ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းကို လက်ရှိသက်တမ်းတွင် ပြီးစီးအောင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား

ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းကို လက်ရှိသက်တမ်းတွင် ပြီးစီးအောင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား
Published 3 December 2019
အောင်မင်းသိန်း

ပထမသက်တမ်းတွင် ဆောင်ရွက်ခဲ့မှုအရ မည်သည့်ဥပဒေကြမ်းတစ်ခုကိုမျှ နောက်သက်တမ်းကို ဆက်ပြီးလွှဲယူသွား သော အစဉ်အလာမရှိသည့်အတွက် ဖွဲ့စည်း ပုံပြင်ဆင်ရေးလုပ်ငန်းကိုလည်း လက်ရှိသက်တမ်းတွင်ပြီးစီးအောင် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။

ဒီဇင်ဘာ ၃ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ် သက်၍ နာယက၏ တာဝန်ရှိမှုအပိုင်းမှ လွှတ်တော်သို့ အသိပေးပြောကြားရာ၌ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအပေါ် ဆွေးနွေးမှုအချို့နဲ့ပတ်သက်လို့ နာယကရဲ့ တာဝန်ရှိမှုအပိုင်းကနေ လွှတ်တော်သို့ အသိ ပေးပြောကြားလိုပါတယ်။ ပထမတစ်ချက်ကတော့ လက်ရှိ ဒုတိယသက်တမ်းအတွင်း ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့ ဆွေးနွေးချက် ဖြစ်ပါတယ်။ ဒီကိစ္စကို အရင်ဆုံးစတင်က တည်းက ဒီသက်တမ်းအတွင်း ဆောင်ရွက်နိုင်မယ့်လုပ်ငန်း တာဝန်တစ်ခုအနေနဲ့ စဉ်း စားလက်ခံပြီးလွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပထမသက်တမ်းမှာ ဆောင်ရွက်ခဲ့မှုအရ မည်သည့်ဥပဒေကြမ်း တစ်ခုကိုမျှ နောက်သက်တမ်းကို ဆက်ပြီး လွှဲယူသွားတဲ့ အစဉ်အလာမရှိတဲ့အတွက် အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းကိုလည်း လက်ရှိသက်တမ်းမှာပဲ ပြီးစီးအောင် ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဦးတီခွန်မြတ်က ပြောကြားသည်။

သက်ဆိုင်ရာပူးပေါင်းကော်မတီကို ဖွဲ့ စည်းတာဝန်ပေးအပ်စဉ်ကတည်းက အထက်ပါအခြေအနေများ ပါရှိပြီးဖြစ်ကြောင်း၊ ကော်မတီအတွင်း ဆောင်ရွက်မှုအခြေအနေများကိုလည်း ချပြရန်ဆိုသည်မှာ သက်ဆိုင် ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင် ရွက်ကြရမည်ဖြစ်ပြီး နာယကအနေဖြင့် လည်း ဆက်လက်၍ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးတီခွန်မြတ်က ပြောကြာသည်။

“နောက်တစ်ချက်ကတော့ ဆွေးနွေးတဲ့ အချိန်မှာ မေးခွန်းတွေထည့်သွင်းခြင်း ဖြစ်ပါတယ်။ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ပြောတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ လွှတ် တော်ကိုယ်စားလှယ် တစ်ဦးချင်းစီမှာ မေး ခွန်းမေးမြန်းခွင့်၊ အဆိုတင်သွင်းခွင့်၊ ဥပဒေ ကြမ်းတင်သွင်းခွင့်ဆိုတဲ့ အခွင့်အရေးများ အပြည့်အဝရရှိပြီးဖြစ်ပါတယ်။ သူ့အစီအစဉ်နဲ့သူ ဆောင်ရွက်သင့်ပါတယ်။ အစီရင်ခံစာကိစ္စရပ်တစ်ခုအပေါ် ဆွေးနွေးချိန် မှာ မေးခွန်းများမေးမြန်းနေခြင်းဟာ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ရှင်း ရှင်းလင်းလင်း သိရှိနားလည်ကြဖို့ လိုအပ်နေ တာပဲဖြစ်ပါတယ်။ ဒါကြောင့် ဆက်လက် ဆွေးနွေးကြမယ့် အစီအစဉ်များမှာ ပြည် ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉ ပါအစည်းအဝေးတွင် လိုက်နာရမယ့် စည်းကမ်းများကို အလေးထားပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အချင်းချင်းရိုင်းပင်း ကူညီရေး၊ ချစ်ကြည်လေးစားရေးတို့ကို ထိ ခိုက်ပျက်ပြားစေမယ့် အပြုအမူ၊ အပြောအဆိုများကို ဂရုပြုကြဖို့မှာကြားလိုပါတယ်” ဟု ဦးတီခွန်မြတ်က ပြောကြားသည်။

 

 

Most Read

Most Recent