ကျောက်ကပ်ရောဂါဝေဒနာ ခံစားနေရသည့် ဟာသသရုပ်ဆောင် ကစ်ကစ် ကွယ်လွန်

ကျောက်ကပ်ရောဂါဝေဒနာ ခံစားနေရသည့် ဟာသသရုပ်ဆောင် ကစ်ကစ် ကွယ်လွန်
Published 26 November 2019
လင်းလင်းခိုင်

ကျောက်ကပ်ရောဂါဝေဒနာ ခံစားနေရသည့် ဟာသသရုပ်ဆောင် ကစ်ကစ်သည် ယနေ့ (နိုဝင်ဘာ ၂၆ ရက်) နံနက်ပိုင်းတွင် ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ ဟာသသရုပ်ဆောင် ကစ်ကစ်မှာ ရောဂါဝေဒနာခံစားနေရသည်မှာ ကြာမြင့်ပြီဖြစ်ကာ သရုပ်ဆောင် ခင်သဇင် ဦးဆောင်သည့် စေတနာရှင်များ၊ အနုပညာရှင်များ စုပေါင်းကာ ဆေးကုသမှု ပြုပေးနေခြင်း ဖြစ်သည်။ ကျန်းမာရေးအခြေအနေ ဆိုးရွားလာခြင်းကြောင့် နိုဝင်ဘာ ၂၂ ရက်တွင် ဆေးရုံထပ်မံတင်ခဲ့ရာမှ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

“မကစ် ကွယ်လွန်သွားပါပြီ။ နံနက် ၁၀ နာရီ ၄၀ မှာပါ။ အတတ်နိုင်ဆုံး ကြိုးစားကုသပေးကြပေမယ့် ကျန်းမာရေးအခြေအနေက ဘယ်လိုမှမရဘဲ လက်လျှော့လိုက်ကြရတာပေါ့။ နာရေးအစီအစဉ်ကတော့ လောလောဆယ် စီစဉ်နေတုန်းပါ”ဟု သရုပ်ဆောင် ကစ်ကစ်အား တာဝန်ယူ ဆေးကုသပေးကာ ကူညီပေးလျက်ရှိသည့် သရုပ်ဆောင် ခင်သဇင် ကဆိုသည်။

ဟာသသရုပ်ဆောင် ကစ်ကစ်သည် ဟာသသရုပ်ဆောင် တစ်ဦးအဖြစ် အနုပညာလောကအတွင်း နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သူတစ်ဦးဖြစ်ပြီး ပရိသတ် ချစ်ခင်အားပေးမှု ရရှိထားသူလည်း ဖြစ်သည်။ ဆီးချိုရောဂါဝေဒနာ ခံစားလာရပြီးနောက် ကျောက်ကပ်ပျက်စီးမှုဝေဒနာကိုပါ ထပ်မံ ခံစားခဲ့ရကာ ကျောက်ကပ်ပုံမှန် ဆေးနိုင်ရန်အတွက် လိုအပ်သည့် အလှူငွေများအား လစဉ်ရရှိနိုင်ရန် သရုပ်ဆောင် ခင်သဇင်နှင့် စေတနာရှင်များက ပါဝင်လှူဒါန်းနေခြင်း ဖြစ်သည်။ ဟာသသရုပ်ဆောင် ကစ်ကစ်၏ နာရေးအစီအစဉ်ကိုမူ စီစဉ်နေဆဲဖြစ်ကာ ပရိသတ်များထံ ပြန်လည်အသိပေးသွားမည် ဖြစ်ကြောင်း သရုပ်ဆောင် ခင်သဇင်က ပြောကြားခဲ့သည်။

Most Read

Most Recent