တိုင်းရင်းသားများ၏အကျိုး၊ ဖက်ဒရယ်ဒီမိုကရေစီ၏အကျိုးအတွက် ပုဒ်မ ၂၆၂၊ ၂၆၄ များကိုပြင်ဆင်၍ ဥပဒေမူကြမ်းတင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်ရေးဥပဒေမူကြမ်းများသည် တပ်မတော်အကျိုးစီးပွားအတွက် လုပ်နေခြင်းမဟုတ်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး

တိုင်းရင်းသားများ၏အကျိုး၊ ဖက်ဒရယ်ဒီမိုကရေစီ၏အကျိုးအတွက် ပုဒ်မ ၂၆၂၊ ၂၆၄ များကိုပြင်ဆင်၍ ဥပဒေမူကြမ်းတင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်ရေးဥပဒေမူကြမ်းများသည် တပ်မတော်အကျိုးစီးပွားအတွက် လုပ်နေခြင်းမဟုတ်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဆွေးနွေး
Published 4 December 2019
အောင်မင်းသိန်း

ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းသည် တိုင်းရင်းသားများ၏ အကျိုး၊ ဖက်ဒရယ်ဒီမိုကရေစီ၏အကျိုးအတွက် ပုဒ်မ ၂၆၂၊ ၂၆၄ များကိုပြင်ဆင်၍  ဥပဒေမူကြမ်း တင်သွင်းခဲ့ခြင်းဖြစ်ပြီး တင်ပြထားသည့် ပြင်ဆင်ရေးဥပဒေမူကြမ်းများသည် တပ်မတော် အကျိုးစီးပွားအတွက် လုပ်နေခြင်းမဟုတ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးခင်မောင်နိုင်က ပြောကြားသည်။

ဒီဇင်ဘာ ၃ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးက တင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်၌ ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ ခေတ်ကာလတစ်ခုရောက်ရင် ခေတ်နှင့်လျော်ညီစေဖို့ ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်ရမယ်ဆိုတာ လက်ခံထားပါတယ်။ ပြင်ဆင်ဖို့လည်း ပြောထားပြီးဖြစ်ပါတယ်။ တပ်မတော်သားများကိုယ်တိုင် ပြင်သင့်ပြင် ထိုက်တာကို ပြင်ဆင်နိုင်ရေး ဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်။ ဒါကြောင့်လည်း ဗိုလ်မှူးချုပ်အောင်စန်းချစ်က တိုင်းရင်းသားများရဲ့အကျိုး၊ ဖက်ဒရယ်ဒီမိုကရေစီရဲ့အကျိုးအတွက် ပုဒ်မ ၂၆၂၊ ၂၆၄ တို့ကိုပြင်ဆင်ပြီး ဥပဒေမူကြမ်း တင်သွင်းခဲ့တာဖြစ်ပါတယ်။ တင်ပြထားတဲ့ပြင်ဆင်ရေး ဥပဒေမူကြမ်းတွေဟာ တပ်မတော်အကျိုးစီးပွားအတွက် လုပ်နေတယ်ဆိုတာ မဟုတ်ပါဘူး။ အမြင်စောင်းနေတာမျိုး မဖြစ်သင့်ဘူးလို့ ပြောချင်ပါတယ်။ နိုင်ငံတော်အတွက်၊ တိုင်းရင်းသားများ အကျိုးစီးပွားအတွက် အမျိုးသားနိုင်ငံရေးအရ လုပ်ဆောင်နေတာဖြစ်တာကို ဒီနေရာကထပ်ပြီး ပြောကြားလိုပါတယ်” ဟု ဗိုလ်မှူးကြီးခင်မောင်နိုင်က ဆွေးနွေးခဲ့သည်။

တင်ပြထားသည့် ဥပဒေမူကြမ်းများကို ဆွေးနွေးအတည်ပြုပေးလိုက်ပါက တိုင်းရင်းသားများ၏ လိုလားချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အပြင် ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းများကို အထောက်အကူပြုရာ ရောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ပြင်ဆင်ဖို့အတွက် တိတိကျကျပြဋ္ဌာန်း ထားပါလျက်နဲ့ ကိုယ်လိုရာကိုဆွဲတွေး၊ အနက်ကောက်၊ အဓိပ္ပာယ်ဖော်၊ လုပ်ဆောင်နေမယ်ဆိုရင် ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံဟာ အန္တရာယ်ကြီးကြီးနဲ့ ကြုံတတ်ပါတယ်။ ဒီလို အနက်ကောက်ယူမှု မှားယွင်းနေတာကလည်း အသွင်ကူးပြောင်းရေး ကာလမှာ ကြုံ တွေ့လာနေတဲ့ ခြိမ်းခြောက်မှုရဲ့ ဒုတိယအချက်ပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် တိုင်းပြည်ရဲ့ ဒီမိုကရေစီတည်ငြိမ်ရေးဟာ အန္တရာယ်များစွာ ရှိနိုင်ပါတယ်” ဟု ဗိုလ်မှူးကြီးခင်မောင်နိုင်က ဆွေးနွေးသည်။

ထို့ပြင် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနေသည့် နိုင်ငံဖြစ်ခြင်းကြောင့် အများစု၏ဆန္ဒကို လိုက်ပါဆောင်ရွက်ပြီး လူနည်းစု၏ဆန္ဒကိုလည်း လေးစားရကြောင်း၊  အခြေခံယူဆချက်ချင်းနှင့် လမ်းကြောင်းချင်းမတူသည့် ဥပဒေမူကြမ်းနှစ်မျိုးကို ပေါင်းစပ်ဆောင်ရွက်မည်ဆိုသည်ကို လုံးဝလက်မခံနိုင်ကြောင်း ဗိုလ်မှူးကြီးခင်မောင်နိုင်က ဆက်လက်ပြောကြားသည်။

“ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းမှာ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့မညီ ဖြစ်လာရင်တော့ အများပြောနေတဲ့ ဒီမိုကရေစီဆိုတာ အဟော သိကံ ဖြစ်သွားပါလိမ့်မယ်။ ပါးစပ်ကတော့ Decentralization ပြောပြီး လက်တွေ့မှာတော့ Centralization ပဲဖြစ်နေပါတယ်။ အထူးပြောလိုတာတော့ Emotional Sense ကို အခြေမခံဘဲ ဆောင်ရွက်စေလိုပါတယ်”  ဟု ၎င်းက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် ၁၇၈၉ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး နှစ်ပေါင်း ၂၀၃ နှစ်အတွင်း ၂၇ ချက်သာ ပြင်ဆင်ခဲ့ခြင်း တွေ့ရကြောင်း၊ မြန်မာနိုင်ငံသည် ကိုးနှစ်နီးပါးသာ ရှိသေးသည့်အချိန်တွင် အချက်ပေါင်း ၃၇၆၅ ချက်ပြင်မည်ဆိုပါက အားလုံး လုပ်ဆောင်နိုင်မည်လားဆိုသည်ကို စဉ်းစားရခက်နေကြောင်း ဗိုလ်မှူးကြီးခင်မောင်နိုင်က ပြောကြားသည်။

ထို့ပြင် ပြင်ဆင်ရန်လွယ်ကူသည့် ပုဒ်မများကို ပြင်ဆင်ပေးလိုက်ပါက တိုင်းရင်းသားများလိုလားသည့် ဒီမိုကရေစီအခွင့်အရေး ရရှိသွားမည်ဖြစ်ခြင်းကြောင့် ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအဝင် တပ်မတော်သား ၁၄၄ ဦး တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းအတိုင်း ဆက်လက်ဆောင်ရွက်သွားပါရန်နှင့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ (၇၄/၂၀၁၉)အား ကန့်ကွက်ကြောင်း ဗိုလ်မှူးကြီးခင်မောင်နိုင်က လွှတ်တော်၌ ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသည်။

 

 

 

Most Read

Most Recent