တီမောအသင်းကို အနိုင်ရခဲ့သော်လည်း လိုအပ်ချက်များရှိနေသေးသည့် မြန်မာယူ-၂၂ အသင်း

တီမောအသင်းကို အနိုင်ရခဲ့သော်လည်း လိုအပ်ချက်များရှိနေသေးသည့် မြန်မာယူ-၂၂ အသင်း
Photos: Nyi Nyi Soe Nyunt
Photos: Nyi Nyi Soe Nyunt
Published 29 November 2019

■ တီမော ၁-၃ မြန်မာ

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပွဲစဉ်များကိုဆက်လက်ကျင်းပခဲ့ပြီး အုပ်စု(က)အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော မြန်မာယူ-၂၂ အသင်းနှင့် တီမောယူ-၂၂ အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၂ အသင်းက (၃-၁)ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့သည်။ 

မြန်မာယူ-၂၂ အသင်းသည် နောက်ခံလူ စိုးမိုးကျော်နေရာတွင် ဝင်းမိုးကျော်ကို ပြောင်းလဲအသုံးပြုခဲ့သော်လည်း ကျန်ရှိသည့် ပွဲထွက်လူစာရင်းကို ဖိလစ်ပိုင်ကိုရင်ဆိုင်ခဲ့သည့် ပွဲစဉ်ကအတိုင်း ဆက်လက်အသုံးပြုခဲ့သည်။ 

ကမ္ဘောဒီးယားအသင်းကို သွင်းဂိုး(၅)ဂိုးအထိခွင့်ပြုခဲ့ရသော တီမောအသင်းသည် ခံစစ်ပိုင်းကို အဓိကထားပြုပြင်ကာ မြန်မာယူ-၂၂ အသင်းကို ရင်ဆိုင်ခဲ့သည်။

မြန်မာအသင်းသည် ယခုပွဲစဉ်တွင် (၁-၃)ဂိုးဖြင့်အနိုင်ရခဲ့သော်လည်း တိုက်စစ်နှင့် ခံစစ်ပိုင်းက ပုံစံကောင်းမပြသနိုင်ဘဲ အဆုံးသတ်အားနည်းချက်များနှင့် မတည်ငြိမ်သော ခံစစ်ကစားကို ဆက်လက်မြင်တွေ့ခဲ့ရသည်။ 

မြန်မာ့ယူ-၂၂ အသင်းသည် ဦးဆောင်ဂိုးကို စောစီးစွာ သွင်းယူနိုင်ခဲ့သော်လည်း တီမော ခံစစ်၏ မာကျောမှုကြောင့် တိုက်စစ်ပိုင်းတွင် ရုန်းကန်ခဲ့ရပြီး တစ်ဦးချင်းဖြတ်ကျော်မှုများမှာလည်း အလုပ်မဖြစ်ခဲ့ပေ။

မြန်မာ ယူ-၂၂ အသင်း၏ကွင်းလယ်ပိုင်း၏ တိုက်စစ်ပိုင်းသို့ လိုက်ပါပံ့ပိုးပေးနိုင်မှုမှာ အလုပ်ဖြစ်ခဲ့သော်လည်း တီမော၏ မာကျောလွန်းသော ခံစစ်ကြောင့် ထင်သလောက်အလုပ်မဖြစ်ခဲ့သလို အဆုံးသတ်ပိုင်း အားနည်းမှုများကိုလည်း ထင်ထင်ရှားရှား မြင်တွေ့နေရဆဲဖြစ်သည်။

မြန်မာယူ-၂၂ အသင်းသည် ယခုပွဲစဉ်တွင် တီမောအသင်း၏ ဂိုးပေါက်သို့ (၁၄)ကြိမ် ကန်ခွင့်ရခဲ့သော်လည်း  ဂိုးပေါက်တည့်မှု (၅)ကြိမ်သာ ရှိခဲ့သည်။ 

တီမောအသင်း၏ တိုက်စစ်ပိုင်းက မြန်မာယူ-၂၂ ကို တန်ပြန်တိုက်စစ်ဖြင့်သာ ရင်ဆိုင်ခဲ့သော်လည်း မြန်မာအသင်းဘက်သို့ ဂိုးပေါက်ကန်သွင်းခွင့် (၈)ကြိမ်ရှိခဲ့ပြီး  ဂိုးပေါက်တည့်မှုမှာ(၄)ကြိမ်အထိရှိခဲ့သည်။ 

အုပ်စုတွင်း အင်အားအနည်းဆုံး ပြိုင်ဘက်ဖြစ်သော တီမောအသင်းနှင့် တွေ့ဆုံခဲ့မှုတွင် မြန်မာယူ-၂၂ အသင်းသည် ထင်သလောက် အသာစီးမရယူနိုင်ခဲ့ဘဲ ပေးဂိုးတစ်ဂိုးကိုပါ ခွင့်ပြုပေးခဲ့ရပြီး ယင်းပေးဂိုးမှာလည်း အကြိမ်(၃၀)မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပွဲစဉ်များတွင် တီမောအသင်း ပထမဦးဆုံးရရှိခဲ့သော သွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

မြန်မာယူ-၂၂ အသင်းအတွက် ဂိုးများကို ပွဲချိန်(၁၀)မိနစ်တွင် အောင်ကောင်းမာန်၊ ပွဲချိန်(၃၅)မိနစ်တွင် ထက်ဖြိုးဝေ၊ ပွဲချိန်(၅၂)မိနစ်တွင် လှိုင်းဘိုဘိုတို့က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် မိနစ်(၄၀)တွင် တီမောအသင်း၏ တန်ပြန်တိုက်စစ်မှတဆင့် ခွင့်ပြုလိုက်ရခြင်းဖြစ်သည်။