အဆိုတော်စလင်းဒီယွန်က Billboard တေးအယ်လ်ဘမ်ရောင်းချရမှုစာရင်း၏ထိပ်ဆုံးနေရာသို့ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် တက်လှမ်း

အဆိုတော်စလင်းဒီယွန်က Billboard တေးအယ်လ်ဘမ်ရောင်းချရမှုစာရင်း၏ထိပ်ဆုံးနေရာသို့ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် တက်လှမ်း
Published 27 November 2019

နိုဝင်ဘာ ၁၅ ရက်တွင် ထွက်ရှိလာခဲ့ သော အဆိုတော်စလင်းဒီယွန်၏ Courage အယ်လ်ဘမ်သည် Billboard အရောင်းရဆုံး တေးအယ်လ်ဘမ်စာရင်းတွင် ထိပ်ဆုံး နေရာသို့ ရောက်ရှိလာခဲ့သည်။ ယင်းသည် ကနေဒါအဆိုတော် စလင်းဒီယွန်အတွက် ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် Billboard အယ်လ်ဘမ်စာရင်း၏ထိပ်ဆုံးသို့ တစ်ကျော့ ပြန်တက်လှမ်းလာမှုလည်း ဖြစ်သည်။

Courage အယ်လ်ဘမ်သည် Billboard စာရင်းတွင် ထိပ်ဆုံးနေရာ၌ ဖော်ပြခံရဖူးသော ဒီယွန်၏အယ်လ်ဘမ်များထဲတွင် ငါးခုမြောက်တေးအယ်လ်ဘမ်ဖြစ်ပြီး ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့သော ဒီယွန်၏ ပထမဦးဆုံး တေးအယ်လ်ဘမ် A New Day Has Come မှာလည်း Billboard အယ်လ်ဘမ်ရောင်းချရ မှုစာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ဖူးသည်။

ယင်းနောက်တွင် ဒီယွန်သည် ပြင်သစ် သီချင်းများနှင့်အင်္ဂလိပ်သီချင်းများရောပြွန်း ပါဝင်သည့် တေးသီချင်းအယ်လ်ဘမ်ရှစ်ခုထိ ထုတ်ခဲ့သော်လည်း ယင်းအချိန်က Billboard 200 စာရင်းတွင် Linkin Park အဖွဲ့၊ Alicia Keys နှင့် Eminem တို့ စိုးမိုးထားနေခြင်းကြောင့် ဒီယွန်၏တေးအယ်လ်ဘမ်များမှာ Billboard စာရင်း၏ထိပ်ဆုံးနေရာသို့ ရောက်ရှိမလာခဲ့ပေ။

Courage အယ်လ်ဘမ်တွင် အင်္ဂလိပ်ဘာသာစကားဖြင့်သီဆိုထားသော တေးသီချင်းများပါဝင်ပြီး ယင်းအယ်လ်ဘမ်ကို နားသောတဆင်သူ များပြားမလာသေးမီ ဒီယွန်သည် အယ်လ်ဘမ်အရောင်းသွက်စေရန် အတွက် အခြားသော တေးသီချင်းဇယား များထက်သို့ ၎င်း၏အယ်လ်ဘမ်ရောက်ရှိစေရေးကို အားထားနေရသည်။

လတ်တလောတွင် Courage အယ်လ်ဘမ်အချပ်ရေ ၁၀၉၀၀၀ ထိရောင်းချထား ပြီးဖြစ်ကာ ယင်းအယ်ဘ်ဘမ်ကို အွန်လိုင်းမှ တစ်ဆင့် နားဆင်သူ လေးသန်းရှိကြောင်း Nielsen အချက်အလက်စုဆောင်းရေး ကုမ္ပဏီက ထုတ်ပြန်ထားသည်။ ဒီယွန်သည် ၂၀၁၆ ခုနှစ်တွင် Encore un Soir အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပြီးနောက် သုံးနှစ်အကြာ တွင်မှ Courage အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ ခြင်းဖြစ်သည်။

Billboard တေးသီချင်းအယ်လ်ဘမ် ရောင်းချရမှုစာရင်းတွင် ဒီယွန်၏ Courage အယ်လ်ဘမ်နောက်မှ ကပ်လိုက်နေသည်မှာ ကနေဒါအဆိုတော် Tory Lanez ၏ Chixtape 5 အယ်လ်ဘမ်ဖြစ်ပြီး Post Malone ၏ Hollywood’s Bleeding တေး အယ်လ်ဘမ်မှာ စာရင်း၏နံပါတ်သုံးနေရာ တွင်လည်းကောင်း၊ တေလာဆွစ်၏ Lover အယ်လ်ဘမ်မှာ စာရင်း၏ နံပါတ်လေးနေရာ တွင်လည်းကောင်း၊ ကန်ထရီးအဆိုတော် LukeCombs ၏ What You See Is What You Get အယ်လ်ဘမ်မှာ စာရင်း၏နံပါတ် ငါးနေရာတွင်လည်းကောင်း အသီးသီးရပ် တည်လျက်ရှိသည်။

 

Most Read

Most Recent