ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်မရှိသော လုပ်ငန်းရှင်များကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ထောက်ခံချက် ထုတ်ပေးမည်မဟုတ်ကြောင်း ထုတ်ပြန်

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်မရှိသော လုပ်ငန်းရှင်များကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ထောက်ခံချက် ထုတ်ပေးမည်မဟုတ်ကြောင်း ထုတ်ပြန်
Published 20 November 2019
  နီလာ

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ဆိုင်ရာ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ် မရှိသောလုပ်ငန်းရှင်များကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းဆိုင်ရာ ထောက်ခံချက် ထုတ်ပေးမည်မဟုတ်ကြောင်း ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်လိုက်သည်။

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်များကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ လုပ်ငန်းရှင်များသို့ ထုတ်ပေးနိုင်ခဲ့ပြီး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လက်မှတ်များကို ၂၀၁၈ ခုနှစ် မတ်လမှ စတင်ထုတ်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ၊ ပုဒ်မ ၁၃ အရ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင်လိုသူသည် ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လုပ်ငန်းလိုင်စင် လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ပြည့်စုံပါက ပုဒ်မ ၁၄ အရ ဗဟိုကြီးကြပ်ရေးအဖွဲ့မှ လုပ်ငန်းလိုင်စင် ထုတ်ပေးမည်ဖြစ်သည်။ ပုဒ်မ ၂၀ အရ လုပ်ငန်းလိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လက်မှတ်ကို ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ပြီးပြည့်စုံပါက ပုဒ်မ ၂၁ အရ ဗဟိုကြီးကြပ်ရေးအဖွဲ့မှ မှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်သည်။

ထို့ပြင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး နည်းဥပဒေများ ၂၁ အရ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း လုပ်ကိုင်လိုသူလုပ်ငန်းရှင်များအနေဖြင့် ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ထောက်ခံချက်အား ရယူနိုင်ရန်အလို့ငှာ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းကို ဦးစွာပြုလုပ်ရမည်ဖြစ်သည်။

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဥပဒေပုဒ်မ ၇ ပါ ပြဌာန်းချက်များအရ  ဗဟိုဦးစီးအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၆)ဖြင့် ဗဟိုကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ယင်းသို့ဖွဲ့စည်းရန် ဆောင်ရွက်နေစဉ်အချိန်ကာလအတွင်း ဗဟိုကြီးကြပ်ရေးအဖွဲ့ကိုယ်စား စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနအနေဖြင့် လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းမရှိသေးသော လုပ်ငန်းရှင်များအား လုပ်ငန်းများအဆင်ပြေစေရန် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းတို့အတွက် ထောက်ခံချက်များကို ၂၀၁၆ ခုနှစ် မတ် ၂၄ ရက်မှစ၍ အခကြေးငွေကောက်ခံခြင်းမရှိဘဲ ထုတ်ပေးခဲ့သည်။

ဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဥ့ပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် ဧပြီ ၃၀ ရက်တွင်  ညွှန်ကြးချက်အမှတ် (၁/၂၀၁၈)ဖြင့် “ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားရန်” ညွှန်ကြားချက် ထုတ်ပြန်ခဲ့သော်လည်း လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားမှု အားနည်းနေသည်ကိုတွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။

သို့ဖြစ်၍ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်မရှိသော လုပ်ငန်းရှင်များအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းဆိုင်ရာ ထောက်ခံချက်များကို ထုတ်ပေးတော့မည်မဟုတ်ကြောင်း အသိပေးကြေညာထားသည်။                                          

 

Most Read

Most Recent