အမျိုးသား စာပေ ၅ ဆုရှင် သမိုင်းပညာရှင် ဆရာမကြီး စည်သူ ဒေါ်ကြန်၏ ဈာပနအခမ်းအနားကို ရေဝေးသုဿန်တွင် ပြုလုပ်

အမျိုးသား စာပေ ၅ ဆုရှင် သမိုင်းပညာရှင် ဆရာမကြီး စည်သူ ဒေါ်ကြန်၏ ဈာပနအခမ်းအနားကို ရေဝေးသုဿန်တွင် ပြုလုပ်
Published 20 November 2019
ပြည့်ဖြိုးအောင်

အမျိုးသား စာပေ ၅ ဆုရှင် သမိုင်းပညာရှင် ဆရာမကြီး စည်သူ ဒေါ်ကြန်၏ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီတွင် ရေဝေးသုဿန်တွင် ပြုလုပ်ခဲ့သည်။

ဆရာမကြီး၏ ဈာပနအခမ်းအနားသို့ သမိုင်းပညာရှင်များ၊ စာပေနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ စာ‌ပေအဖွဲ့အစည်းများ၊ တက္ကသိုလ် ဆရာ၊ဆရာမများ လာရောက်ခဲ့ကြသည်။

ဆရာမကြီး ကြွေလွှင့်သွားတဲ့အတွက် ကျွန်မတို့အနေနဲ့ မြန်မာပြည်အနေနဲ့ရော ကမ္ဘာအတွက်ရော တကယ်ဆုံးရှုံးပါတယ်။ ဘာကြောင့်ဆိုတော့ သူက သမိုင်းပညာရှင် ဖြစ်ရုံတင်မကဘဲ မြန်မာစာနဲ့ပတ်သက်ပြိးတော့ ပညာရှင်ဖြစ်တဲ့အပြင်ကို စာကြည့်တိုက်နဲ့ ပတ်သက်ပြီးတော့ သွယ်ဝိုက်သောအားဖြင့် စာကြည့်တိုက်အပေါ်မှာ အရမ်းကိုအသုံးပြုတဲ့အခါမှာ ပညာရှင်တွေအကုန်လုံးနဲ့ သိလာတယ်။ အကုန်လေ့လာခဲ့ပြီးတော့ ကျန်တဲ့‌သူတွေအပေါ်မှာ စေတနာအပြည့် ပညာလေ့လာဆည်းပူးသူတွေကို သူက စိတ်ရင်း‌စေတနာအပြည့်နဲ့ ပံ့ပိုးပေးတယ်။ပညာတွေကို ဖြန့်ဝေပေးတယ်။ အဲ့ဒါကြောင့်မို့လို့ မြန်မာပြည်တွင်မကပါဘူး ကမ္ဘာကပါ နစ်နာတယ်လို့ သတ်မှတ်ပါတယ်"ဟု တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ ဌာနမှူး ဒေါက်တာလှိုင်လှိုင်ကြီးက ပြောကြားသည်။

ဆရာမကြီး ဒေါ်ကြန်သည် အသက် ၁၀၂ ရှိပြီဖြစ်ပြီး ၂၀၁၉ နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီတွင် နေအိမ်၌ ကွယ်လွန်ခဲ့သည်။

ဆရာမကြီး ဒေါ်ကြန် ကို ၁၉၁၈ ခုနှစ်၊ ဇူလိုင် ၁ ရက် တွင် ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့၌ အဘ ဦးကျော်ထွန်း + အမိ ဒေါ်ငွေနှစ်တို့က မွေးဖွားခဲ့သည်။

ဆရာမကြီး တာဝန်ထမ်းဆောင်မှုများအနေဖြင့် ၁၉၃၅ ခုနှစ်တွင် သံတွဲမြို့ အစိုးရဟိုက်စကူးကျောင်းမှ ဟိုက်စကူးဖိုင်နယ်ခေါ် ဆယ်တန်းကို (က) အဆင့်မှ အောင်မြင်ခဲ့ပြီး ထိုကျောင်း၌ပင် အလယ်တန်းဆရာမအဖြစ် ခေတ္တဝင်ရောက် ဆောင်ရွက်ခဲ့သည်။ ရခိုင်ပြည်နယ်၊ စာတိုက်ဌာန (သံတွဲနှင့် စစ်တွေမြို့)တွင် အထက်တန်းစာရေးအဖြစ် အမှုထမ်းဆောင်ခဲ့သည်။

၁၉၅၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် တက်ရောက်ပြီး ပညာဆက်လက် ဆည်းပူးခဲ့ရာ ၁၉၅၄ ခုနှစ်တွင် အထူးတန်း အခွင့်အရေး ရရှိသဖြင့် ရန်ကုန်တက္ကသိုလ်၏ ဝိဇ္ဇာ (ဘီအေ) ဘွဲ့ကို သုံးနှစ်အတွင်း အောင်မြင်ရရှိခဲ့သည်။

၁၉၅၆ ခုနှစ်တွင် မြန်မာသမိုင်း ကော်မရှင် (ယခု သမိုင်းသုတေသနဌာန) တွင် ကျမ်းပြုအရာရှိရာထူးဖြင့် စတင်ထမ်းဆောင်ခဲ့ပြီး ၁၉၅၉ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ (သမိုင်းအထူးပြု) ရရှိအောင်မြင်ကာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် နည်းပြဆရာမအဖြစ် ၂ နှစ် ထမ်းဆောင်ခဲ့သည်။

၁၉၅၇ နှင့် ၁၉၅၉ ခုနှစ် နှစ်များတွင် မြန်မာ့သမိုင်းအထောက်အထားများ ကူးယူစုဆောင်းရေး စီမံကိန်းအရ အင်္ဂလန်နိုင်ငံသို့ သွားရောက်အမှုထမ်း လေ့လာနိုင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် သမိုင်းသုတေသနဌာနတွင် အကြီးတန်း သုတေသနရာထူးကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် Cultural Award Scheme ဖြင့် ဩစတြေးလျနိုင်ငံရှိ မြို့ကြီးများသို့ သွားရောက်လေ့လာခဲ့သည်။

၁၉၇၈ ခုနှစ်တွင် သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခဲ့ပြီး သမိုင်းသုတေသနဌာနတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ၄ နှစ်မျှ ဆက်လက်ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ အမှတ် (၁) စက်မှုဝန်ကြီးဌာနတွင် “ မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်း အတွဲများ ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် အကြံပေးပညာရှင် (ပုဂ္ဂိုလ်) အဖြစ် ပါဝင်ရေးသားပြုစု ထမ်းဆောင်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ မြန်မာစာအဖွဲ့ဝင် အချိန်ပြည့် တာဝန်အဖြစ် ယနေ့အထိ ပါဝင်ထမ်းဆောင်လျက်ရှိသည်။ ၁၉၉၃ ခုနှစ်တွင် အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။

၂၀၁၈ခုနှစ်တွင် ဇူလိုင်ရ ရက်တွင် ဆရာမကြီး၏ ရာပြည့်မွေးနေ့အခမ်းအနားကို စာပေဗိမာန်တွင် ပြုလုပ်ခဲ့ပြီး ဆရာမကြီး၏ အသက် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရာပြည့်သမိုင်းဒေဝီ စာအုပ်ကို ထုတ်ဝေခဲ့သည်။

ဆရာမကြီး ဒေါ်ကြန်၏ စာပေဆုများမှာ သမိုင်းသုတေသန စာတမ်းများနှင့် ဆောင်းပါးများ၊ စာအုပ်များစွာကို ရေးသား၊ စီစဉ်ပြုစု၊ တည်းဖြတ်ခဲ့ခြင်းများကြောင့် ၁၉၇၈ ခုနှစ်တွင် မြန်မာနိုင်ငံအခြေအနေ (၁၈၈၅-၈၆) စာအုပ်ဖြင့် အမျိုးသားစာပေ (သုတဝိဇ္ဇာ) ဆု၊ ၂ဝဝ၂ ခုနှစ်တွင် သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ စာအုပ်ဖြင့် အမျိုးသားစာပေ (သုတဝိဇ္ဇာ) ဆု၊ ၂ဝဝ၃ ခုနှစ်တွင် မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး (၁၈၈၆-၉၇) စာအုပ်ဖြင့် အမျိုးသားစာပေ (သုတဝိဇ္ဇာ) ဆု၊ ၂ဝဝ၄ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ တစ်သက်တာ စာပေဆု၊ ၂ဝဝ၅ ခုနှစ်တွင် ကိုလိုနီခေတ်ဦး ကျေးရွာအုပ်ချုပ်ရေး (၁၈၈၆-၉၇) စာအုပ်ဖြင့် အမျိုးသားစာပေ (သုတဝိဇ္ဇာ) ဆု၊ ၂ဝဝ၆ ခုနှစ်တွင် ဝိဇ္ဇာပညာ ထူးချွန်ဆု (ပထမဆင့်)၊ ၂ဝဝရ ခုနှစ်တွင် ၂ဝဝ၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ Selected Writing of Daw Kyan (Bilingual) စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု၊ ၂ဝဝ၃၊ ၂ဝဝ၅၊ ၂ဝဝရ ခုနှစ်များတွင် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားများ၌ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်မှ ချီးမြှင့်သော ထူးချွန်အမျိုးသမီးဆုများ၊ ၂ဝဝ၉ ခုနှစ်တွင် ကုန်းဘောင်ခတ် အခွန်တော်ရေးရာစာအုပ်ဖြင့် အမျိုးသားစာပေဆု၊ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတကြီးထံမှ စည်သူဘွဲ့တံဆိပ်များကို ရရှိခဲ့ကြောင်း သိရသည်။