သည်ဟိဂ်မြို့က အဖြေ

သည်ဟိဂ်မြို့က အဖြေ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ ၌ ဂမ်ဘီယာနိုင်ငံက ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုအား ဒီဇင်ဘာ ၁၀ ရက်က တက်ရောက်နားထောင်စဉ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ICJ ၌ ဂမ်ဘီယာနိုင်ငံက ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုအား ဒီဇင်ဘာ ၁၀ ရက်က တက်ရောက်နားထောင်စဉ်
Published 16 December 2019
ဆန်းမိုးထွန်း

 

ပထမနေ့

မြန်မာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက်ကွန်ဗင်းရှင်း ကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာ နိုင်ငံအနေနဲ့ စွပ်စွဲထားပြီး ကြားဖြတ် အစီအမံအမိန့်ချပေးဖို့ တောင်းဆိုတာကို နယ်သာလန်နိုင်ငံသည် ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဒီဇင်ဘာ ၁၀ ရက်က စတင်ကြားနာခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို ဂမ်ဘီယာနိုင်ငံဘက်က ဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီးနဲ့ ရှေ့နေချုပ် အဘူဘာကာတမ်ဘာဒူး ဦးဆောင်တဲ့အဖွဲ့နဲ့ ငှားထားတဲ့ အမေရိကန်ရှေ့နေအဖွဲ့ တက်ရောက်ခဲ့သလို မြန်မာနိုင်ငံဘက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ငှားရမ်းထားတဲ့ ရှေ့နေဝီလီယံရှားဘတ်စ်လည်း တက်ရောက်ခဲ့ပါတယ်။

 

ဂမ်ဘီယာဘက်က ဘာတွေလျှောက်လဲ

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဒီဇင်ဘာ ၁၀ ရက်က ဂမ်ဘီယာနိုင်ငံအနေနဲ့ စတင်လျှောက်လဲရတာ ဖြစ်ပါတယ်။ ဂမ်ဘီယာ နိုင်ငံဘက်က ဂမ်ဘီယာနိုင်ငံ တရားရေးဝန်ကြီးနဲ့ ရှေ့နေချုပ် အဘူဘာကာ တမ်ဘာဒူးက ဦးဆောင်ပြီးတော့ ဂမ်ဘီယာက ငှားထားတဲ့ အမေရိကန်ရှေ့နေအဖွဲ့ကလည်း လျှောက်လဲခဲ့ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဂမ်ဘီယာအဖွဲ့ခေါင်းဆောင် အဘူဘာ ကာတမ်ဘာဒူးက ဘာကြောင့် တရားစွဲတယ်ဆိုတာကို စပြောပါတယ်။ ဂမ်ဘီယာဟာ ကုလသမဂ္ဂရဲ့ ဂျီနိုဆိုက်ကွန်ဗင်းရှင်းမှာ လက်မှတ်ထိုးထားတဲ့အတွက် ဘင်္ဂါလီ (မူရင်းမှာ ရိုဟင်ဂျာလို့ဖော်ပြ) အရေးကိစ္စမှာ မြန်မာဘက်က ဂျီနိုဆိုက် ကွန်ဗင်းရှင်းကိုလိုက်နာဖို့ တာဝန်ပျက်ကွက်တာကြောင့် တရားစွဲတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းက လူမျိုးတုံးသတ်ဖြတ်မှုတွေ ရပ်တန့်ဖို့ကိုလည်း ဂမ်ဘီယာနိုင်ငံက တောင်းဆိုခဲ့ပါတယ်။ ဂမ်ဘီယာ အဖွဲ့ခေါင်းဆောင် အဘူဘာကာ တမ်ဘာဒူးအနေနဲ့ OIC ကိုယ်စားလှယ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဘင်္ဂါလီဒုက္ခသည်စခန်းတွေကို ရောက်ရှိခဲ့ရာက ဘင်္ဂါလီတွေရဲ့ အခွင့်အရေးအတွက် တရားစွဲရတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အမေရိကန်ရှေ့နေအဖွဲ့က ရှေ့နေပေါလ်ရိုက်ဂနာအပါအဝင် ရှေ့နေ ရှစ်ယောက်လောက်က မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်ဆက်ရှိနေလို့ဆိုပြီး Provisional Measures လို့ခေါ်တဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက်တွေ ထုတ်ပေးနိုင်အောင် သက်သေအထောက်အထားတွေအပြင် ဘယ်တွေလိုအပ်ချက် ရှိတယ်ဆိုတာကိုပါ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့ အစီရင်ခံစာတွေကို ကိုးကားပြီး လျှောက်လဲသွားပါတယ်။

ဘင်္ဂါလီတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံးသတ်ဖြတ်တယ်လို့ ညွန်ပြတဲ့အချက် ခုနစ်ချက်ကိုလည်း ဂမ်ဘီယာနိုင်ငံဘက်က တင်ပြခဲ့ပါတယ်။ အဲဒီအချက်တွေကတော့ 

၁။ တပ်မတော်ရဲ့နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ချက်တွေမှာ ရက်စက်ကြမ်းကြုတ်မှု၊

၂။ တပ်မတော်ရဲ့ စနစ်တကျ ချေမှုန်းဖျက်ဆီးရေး ဆောင်ရွက်ခဲ့မှု၊

၃။ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့မှု၊

၄။ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်းနဲ့ နောက်ပိုင်းဖြစ်စဉ်တွေမှာ ဘင်္ဂါလီတွေအပေါ် မြန်မာတာဝန်ရှိသူတွေက လူမျိုးရေး ခွဲခြားဆက်ဆံမှု၊ စော်ကားမှု၊

၅။ နိုင်ငံတော်အဆင့် မူဝါဒတွေမှာ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးမှု လုပ်ငန်းစဉ်တွေမှာ ခွဲခြားဆက်ဆံတဲ့မူဝါဒနဲ့ အစီအမံတွေရှိမှု၊ ရခိုင်ပြည်နယ်အတွင်းက ရှိနှင့်ပြီး လူမျိုးစု၊ လူမှုအသိုင်းအဝန်းနဲ့ လူဦးရေ တည်ရှိပုံစံပျက်ပြားအောင် ဆောင်ရွက်မှု၊

၆။ အများပြည်သူကြား ဘင်္ဂါလီနဲ့ပတ်သက်ပြီး အမုန်းတရား ဖြန့်ချိနေတာကို အစိုးရက အရေးယူ ဆောင်ရွက်ခြင်းမရှိခဲ့မှု။

၇။ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာဥပဒေတွေ ချိုးဖောက်နေမှုကို အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲဆိုဖို့ ပျက်ကွက်ခဲ့မှု စတာတွေကို အဓိက ထောက်ပြသွားခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံဘက်က လျှောက်ထားတဲ့ ရှေ့နေတစ်ဦးကတော့ မြန်မာတပ်မတော်က ကျူးလွန်တာတွေနဲ့ ပတ်သက်ပြီး အစိုးရက တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောကြားခဲ့တဲ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း နိုင်ငံတကာစစ်ခုံရုံးမှာ တရားစွဲသင့်တယ်လို့လည်း ပြောကြားသွားပါတယ်။

အကြမ်းဖျင်းအနေနဲ့ ဂမ်ဘီယာရဲ့ လျှောက်လဲတင်ပြချက်တွေထဲမှာ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုတွေကို ကျူးလွန်တဲ့အပြင် ရခိုင်ပြည်နယ်မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ UEHRD ဟာ ဘင်္ဂါလီတွေရဲ့မြေတွေကို သိမ်းတာတွေ၊ မီးလောင်ထားတဲ့ရွာတွေကို မြေထိုးစက်နဲ့ ထိုးပြီးသက်သေခံ အထောက်အထားတွေကို ဖျက်ဆီးတာတွေ၊ အဲဒီ UEHRD ရဲ့ဥက္ကဋ္ဌက အခုအမှုမှာ မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ် အဖြစ်ဆောင်ရွက်နေသူအဖြစ် ပြောကြားသလို မြန်မာ့တပ်မတော်အနေနဲ့ ရွာပေါင်း ၃၉၂ ရွာ၊ အိမ်ခြေ ၃၇၇၀၀ ကို ဖျက်ဆီးပစ်ခဲ့တယ်ဆိုတဲ့ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေကိုလည်း တင်သွင်းခဲ့ပါတယ်။

အဲဒီထဲမှာ မောင်တော၊ မင်းကြီးရွာမှာ တပ်မတော်က လူပေါင်း ၇၀၀ ကျော်လောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ၊ ဂြိုဟ်တုပုံတွေအရ အဆောက်အအုံ ပေါင်း ၄၀၀ ကျော်လောက် ဖျက်ဆီးခံရတယ် ဆိုတာတွေ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း ကျပ်ပြင်ကျေးရွာမှာ စစ်သားတွေ ရာနဲ့ချီပြီးတော့ ရွာသား ၃၀၀ ကျော်ကို သတ်တာတွေ၊ အိမ်တွေကို မီးရှို့တာတွေ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေကိုလည်း မျက်မြင်သက်သေတွေကို မေးမြန်းထားချက်တွေနဲ့ တင်ပြခဲ့ပါတယ်။

ဒါ့အပြင် လဝကဆောင်ပုဒ်၊ နိုင်ငံပိုင်မီဒီယာတွေရဲ့ သတင်းရေးသားချက်တွေဟာ အမုန်းစကားတွေကို ပွားများစေမှုနဲ့ အမုန်းစကားတွေ ဖြန့်ချိတဲ့အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်သားတွေရဲ့ အကောင့်တွေကို ဖေ့စ်ဘွတ်နဲ့ တွစ်တာက ဖယ်ရှားခဲ့ရတဲ့ ဖြစ်စဉ်တွေကိုလည်း သက်သေအဖြစ် ပြောသွားပါတယ်။

ဂမ်ဘီယာနိုင်ငံအနေနဲ့  ICJ တရားရုံးမှာ တင်ပြတဲ့အထောက်အထားများဟာ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာထဲက အချက်အလက်တွေကို အဓိက ကိုးကားထားတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်ကြီးသုံးယောက် ရပ်နေတဲ့ ပိုစတာပုံကြီးကိုလည်း ပြသခဲ့ပြီး အစိုးရက တပ်မတော် ခေါင်းဆောင်တွေနဲ့ အတူပါဝင်နေသလို အစိုးရအနေနဲ့ တပ်မတော် ခေါင်းဆောင်တွေကို တာဝန်ခံဖို့ မရှိဘူးဆိုတာကို ပြသတယ်လို့ ဂမ်ဘီယာဘက်က စွပ်စွဲခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တာကို ရာဇဝတ်မှုအဖြစ် အပြစ်ပေးဖို့ ပျက်ကွက်တဲ့အပြင် ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေဟာ အခြေခံကျတဲ့အခွင့်အရေးတွေ ချိုးဖောက်ခံရမှုကြုံနေရပြီး နောက်ထပ်လည်း လူမျိုးတုံးသတ်ဖြတ်မှုကြုံရမယ့် အန္တရာယ်ကြောင့် ကြားဖြတ် စီရင်ခွင့်ကို တောင်းဆိုရတာဖြစ်တယ်လို့ ဂမ်ဘီယာဘက်က တင်ပြပါတယ်။

ဂမ်ဘီယာဘက်က တင်ပြမှုပုံသဏ္ဌာန်ကို ကြည့်တဲ့အခါမှာ ကဏ္ဍအလိုက် လျှောက်လဲချက်တွေ ပေးခဲ့တာတွေ့ရပြီး ဂမ်ဘီယာနိုင်ငံ ကိုယ်စားလှယ်ရဲ့အဖွင့်လျှောက်လဲချက်၊ ဘင်္ဂါလီတွေ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်လက်ရင်ဆိုင်နေရတဲ့ စိုးရိမ်ဖွယ် အခြေအနေ၊ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေမှု။ လူမျိုးတုံး သတ်ဖြတ်မှုတွေကြောင့် ဘင်္ဂါလီတွေ ရင်ဆိုင်နေရတဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေ၊ ဒီအတွက်ကြောင့် ကြားဖြတ် တားဆီးမိန့်ထုတ်ပြန်ဖို့ လိုအပ်တယ်ဆိုတာကို အထောက်အထားတွေနဲ့ တင်ပြသွးတာကို တွေ့ရပါတယ်။

 

ဒုတိယနေ့

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ဒုတိယနေ့အဖြစ် ဒီဇင်ဘာ ၁၁ ရက်က ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က လျှောက်လဲချက်ကို ကြားနာခဲ့ပါတယ်။ မြန်မာနိုင်ငံက လျှောက်လဲချက်ပေးတဲ့အခါမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်လျှောက်လဲချက် ပေးခဲ့သလို မြန်မာအဖွဲ့ကိုယ်စားပြုရှေ့နေ ပါမောက္ခ ဝီလျံရှားဘတ်စ်၊ ခရစ္စတို ဖာစတိတ်ကာနဲ့ ပါမောက္ခ ဖီဘီအိုကိုဝါတို့က ကဏ္ဍအလိုက် လျှောက်လဲခဲ့ကြပါတယ်။

ဒီလိုလျှောက်လဲချက်ပေးရာမှာ မြန်မာနိုင်ငံကိုယ်စားလှယ်ရဲ့ အဖွင့်လျှောက်လဲချက်၊ မြန်မာနိုင်ငံ အစိုးရနဲ့ တပ်မတော်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက် မရှိတဲ့အချက်၊ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်လဲချက်ကို လက်ခံစဉ်းစားဖို့ မသင့်တဲ့အချက်နဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေဟာ ကြားဖြတ်တားဆီး မိန့်ထုတ်ပြန်ဖို့ မလိုတဲ့အချက်တွေကို တင်ပြခဲ့ကြပါတယ်။

 

မြန်မာဘက်က ဘာတွေလျှောက်လဲ

ဒေါ်အောင်ဆန်းစုကြည်က ICJ တရားရုံးမှာ ဘဂါင်္လီမွတ်စလင်တွေအပေါ် တပ်မတော်စစ်ဆင်ရေး ပြုလုပ်ခဲ့မှုနဲ့ပတ်သက်လို့ ခုခံချေပရာမှာ လူမျိုးတုံးသတ်ဖြတ်ဖို့ ကြံရွယ်ချက်ရှိတယ်ဆိုတဲ့အချက်ကို ငြင်းဆို လျှောက်လဲခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အနေနဲ့ အင်အားကို အချိုးအစားမညီမျှစွာ အသုံးပြုခဲ့တာတွေ ရှိနိုင်တယ်လို့ ဝန်ခံခဲ့ပေမဲ့ ဒါဟာ လူနည်းစုအုပ်စုတစ်စုကို အပြတ်ရှင်းပစ်ဖို့ ကြိုးစားခြင်းဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂမ်ဘီယာဘက်က ၂၀၁၇ ခု နှစ်မှာပြုလုပ်ခဲ့တဲ့ မြန်မာ့တပ်မတော် စစ်ဆင်ရေး တစ်ရပ်နဲ့ပတ်သက်လို့ အဲဒီစစ်ဆင်ရေးအတွင်း လူပေါင်းထောင်နှင့်ချီ အသတ်ခံခဲ့ရသလို ဘင်္ဂါလီ (မူရင်းမှာ ရိုဟင်ဂျာလို့ ဖော်ပြ)  ၇၄၀,၀၀၀ ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတယ်လို့ စွပ်စွဲချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က “ ဂမ်ဘီယာနိုင်ငံဟာ ရုံးတော်ရှေ့မှောက်ကို ရခိုင်ပြည်နယ်ရဲ့ အနေအထားနဲ့ ပတ်သက်တဲ့ လမ်းလွဲနေပြီး မပြည့်စုံတဲ့ ရုပ်ပုံကားချပ်တစ်ခု ချပြခဲ့တာဟာ ဝမ်းနည်းဖွယ် ကောင်းပါတယ်” လို့  တရားရုံးကို ပြောကြားခဲ့ပါတယ်။

တပ်မတော်အနေနဲ့ ၂၀၁၇ ခုနှစ်မှာ ရာနဲ့ချီတဲ့ ဘင်္ဂါလီမွတ်စလင် သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှု တစ်ရပ်ကို တုံ့ပြန်ခဲ့ခြင်းသာဖြစ်တယ်လို့လည်း သူက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

“ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေနဲ့မညီဘဲ တချို့ကိစ္စတွေမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အချိုးအစား မညီမျှစွာ အင်အားသုံးခဲ့တယ်ဆိုတာ ဒါမှမဟုတ် သူတို့အနေနဲ့ တိုက်ခိုက်ရေးသမားနဲ့ အရပ်သားတွေကြား လုံလောက်တဲ့ ရှင်းလင်းမှုရှိအောင် ခွဲခြားမှုမလုပ်ခဲ့ဘူးဆိုတာ မငြင်းနိုင်ပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားခဲ့တဲ့အပြင် “ လူမျိုးတုံးသတ်ဖြတ်မှု ကြံရွယ်ချက် အနေအထားအောက်မှာ ဆောင်ရွက်ခဲ့တယ် ဆိုတာကတော့ တွေးဆချက်တစ်ရပ်တောင်မှ မဖြစ်နိုင်ကြောင်း သေချာပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကြားမှာ အငြင်းပွားမှုတွေ နဲ့ပတ်သက်လို့ ဆုံးဖြတ်ပေးဖို့ ၁၉၄၆ ခုနှစ်က ထူထောင်ထားတဲ့ တရားရုံး ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက ဘောလ်ကန်စစ်ပွဲအတွင်း အရပ်သားတွေအပေါ် အစုလိုက်အပြုံလိုက် ရှင်းလင်းမှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အတည်ပြုပေးခဲ့ခြင်း မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုပါတယ်။

မြန်မာနိုင်ငံဘက်က ငှားရမ်းထားတဲ့ ရှေ့နေသုံးဦးကတော့ နိုင်ငံတကာ တရားရုံးက ဆုံးဖြတ်ထားပြီးဖြစ်တဲ့ ခရိုအေးရှားနဲ့ ဆာဘီးယား အမှု၊ ဘော့စနီးယားနဲ့ ဆာဘီးယား အမှုတွေကို ကိုးကားပြီး လူမျိုးတုံးသတ်ဖြတ်မှုဆိုုတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။

မြန်မာအဖွဲ့ကိုယ်စားပြု ရှေ့နေပါမောက္ခ ဝီလျံရှားဘတ်စ်က “ ကြားဖြတ်အရေးယူ ဆောင်ရွက်မှုတွေလို့ ဆိုရင် ဂျီနိုဆိုက်ကွန်ဗင်းရှင်းမှာ ဖော်ပြထားတဲ့အတိုင်း လူမျိုးတုံးအောင် ရည်ရွယ်လုပ်ဆောင်တယ် ဆိုတာကိုဖော်ပြတဲ့ သက်သေအထောက်အထားတွေ ပြသရမှာဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ်တယ်ဆိုတဲ့ အချက်မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူအမြောက်အမြားအပေါ် ရက်စက်စွာကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု စတာတွေနဲ့ ကွဲပြားတယ်ဆိုတာ အလွန်အရေးကြီးပါတယ်။ လူအမြောက်အမြားအပေါ် ရက်စက်စွာကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုကို ဒီတရားရုံးက စီရင်ခွင့်မရှိပါဘူး” လို့ ထောက်ပြပြောဆိုပါတယ်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်ရဲ့အစီရင် ခံစာတွေ၊ ယန်ဟီးလီရဲ့အစီရင်ခံစာတွေမှာတောင် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် မသုံးစွဲခဲ့ဘူးလို့ အထောက်အထားတွေနဲ့ ချေပခဲ့ပါတယ်။

ဒါ့အပြင် ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုရေး လုပ်ဆောင်ချက်တွေဟာ ရိုးသားမှုမရှိတဲ့အကြောင်း ဖြစ်စဉ်တွေနဲ့ ပြောခဲ့သလို နောက်ကွယ်မှာ OIC အဖွဲ့ရှိနေပြီး ဒီအမှုဟာ OIC က လျှောက်ထားတဲ့အမှု ဖြစ်တာကြောင့် OIC ဟာ ဂျီနိုဆိုက်ကွန်ဗင်းရှင်းစာချုပ်ဝင် မဟုတ်တဲ့အတွက် အမှုကိုလက်မခံသင့်ဘူးလို့ ချေပပါတယ်။

မြန်မာအဖွဲ့ကိုယ်စားပြု ရှေ့နေ ခရစ္စတိုဖာ စတိတ်ကာက “ ဂမ်ဘီယာနိုင်ငံက ရုံးတော်ကို ဒီအမှု တင်သွင်းလျှောက်ခဲ့တာလို့ ဆိုပေမဲ့လည်း တကယ်မှာ ဒီလိုလုပ်ခဲ့တာဟာ OIC ရဲ့ကိုယ်စား တင်သွင်းခဲ့တာပါ။ ဂမ်ဘီယာက OIC ရဲ့ အဖွဲ့ဝင်နိုင်ငံ၊ OIC ရဲ့ဌာနတစ်ခုအကြီးအကဲစတဲ့ အနေအထားတွေနဲ့ OIC က ပေးအပ်တဲ့တာဝန်ကို လုပ်ဆောင်တာပါ။ ဒီတရားရုံးကိစ္စတွေမှာလည်း OIC က ရန်ပုံငွေ ထုတ်ပေးထားပါတယ်။ OIC က ဒီနှစ် မတ်လကတည်းက ဒီကိစ္စကို အရေးယူဆောင်ရွက်ဖို့ လုပ်နေပြီး ဒီဂျီနိုဆိုက် ကွန်ဗင်းရှင်းနဲ့ ဆိုင်တဲ့စွပ်စွဲချက်လို့ တရားဝင်ညွှန်းဆိုတာကို ကျွန်တော်တို့ အစောဆုံးသိရတာက သြဂုတ်လထဲမှာပါ။ နောက်ပြီး အခုတရားရုံး စွဲဆိုချက်နဲ့ပတ်သက်ပြီး ဂမ်ဘီယာက မြန်မာဘက်ကို စာပို့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့မတိုင်ခင် ရက်သတ္တပတ်စောပြီး အခုတရားလိုရှေ့နေအဖွဲ့ကို ဒီတရားစွဲဆိုရေးကိစ္စတွေ ပြင်ဆင်ဖို့ ညွှန်ကြားခဲ့ကြတာပါ” လို့ ထောက်ပြပြောဆိုပါတယ်။

နောက်ထပ် လူမျိုးတုံးသတ်ဖြတ်မှုတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် ကြားဖြတ်တားဆီးအမိန့် ထုတ်ပေးဖို့ လျှောက်ထားတာဟာ အကြောင်းအကျိုးမခိုုင်လုံဘူးလို့ ချေပခဲ့သလို ရခုုိင်ပြည်နယ်ထဲမှာ ရှိတဲ့သူတွေအတွက် လူမှုစီးပွားရေးဆိုင်ရာ အကူအညီတွေကို နိုင်ငံတကာနဲ့ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့လည်း လျှောက်လဲပါတယ်။

ဂမ်ဘီယာဘက်က ကြားဖြတ် တားဆီးအမိန့်မှာ ပါဝင်ဖို့ တောင်းဆိုထားတဲ့အချက်တွေမှာ တချို့အချက်တွေက AA အဖွဲ့နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လက်တွေ့လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့လည်း လျှောက်လဲခဲ့ပါတယ်။

 

တတိယနေ့ သို့မဟုတ် နှစ်ဖက် လျှောက်လဲချက်

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဒီဇင်ဘာ ၁၂ ရက်က မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံဘက်ကနေ တရားစွဲ ဆိုထားမှုနဲ့ပတ်သက်လို့ နှစ်ဖက်အပြီးသတ် လျှောက်လဲချက်ပေးတာကို ကြားနာခဲ့ပါတယ်။ 

ICJ ၌ ဒီဇင်ဘာ ၁၀ ရက်က ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုအပြီး ပြန်လည်ထွက်ခွာလာသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝန်းရံသူမြန်မာနိုင်ငံသားအချို့က ထောက်ခံကြိုဆိုနေကြစဉ်

 

ဂမ်ဘီယာဘက်က လျှောက်ထားမှု

မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်ခဲ့တယ်ဆိုတာကို အထောက်အထား သက်သေတွေနဲ့ တစ်ချက်ချင်း ရှင်းသွားခဲ့သလို လူမျိုးတုံးသတ်ဖြတ်မှုအန္တရာယ်က မြန်မာနိုင်ငံမှာဆက်ရှိနေတဲ့အတွက် Provisional Mesaures လို့ခေါ်တဲ့ ကြားဖြတ်စီမံ ဆောင်ရွက်ချက်တွေ ICJ က အမိန့်ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာဘက်က လျှောက်ထားတာ ဖြစ်ပါတယ်။

ဒီလို လျှောက်ထားရာမှာ ဂမ်ဘီယာဘက်က မြန်မာနိုင်ငံအပေါ်စွဲ ဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ဒုတိယနေ့က မြန်မာရှေ့နေတွေ မငြင်းခဲ့တဲ့အချက်တွေနဲ့ စတင်ချေပသွားပါတယ်။

အထူးသဖြင့် ဂမ်ဘီယာဘက်ကလျှောက်လဲခဲ့တဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်က အချက်တွေကို မြန်မာဘက်က မငြင်းခဲ့တာတွေနဲ့ ပတ်သက်လို့ အမေရိကန်ရှေ့နေအဖွဲ့ ခေါင်းဆောင် ရှေ့နေပေါလ်ရိုက်ကလာက တစ်ချက်ချင်း ချေပသွားပါတယ်။

မြန်မာဘက်က တပ်မတော်ဘက်ရဲ့ လုပ်ဆောင်ချက်တွေ၊ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဂျီနိုဆိုက်လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက် ရှိ မရှိ ဆိုတာနဲ့ ပတ်သက်လို့ တိတိကျကျ ချေပငြင်းဆိုခဲ့တာ မရှိဘူးဆိုပြီး ပေါလ်ရိုက်ကလာက စပြောပါတယ်။

တပ်မတော်ရဲ့နယ်မြေ ရှင်းလင်းရေးလုပ်ငန်းစဉ်မှာ လိင်အကြမ်းဖက်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး တစ်လုံးမှ ငြင်းသွားတာမရှိဘူးလို့လည်း သူက ဆိုပါတယ်။ ဒီဇင်ဘာ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲသွားတဲ့အထဲမှာ ရိုဟင်ဂျာဆိုတာ ပြောမသွားတဲ့အတွက် ဒါဟာ အသိအမှတ်မပြုတာဖြစ်သလို ပျောက်ပျက်အောင် ရည်ရွယ်တာလို့လည်း ဂမ်ဘီယာရှေ့နေတွေက ပြောပါတယ်။

ဒီနေရာမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ ရှေ့ နေပေါလ်ရိုက်ကလာအနေနဲ့  ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တွေကို ပြန်ကောက်နုတ်ပြီး အောက်ပါအတိုင်း ချေပပြောဆိုခဲ့တာ တွေ့ရတယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ ဦးရဲထွဋ် ရေးသားခဲ့တဲ့ အချက်တွေကတော့ . . .

၁။ တပ်မတော်က ရိုဟင်ဂျာတွေကို ရက်ရက်စက်စက်ပြုမူခဲ့တယ် ဆိုတဲ့အချက်ကို မြန်မာဘက်က မငြင်းဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က “ အင်အားမမျှမတ သုံးစွဲခဲ့မှုတွေ မရှိခဲ့ဘူးလို့ တပ်အပ် မပြောနိုင်ပါဘူး” လို့ ဝန်ခံခဲ့တယ်။

၂။ တပ်မတော်အနေနဲ့ ဒီပြစ်မှုတွေကို စနစ်တကျစုဖွဲ့ ဆောင်ရွက်ခဲ့ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ရိုဟင်ဂျာ ရွာပေါင်း ၃၉၂ ရွာကို လုံးဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖျက်ဆီးခဲ့တဲ့ဆိုတာကို မြန်မာဘက်က ငြင်းပယ်တာမျိုးမလုုပ်ခဲ့ဘူး။

၃။ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်အထက် ပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရော၊ ရှေ့နေတွေကပါ တစ်ခွန်းတစ်ပါဒမှ မပြောခဲ့ဘူး။ ဒီကိစ္စတွေက ငြင်းလို့မရသလို နှုတ်ကပြောဖို့တောင် မလွယ်တဲ့ကိစ္စတွေ ဖြစ်တယ်။ ဒါကြောင့် မြန်မာဘက်က လုံးဝ လျစ်လျူရှုထားလိုက်တယ်။

၄။ မြန်မာအရာရှိတွေနဲ့ အခြားသူတွေက (ရိုဟင်ဂျာ) တွေအပေါ် ခွဲခြားဆက်ဆံရာရောက်တဲ့ လူမျိုးရေးအရ နှိမ့်ချစော်ကားတဲ့ စကားတွေ ပြောခဲ့တာနဲ့ပတ်သက်ပြီး မြန်မာဘက်က မငြင်းပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က “ အမုန်း တရားအခြေခံတဲ့ ပြောဆိုချက်များသာလျှင် အမုန်းစကားအဆင့်သာ မဟုတ်တော့ဘဲ အသိုက်အဝန်းများအကြား အလွန်အကျွံ ကွဲပြားမှုများ ဖြစ်ပေါ်စေနိုင်တဲ့ အသုံးအနှုန်းပြော ဆိုချက်တွေဟာလည်း အမုန်းစကားတွေလို သဘောမျိုးပင် သက်ရောက်စေပါတယ်” လို့ ဝန်ခံထားတယ်။ ( ဒီအချက်နဲ့ပတ်သက်ပြီး တပ်ချုပ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အစိုးရ အဆက်ဆက် မဖြေရှင်းနိုင်တဲ့ ဘင်္ဂါလီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်။ ဒီနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးဆိုတာ မရှိဘူးလို့ ရေးထားချက်ကို သက်သေအဖြစ် ပြသခဲ့တယ်။)

၅။ ခွဲခြားဆက်ဆံတဲ့ အစီအစဉ်တွေ၊ မူဝါဒတွေ (နိုင်ငံသားဥပဒေ၊ နိုင်ငံသားစိစစ်မှု)နဲ့ အစိုုးရက မြေသိမ်း၊ မြေညှိပြီး လူနည်းစုတွေ ပျံ့နှံ့နေထိုင်မှုပုံစံ ပြောင်းသွားအောင် လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်လို့လည်း မြန်မာဘက်က မငြင်းနိုင်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်က လူမျိုး၊ ဘာသာမခွဲခြားဘဲ မွေးစာရင်း ထုတ်ပေးနေပါတယ်လို့ ပြောခဲ့တယ်။ မွေးစာရင်းဟာ နိုင်ငံသားဖြစ်မှု မဟုတ်ဘူး။ မြေတွေ သိမ်းတာနဲ့ ပတ်သက်လို့ တစ်ခွန်းမှ ပြောမသွားဘူး။

၆။ အစိုးရအနေနဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး အမုန်းစကား ပြောကြားမှုတွေ၊ ရှုတ်ချပြောဆိုမှုတွေကို တားဆီးမှုမရှိဘူး။ ဒါတွေနဲ့ပတ်သက်ပြီးလည်း မငြင်းနိုင်ခဲ့ဘူး။

၇။ အစိုးရအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်နေမှုအပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုမရှိဘူး။ ဒီအချက်ကတော့ လူမျိုးတုံးသတ်ဖြတ်ဖို့အတွက် ရည်ရွယ်ချက်ရှိတယ်ဆိုတာကို ပြသတဲ့ကိစ္စဖြစ်လို့ မြန်မာဘက်က အလေးထားပြီး ငြင်းချက်ထုတ်ခဲ့တယ်။ ဒါပေမဲ့ ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ စစ်ခေါင်းဆောင်တွေက ကိုယ့်စစ်သားတွေကို ဘယ်လို ထိထိရောက်ရောက် အရေးယူမှာလဲ။

အင်းဒင်လူသတ်မှုအကြောင်း ရေးတဲ့သတင်းထောက်တွေ ထောင်ကျခံရပြီး ပြစ်မှုကျူးလွန်တဲ့ စစ်သားတွေက လွတ်ငြိမ်းခွင့်ရသွားတယ်။ ဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝန်ခံခဲ့တယ်။ မန်စီစစ်တရားရုံးအကြောင်း ပြောသွားခဲ့တယ်။ ဒါဟာ ရခိုင်မှာဖြစ်တာ မဟုုတ်ဘူး။ ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်တာမဟုတ်ဘူး။ ဂူတာ ပြင်ခုံရုံးက ဂမ်ဘီယာက တရားရုုံးကို လျှောက်ထားပြီး နှစ်ပတ်အကြာ၊ အခုကြားနာမှုမစခင် နှစ်ပတ်အလိုမှာမှ ဖွဲ့စည်းတာပါ။ တိုက်ဆိုင်မှုလား။

ဒါ့အပြင် မြန်မာဘက်က ဒုက္ခသည်တွေပြန်လက်ခံဖို့ အစီအစဉ်ရှိတယ်ဆိုတာဟာ လက်တွေ့မှာ အကောင်အထည် မဖော်နိုင်ဘူး။ နည်းနည်းပဲ ပြန်လာတယ်ဆိုုတာ ပါမောက္ခ Okowa ကိုယ်တိုင်က ဝန်ခံသွားတယ်။ ဒါကြောင့် ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ၊ လုံလုံခြုံခြုံ ပြန်လာနိုင်ဖိုု့ အခြေအနေမရှိသေးဘူးဆိုတာ သေချာတယ်လို့ လျှောက်ထားသွားတယ်။  ရှေ့နေပေါလ်ရိုက်ကလာက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဆာနာမည်ကို အပြည့်အစုံရွတ်ပြတဲ့ တစ်ကြိမ်ပဲ ရိုဟင်ဂျာဆိုတာကို သုံးသွားတယ်။ ကျန်တဲ့အချိန်မှာ တစ်ခွန်းတောင်မပြောခဲ့ဘူးလို့ အပြစ်တင်သွားတယ်ဆိုပြီး ရေးသားထားပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေ အပါအဝင် ဒေသတွေမှာ လူမျိုးစုတွေ အပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး မြန်မာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် တပ်မတော် ခေါင်းဆောင်လေးဦးကို အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးဌာနကနေ ဒီဇင်ဘာ ၁၀ ရက်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာကိုလည်း ဂမ်ဘီယာဘက်က ကိုးကားပြောကြားသွားပါတယ်။

 

မြန်မာဘက်က လျှောက်ထားမှု

ဂမ်ဘီယာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် အားကိုးနေပေမဲ့ အချက်အလက်တွေက ညီညွတ်မှုမရှိဘူးလို့ မြန်မာနိုင်ငံဘက်က ရှေ့နေပါမောက္ခ ဝီလျံရှားဘတ် (စ်) က ချေပခဲ့ပါတယ်။

ကုလသမဂ္ဂအချက်အလက် ရှာဖွေရေး အစီရင်ခံမှုနဲ့ AP သတင်းဌာနရဲ့ စုပြုံသတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ ဖော်ပြခဲ့ပေမဲ့ တိတိကျကျ ဖော်ပြထားခြင်း မရှိဘူးလို့ ရှားဘတ် (စ်) က ပြန်လည်ချေပချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် ဂမ်ဘီယာနိုင်ငံက ပြီးပြည့်စုံစွာ နားလည်မှုမရှိကြောင်း၊ သက်သေ တင်သွင်းရာမှာ ကာလအနည်းငယ်ကြာခဲ့ပြီဖြစ်တဲ့ သက်သေတစ်ခုတည်းသာ တင်သွင်းခဲ့ကြောင်း၊ အလားတူသက်သေအမျိုးအစားကို မြန်မာနိုင်ငံဘက်က တင်သွင်းရာမှာ လက်ရှိအခြေအနေနဲ့ အနီးစပ်ဆုံးဖြစ်ကြောင်း၊ ဖြုတ်ချခံထားရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ပေါ် ရေးသားမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ အစီရင်ခံစာမှာ နယ်မြေရှင်းလင်းရေးလို့သာ တိတိကျကျ ဖော်ပြမှုရှိခဲ့ဘူးလို့ သူက လျှောက်ထားခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံသားစိစစ်ရေး ကိစ္စတွေနဲ့ အမုန်းစကားကိစ္စတွေဟာ မြန်မာနိုင်ငံ သာမက ကမ္ဘာ့နိုင်ငံအများအပြားကပါ ဖြေရှင်းဖို့ ကြိုးစားနေရတဲ့ ပြဿနာရပ်တွေဖြစ်တယ်လို့လည်း ရှားဘတ် (စ်) က ဆိုပါတယ်။

အလားတူ မြန်မာနိုင်ငံဘက်က ရှေ့နေ ခရစ္စတိုဖာစတိတ်ကာကလည်း ချေပချက်များတင်သွင်းရာမှာ ဂမ်ဘီယာနိုင်ငံအနေနဲ့ OIC ဒါမှမဟုတ် ဘယ်အဖွဲ့အစည်း တစ်ဦးတစ်ယောက်ဆီက ငွေကြေးအထောက်အပံ့ရရှိမှုနဲ့ ဘယ်လောက်ပမာဏကို ဘယ်သူ့ဆီက ရရှိတယ်ဆိုတဲ့အချက်ကို မရှင်းခဲ့ဘူးလို့ လျှောက်ထားခဲ့ပါတယ်။

ဒါ့အပြင် တည်ဆဲဥပဒေတွေနဲ့ အရင်ကဖြစ်ခဲ့ဖူးတဲ့အမှုတွေကို သုံးသပ်ရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားစွဲဆိုရမယ့်အစား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခြင်းဟာ ဆီလျော်ခြင်းမရှိသလို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား Genocide Conversion အပိုဒ် (၈) နဲ့ (၉)အပေါ် မတူညီတဲ့အမြင်တွေ ရှိတယ်လို့ သူကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အဆုံးသတ်လျှောက်လဲချက်ကို ပြောကြားရာမှာ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားမှုကို ICJ တရားရုံး ကနေ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“ ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက် အထိတင်ပြခဲ့သော အကြောင်းပြချက်များနဲ့ တရားရုံးကိုယ်တိုင်ကလည်း ပေးနိုင်မယ့် အကြောင်းအရာများကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒီအမှုကို ပယ်ဖျက်ပေးပါရန် တရားရုံးအား ဦးတိုက်လျှောက်ထားပါတယ်။ သို့မဟုတ်ပါက ဂမ်ဘီယာမှ တောင်းဆိုထားသော ကြားဖြတ်ဆုံးဖြတ်ချက်အား ပယ်ချပြီး လက်မခံပေးရန် တောင်းဆိုအပ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အမေရိကန်၊ ဗြိတိန်စတဲ့ နိုင်ငံတွေလိုပင် စစ်ဘက်ဆိုင်ရာ တရားရေးစနစ်ကို ငြင်းလို့မရသလို လက်ရှိ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကိစ္စနဲ့ ပတ်သက်ပြီး စစ်တရားစီရင်ရေးတွေ လုပ်ဆောင်နေတယ်လို့  ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“ လက်ရှိလုပ်ဆောင်နေတဲ့ ဘူးသီးတောင်မြို့နယ် ဂူတာပြင် ကိစ္စနဲ့ပတ်သက်ပြီး စစ်တရားစီရင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ပြီးတဲ့အထိ ဆက်သွားရမှာဖြစ်ပါတယ်။ လာမယ့်အပတ်တွေထဲမှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာများအား တင်ပြပြီးပါက စစ်တရားစီရင်ရေးမှ ပြစ်ဒဏ်ပေးအပ်မှုများ ထပ်မံပေါ်ပေါက်လာမယ်လို့ ယုံကြည်ပါတယ်။ အရပ်သား တရားစီရင်ရေးနဲ့  စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးနှစ်ခုစလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ဆောင်နေမှုဟာ မြန်မာနိုင်ငံရဲ့ လက်ရှိနဲ့ အနာဂတ်အတွက်ပါ အလွန်အရေးကြီးပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကျင့်သုံးရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အလေးအနက် လုပ်ဆောင်စေချင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို လျစ်လျူရှုလို့ မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ တရား မျှတမှုအတွက် ဉာဏ်ပညာအမြော်အမြင်နဲ့ ဆုံးဖြတ်တဲ့ရလဒ်ကို မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

 

အားသာချက်၊ အားနည်းချက်

မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံအနေနဲ့ စွပ်စွဲထားပြီး ကြားဖြတ်အစီအမံအမိန့်ချပေးဖို့ တောင်းဆိုတာကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ ကြားနာမှုကတော့ ပြီးသွားပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ရင်ထဲမှာတော့ အပူလုံးကြီးက အခုထက်ထိ မကျသေးပါဘူး။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်က ဘာဖြစ်မလဲဆိုတာကို အမျိုးမျိုး ခန့်မှန်းနေကြသူတွေလည်း ရှိနေပါတယ်။

ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံ တစ်ဖက်နဲ့တစ်ဖက် ခုခံချေပလျှောက်လဲတဲ့နေရာမှာ မြန်မာနိုင်ငံဘက်က ဘာတွေက အားသာချက်ရှိပြီး ဘာတွေက အားနည်းချက် ရှိခဲ့ပါသလဲ။

နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူ  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျူ ဒါရိုက်တာ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်ကတော့ မြန်မာဘက်က  ဂျီနိုဆိုက်ကွန်ဗင်းရှင်းအပိုဒ် (၂) နဲ့ အပိုဒ် (၃) ကို ကျူးလွန်ဖို့မရှိဘူးဆိုတာကို  ကောင်းကောင်း လျှောက်ထားနိုင်တယ်လို့ ဘီဘီစီသတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

“ ဒုတိယနေ့မှာ မြန်မာဘက်က လျှောက်လဲချက် တော်တော်လေး ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ နံပါတ် (၁) မြန်မာဘက်က  ဂျီနိုဆိုက် ကွန်ဗင်းရှင်းအပိုဒ် (၂) နဲ့ အပိုဒ် (၃) ကို ကျူးလွန်ဖို့ မရှိဘူးဆိုတာ ကောင်းကောင်းလျှောက်ထားနိုင်ပါတယ်။ ဘာလို့လဲဆို ကျွန်တော့်အမြင်မှာတော့ အဲဒီလိုရည်ရွယ်ချက်မျိုး မရှိဘူးဆိုတဲ့ဟာကို ကျွန်တော်လည်း ယုံကြည်တယ်။ အဲဒီအတွက် လျှောက်လဲချက်က တော်တော်လေး ကောင်းတယ်” လို့ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ပြောပါတယ်။

ဒီလို ဂျီနိုဆိုက်ကွန်ဗင်းရှင်း အပိုဒ် (၂) နဲ့ အပိုဒ် (၃) ကို မကျူးလွန်ဘူးလို့ လျှောက်ထားခဲ့တဲ့အတွက် ဂမ်ဘီယာနိုင်ငံက တောင်းဆိုတဲ့ ကြားဖြတ်ဆောင်ရွက်ရမယ့် အချက်တွေကိုလည်း လက်ခံစရာမလိုဘူး ဆိုတာကို ထောက်ပြနိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ ဒုတိယအချက်က  ဂျီနိုဆိုက် ကွန်ဗင်းရှင်းအပိုဒ် (၂) နဲ့ အပိုဒ် (၃) ကို မကျူးလွန်ဘူး။ အဲဒါကြောင့် မြန်မာအနေနဲ့  ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ယာယီကြားဖြတ် ဆောင်ရွက်ပေးရမယ့် ကိစ္စတွေကိုလည်း လက်ခံစရာမရှိဘူးဆိုပြီးတော့ ပထမအချက်ကို မကျူးလွန်တဲ့အတွက် ဒုတိယအချက်ကိုလည်း လက်ခံစရာမလိုဘူး ဆိုတဲ့ဟာကို ထောက်ပြနိုင်တယ်လို့ ကျွန်တော်ကတော့ အဲဒီပဲမြင်ပါတယ်” လို့ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က သုံးသပ်ပါတယ်။

ဒါ့အပြင် ဂမ်ဘီယာနိုင်ငံဘက်က လက်ကိုင်ထားတဲ့ သက်သေ အထောက်အထားတွေဟာလည်း အားနည်းတယ်လို့ သူက သုံးသပ်ပါတယ်။

“ ကုလသမဂ္ဂက ဖွဲ့စည်းပေးလိုက်တဲ့ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးလိုက်တဲ့ သုံးသပ်ချက်တွေ ဘာတွေကလည်း ကျွန်တော့်အမြင်မှာတော့ သိပ်ပြီးတော့ ထိရောက်မှုမရှိဘူးလို့ ထင်တယ်။ ဘာလို့လဲ ဆိုတော့ သူတို့က မြန်မာဘက်က လက်မခံတဲ့အတွက် ရခိုင်ပြည်နယ်မှာလည်း သူတို့စုံစမ်းမှုတွေ လုပ်နိုင်တာ မဟုတ်ဘူး။ တစ်ဖက်နိုင်ငံကို ရောက်နေတဲ့သူတွေကို သူတို့က အင်တာဗျူးလုပ်တာတို့၊ နောက်ပြီးတော့ ယိုးဒယားမှာလုပ်တာ၊ မလေးရှားမှာလုပ်တာ တခြားတွစ်တာတို့ ဖေ့စ်ဘွတ်တို့ အဲဒါတွေနဲ့ လုပ်တဲ့ဟာဆိုတော့ အဓိက သူလက်ကိုင်ထားတဲ့ သက်သေအထောက်အထားက တော်တော်လေး အားနည်းပါတယ်” လို့ ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က ပြောပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ သုံးရက်တွင်း ကြားနာတာ နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံဘက်က တင်ပြတဲ့ အထောက်အထားတွေဟာ ရယ်စရာကောင်းတယ်လို့ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က မှတ်ချက်ပြုပါတယ်။

“ သုံးရက်အတွင်း ဂမ်ဘီယာဘက်က တင်ပြတဲ့အထောက်အထားတွေက တော်တော်လေး ရယ်စရာဖြစ်တယ်။ ဥပမာဆိုပါစို့ ဗိုလ်ချုပ်ကြီး သုံးယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရပ်နေတဲ့ကိစ္စက သူတို့က ခံယူချက်တူလို့၊ ရည်ရွယ်ချက်တူလို့၊ ဂျီနိုဆိုက်ကို ကျူးလွန်ချင်လို့၊ လူမျိုးတုံးသတ်ဖြတ်ချင်လို့ အဲဒီမှာ ဓာတ်ပုံရိုက်နေတာမှ မဟုတ်တာ။ အဲဒီတော့ တရားသူကြီးတွေက ကျွန်တော့်အမြင်မှာတော့ အရူးတွေလည်း မဟုတ်ဘူး။ အပေါတွေလည်း မဟုတ်ဘူး။ တကယ်တော်တဲ့သူတွေ။ သူတို့က အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်မယ်လို့ ကျွန်တော် ထင်တယ်” လို့ သူက ဆိုပါတယ်။

 

ဘယ်လိုအဖြေမျိုးလဲ

လက်ရှိမှာ ကြားနာစစ်ဆေးမှုတွေ ပြီးသွားပေမဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က တရားသူကြီးတွေအနေနဲ့ သူတို့အမိန့်မချမီကာ လတစ်လျှောက်လုံး ရှင်းရှင်းလင်းလင်း သိရအောင်လို့ လိုအပ်တဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံဆီက တောင်းခံနေမှာဖြစ်ပါတယ်။

ICJ မှာ နိုင်ငံတကာဥပဒေ ပညာရှင်တရားသူကြီး ၁၅ ဦးကို  ခန့်အပ်တာဝန်ပေးထားပေမဲ့ မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံ အမှုမှာတော့ နှစ်နိုင်ငံက ဖြည့်စွက်ခန့်အပ်တဲ့ တရားသူကြီး နှစ်ဦးရှိတာကြောင့် တရာသူကြီး ၁၇ ဦးနဲ့ အမှုကို ကြားနာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက် လျှောက်ထားတဲ့အတိုင်း တရားသူကြီးတွေအနေနဲ့ ဆုံးဖြတ်ဖို့ဆိုရင် တရားသူကြီး ၁၇ ဦးထဲက ကိုးဦးက ထောက်ခံရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ICJ တရားရုံးက ဂမ်ဘီယာနိုင်ငံစွဲထားတဲ့အမှုကို မြန်မာနိုင်ငံက လျှောက်ထားတဲ့အတိုင်း ပိတ်သိမ်းလိုက်မှာ ဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ ဂမ်ဘီယာနိုင်ငံဘက်ကို ထောက်ခံတဲ့ တရားသူကြီးက ကိုးဦး ရှိခဲ့မယ်ဆိုရင်တော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း မြန်မာနိုင်ငံက ဆောင် ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွက် အကောင်းလားအဆိုးလား ဆိုတာကို ပြည်သူတွေ အားလုံးက ရင်ခုန်စွာနဲ့ မျှော်လင့်စောင့်စားရပါဦးမယ်။

“ သုံးရက်စလုံး အပြန်အလှန် လျှောက်လဲချက်တွေကို သူတို့ထိုင်ပြီးတော့ အဲဒီအချိန်မှာ နံပါတ်(၁) မြန်မာဘက်က ဂျီနိုဆိုက်ကွန်ဗင်းရှင်း အပိုဒ် (၂) နဲ့ အပိုဒ် (၃) ကို ကျူးလွန် မကျူးလွန် နံပါတ်(၁) ဆုံးဖြတ် ချက်ချမယ်။ နောက် ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ အချက်ခြောက်ချက် ဒီဟာကို ဘယ်အချက်က ပေးသင့်မပေးသင့် မဟုတ်ရင် အကုန်လုံးကို ပေးလို့မရဘူးဆို သူတို့က အပိုဒ် (၂) နဲ့ အပိုဒ် (၃) ကို မကျူးလွန်တဲ့အတွက် ဒီဟာက မသက်ဆိုင်ဘူး။ ဒါမှမဟုတ် အပိုဒ် (၂) နဲ့ အပိုဒ် (၃) ကိုတော့ မကျူးလွန်ဘူး။ ဒါပေမဲ့ ဒီကိစ္စဖြစ်နေတဲ့အတွက် တောင်းဆိုထားတဲ့ ခြောက်ချက်ထဲက နှစ်ချက်လောက်ကို လုပ်ပေးသင့်တယ်။ မလုပ်ပေးသင့်ဘူးဆိုတာ သူတို့က ဆုံးဖြတ်ချက်ချမှာ။ ဒီဟာက ဘယ်သူမှ ခန့်မှန်းလို့ မရဘူး။ ဘာလို့ဆို သူတို့က အချိန်လည်း ယူတတ်တယ်။ အချိန်ယူပြီးတော့ ဆုံးဖြတ်လိမ့်တယ်” လို့ ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က သုံးသပ်ပါတယ်။        

 

 

Most Read

Most Recent