစ်စကို ကြားဖူးပါသည်။ ရှေးအခါက သူတော်စင် ရဟန်းများသည် ကောင်းကင်ခရီးကို စျာန်အဘိဉာဉ်ဖြင့် သွားလာနိုင်ကြသည်ဟု ဆိုပါသည်။ တစ်ခုသော နေ့လယ်ခင်းတွင် ကျွန်တော်တို့နေသော ဝင်းကြီးထဲသို့ စာပို့သမားတစ်ယောက် ဝင်ရောက်လာပါသည်။ စာပို့သမားသည် မောင်ဗမာစက်ဘီးကို ဝင်းတံခါးအပြင်ဘက်တွင် ထောင်လျက်ရပ်ထားကာ ကျွန်တော်တို့ရှိရာသို့ ရောက်လာပြီး “ စာဗျို့ ... စာပါတယ်” ဟု ပြောလိုက်ပါသည်။ ကျွန်တော်သည် စာပို့သမားထံမှ စာကိုယူ၍ အဖေ့ကို ပေးလိုက်ပါသည်။ အဖေက စာအိတ်ကိုကြည့်ကာ “ အစ်ကို လက်ရေးပဲ” ဟုဆိုပြီး ဖွင့်ဖောက်ပါသည်။ စာအိတ်ထဲမှာ ပို့စ်ကတ်နှစ်ခု ပါပါသည်။ လက်ရေးလှသော မောင်နေမျိုးအတွက် လက်ဆောင် ဘဘကြီးဟု ကျောဘက်တွင် စာရေးထားပါသည်။ ပို့စ်ကတ်ရုပ်ပုံတစ်ခုမှာ ကမ္ဘာမြေမှ လူသားများ လကမ္ဘာသို့ ခြေချနိုင်ခဲ့ကြပုံကို ရိုက်နှိပ်ထားခြင်းဖြစ်ပါသည်။ နောက်ထပ် ပို့စ်ကတ်တစ်ခုမှ လကမ္ဘာသို့ သွားရောက် အခြေချနိုင်ခဲ့ကြသော လူသားများ အာကာသဝတ်စုံများဖြင့် ပြုံးရယ်နေကြပုံဖြစ်ပါသည်။ ၀ါရှင်တန်၊ ဇူလိုင် ၂၁။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀၊ ၁၉၆၉ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့တွင် အပိုလို ၁၁ Apollo-11 အာကာသယာဉ်မှ မော်ဂျူးသည် ထရမ်ကွီလတီစခန်းသို့ ဆင်းသက်နိုင်ခဲ့သည်။ နာရီပိုင်းအကြာတွင် နီးလ်အမ်းစထရောင်းသည် လကမ္ဘာပေါ်သို့ ပထမဆုံး ခြေချလျှောက်လှမ်းခွင့်ရသော လူသားတစ်ဦးအဖြစ် သမိုင်းမှတ်တမ်းတွင်ခဲ့သည် ဟူ၍ ရေးသားထားသည်ကို ယနေ့အခါ ဖတ်ရှုနိုင်ကြပေပြီ။

 

 

 

Most Read

Most Recent