ရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဲဆွယ် အသုံးစရိတ်အား ရှောင်တခင် စစ်ဆေးခြင်းနှင့် ပုံမှန်စာရင်းစစ်ခြင်း၊ ကိုယ်စားလှယ်လောင်းနှင့် ပါတီငွေစာရင်းများ အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ပေးရန် VISION 2020 အဖွဲ့ တောင်းဆို

ရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဲဆွယ် အသုံးစရိတ်အား ရှောင်တခင် စစ်ဆေးခြင်းနှင့် ပုံမှန်စာရင်းစစ်ခြင်း၊ ကိုယ်စားလှယ်လောင်းနှင့် ပါတီငွေစာရင်းများ အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ပေးရန် VISION 2020 အဖွဲ့ တောင်းဆို
ရန်ကုန်မြို့ Melia ဟိုတယ်တွင် VISION 2020  အဖွဲ့နှင့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၏ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၂ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-မင်းနိုင်စိုး)
ရန်ကုန်မြို့ Melia ဟိုတယ်တွင် VISION 2020 အဖွဲ့နှင့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၏ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၂ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-မင်းနိုင်စိုး)
Published 3 December 2019
မင်းနိုင်စိုး

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆွယ်အသုံးစရိတ်အား ရှောင်တခင်စစ်ဆေးခြင်းနှင့် ပုံမှန်စာရင်းစစ်ခြင်း၊ ကိုယ်စားလှယ်လောင်းနှင့် ပါတီငွေစာရင်းများအား အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်း ကို ပုံမှန်ပြုလုပ်ပေးရန် အရပ်ဘက်အဖွဲ့အ စည်းများဖြင့် ဖွဲ့စည်းထားသည့် VISION 2020 အဖွဲ့က တောင်းဆိုသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်းများဖြစ်သော  Rainmaker ၊ The New Myanmar Foundation ၊ Bago Observer Group ၊ Myanmar Independent Living Initiative ၊ Civil Authorize Negotiate Organization တို့ဖြင့် ဖွဲ့စည်းထားသည့်  VISION 2020 အဖွဲ့နှင့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၏ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း ပေါ်ရှိ Melia ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ၂၀၂၀ ရွေး ကောက်ပွဲမတိုင်မီ ပြင်ဆင်ရမည့် ရွေးကောက် ပွဲနှင့်ပတ်သက်၍ အဓိကကျသည့်အချက်ငါးချက်အား VISION 2020 အဖွဲ့မှ အရပ် ဘက်အဖွဲ့အစည်းများက ဘုံသဘောထား ထုတ်ပြန်ခဲ့ရာ အဆိုပါထုတ်ပြန်ချက်တွင် ၎င်းတို့က အထက်ပါအတိုင်း ထည့်သွင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား တိုက်တွန်းလိုသည်မှာ မဲဆွယ်အသုံး စရိတ်များအတွက် ပါတီနှင့် မဲဆွယ်အသုံး စရိတ်ကို ပိုပြီးစနစ်ကျစွာ စစ်ဆေးပေးစေလို ကြောင်း၊ ထိုသို့ပြုလုပ်ရန်အတွက် မဲဆွယ် အသုံးစရိတ်ကို ရှောင်တခင်စစ်ဆေးခြင်းနှင့် ပုံမှန်စာရင်းစစ်ခြင်း၊ ကိုယ်စားလှယ်လောင်း နှင့် ပါတီငွေစာရင်းများကို အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်းများ ပုံမှန်ပြုလုပ်ရန်  VISION 2020 အဖွဲ့က တိုက်တွန်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မျှတပြီး ပွင့်လင်းမြင်သာသော မဲဆွယ်ရန်ပုံငွေသည် ရွေးကောက်ပွဲတစ်ရပ်အတွက် သော့ချက်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းအား လုံးအတွက် ဘက်ညီသော ပြိုင်ဆိုင်မှုတစ်ရပ် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပါတီအသုံးစရိတ်နှင့် ကိုယ်စားလှယ်လောင်းအသုံးစရိတ်ကို ခွဲခြားထားသည့်အတွက် မူမမှန်သော စာရင်းများ တင်ပြမှုကို ဖြစ်ပေါ်စေ ကြောင်း  VISION 2020 အဖွဲ့၏ သဘော ထားထုတ်ပြန်ချက်တွင် ပါဝင်သည်။

“အဓိကကတော့ ကျွန်တော်တို့ ရွေး ကောက်ပွဲ လွတ်လပ်ပြီး တရားမျှတဖို့ဆိုလို့ ရှိရင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေအနေနဲ့ ဒီမဲဆွယ်အသုံးစရိတ်ကို သူတို့ ဘယ်လိုမျိုးပွင့်လင်းမြင်သာစွာ ချပြ တယ်။ ပြီးရင် ဘယ်လိုမျိုးတာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ လုပ်ဆောင်သလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေတယ်။ မဲဆွယ်အသုံးစရိတ် လို့ပြောလိုက်တဲ့အခါ အဓိကသက်ဆိုင်နေ တာက နိုင်ငံရေးပါတီတွေရှိတယ်။ UEC ကနေ Check and Balance လုပ်တဲ့အပိုင်း တွေရှိတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေဘောင်ထဲက ၂၀၁၅ ထက်ပိုပြီး တော့ ၂၀၂၀ မှာဆိုလို့ရှိရင် မဲဆွယ်အသုံး စရိတ်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ Stake holder တွေ သိအောင် ဘယ်လိုမျိုးပွင့်လင်း မြင်သာစွာနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာနဲ့ ဘယ်လို ထုတ်ပြန်မလဲဆိုတာ ကျွန်တော်တို့ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတယ်” ဟု  VISION 2020 အဖွဲ့မှ ဦးမြတ်မင်း (Independent Expert) က ပြောသည်။

ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ရွေးကောက်ပွဲဥပဒေများနှင့် ဆန့်ကျင်သော မရိုးမသား လုပ်ဆောင်မှုများကို ကြိုတင်ကာကွယ်ရေး၊ ကတိကဝတ်များကိုလည်း နိုင်ငံရေးပါတီများက မြှင့်တင်ရေးနှင့် ပါတီနှင့် မဲဆွယ်ရန်ပုံငွေ များကို ကြိုကြိုတင်တင် ထုတ်ပြန်ပေးရေး တို့ကို ဆောင်ရွက်ပေးရန် VISION 2020 အဖွဲ့က တိုက်တွန်းထားသည်။

မဲဆွယ်အသုံးစရိတ်များ တင်ပြရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် ကိုယ်စားလှယ်လောင်း မဲဆွယ်အသုံးစရိတ်ပုံစံ ၂၀ နှင့် တွဲ တင်ရသည့် စာရွက်စာတမ်းများကို ရွေးကောက် ပွဲစောင့်ကြည့်လေ့လာသူများ လွယ်ကူစွာ စောင့်ကြည့်လေ့လာနိုင်စေရန် ရွေးကောက်ပွဲ နည်းဥပဒေ အခန်း (၁၃) ၊ ပုဒ်မ ၇၉ ၊ ပုဒ်မခွဲ (ခ) တွင် ပြဋ္ဌာန်းထားသည့် မိတ္တူကူးစရိတ်များ အား ဖြေလျော့ပေးစေလို ကြောင်း  VISION 2020 အဖွဲ့၏ သဘောထား ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်တွင် စစ်မှန်သော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်အတွက် မဲဆွယ် အသုံးစရိတ်စစ်ဆေးခြင်းအပြင် ရွေးကောက်ပွဲဖြစ်စဉ်တွင် အမျိုးသမီးများ၏ပါဝင်မှုကို အ ထောက်အပံ့ပေးရန်နှင့် ဆုံးဖြတ်ချက်ချနိုင်သော နေရာများတွင် အမျိုးသမီးအရေအ တွက်ကို မြှင့်တင်ပေးရန်၊ လူနည်းစုများ ပါဝင်သည့် အားလုံးပါဝင်သော ရွေးကောက် ပွဲဖြစ်စဉ်တစ်ရပ် ဖော်ဆောင်ပေးရန်၊ မဲစာရင်းသွင်းခြင်းလုပ်ငန်းစဉ်များ အဆင်ပြေအောင် ဆောင်ရွက်ပေးရန်နှင့် မဲစာရင်းကို အလွယ်တကူ လက်လှမ်းမှီအောင် ဆောင်ရွက်ပေးရန်၊ နည်းဥပဒေများနှင့်ကိုက်ညီမှု မရှိသော ကြိုတင်မဲဖြစ်စဉ်များကို ထိရောက်စွာ အရေးယူပေးရန် VISION 2020 အဖွဲ့ က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများကို တိုက်တွန်းခဲ့ပြီး အဆိုပါ အချက်များကို ရွေးကောက်ပွဲ မတိုင်မီ ၂၀၁၉ ခုနှစ်တွင် အကောင်အထည်ဖော်ရန် အကြံပြုခဲ့သည်။

ထို့ပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့် ခဲ့ပြီဖြစ်သော်လည်း အကောင်အထည်ဖော်ရမည့် အရေးကြီးကိစ္စရပ်တချို့ ကျန်ရှိနေသေး ပြီး ယင်းအချက်များကြောင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ယုံကြည်ကိုးစားမှုကို ထိခိုက်စေနိုင်ကြောင်း၊ ရခိုင်ပြည်နယ်နှင့် အခြား နေရာများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော်လည်း နိုင်ငံရေးပါတီ ၁၀၀ ခန့်မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ရန် အလားအလာရှိနေသည့် ၂၀၂၀ ရွေးကောက်ပွဲများသည် အပြင်းအထန် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့်အနေအထားတွင်ရှိနေကြောင်း VISION 2020 အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

 

 

Most Read

Most Recent